DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကော်မတီများ အချိန်ယူဖွဲ့စည်းနေဟု လွှတ်တော်နာယက ပြော
DVB
·
February 11, 2016
လွှတ်တော်ကော်မတီများ အချိန်ယူဖွဲ့စည်းနေဟု လွှတ်တော်နာယက ပြော
Donate to DVB

လွှတ်တော်ကော်မတီတွေ ဖွဲ့စည်းတဲ့နေရာမှာ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီး ဒေသစုံက လူမျိုးစုံပါဝင်နိုင်အောင် အချိန်ယူဖွဲ့စည်းနေတယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ပြောပါတယ်။

လွှတ်တော်တွေကို တနေ့ နာရီဝက်လောက်ပဲ ကျင်းပပြီး ကော်မတီတွေကို နှစ်ရက်သုံးရက် အချိန်ယူပြီး ဖွဲ့နေတဲ့အပေါ် လွှတ်တော်နာယကဖြစ်သူထံ ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ကျနော်တို့က အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ အခါကျတော့ ကော်မတီတွေမှာ လူမျိုးစုံ၊ ပါတီစုံ၊ ဒေသစုံ ပါဝင်စေချင်တာကိုး၊ ပါစေချင်တော့ နည်းနည်းလေး အချိန်ယူပြီး ဖွဲ့တာပါ။ တခြား ဘာမှတော့ မဟုတ်ပါဘူး။”

ပထမအကြိမ်နဲ့ ဒုတိယအကြိမ် လွှတ်တော်နှစ်ခုစလုံး တက်ရောက်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ ပထမအကြိမ်တုန်းကလည်း ခုလိုပဲ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

“ပထမတကြိမ်လည်း အဲ့ဒီလို ဖြစ်ခဲ့ပါတယ်။ ၁၅ မိနစ် လွှတ်တော်ဆိုပြီးတော့လေ။ သမ္မတရွေးနိုင်တဲ့အချိန်ထိ လွှတ်တော်လုပ်ငန်းမှာ လုပ်စရာ သိပ်မရှိဘူး။ အဲ့ဒါကြောင့် ဒီလိုပဲ အချိန်မျှင်းပြီးတော့ လွှတ်တော်မရပ်နားထားဘဲ သွားနေတယ်လို့ မြင်တယ်။ ဖြစ်ချင်တာ ကတော့ မြန်မြန်ထက်ထက်လေး လုပ်စရာရှိတာ လုပ်ပြီးတော့ လွှတ်တော်ကို ရပ်နား လိုက်ရင် ပိုကောင်းမယ်။”

အစိုးရအဖွဲ့ တာဝန်လွှဲပြောင်းဖို့ လုပ်နေချိန်ဖြစ်လို့ လွှတ်တော်လုပ်ငန်းတွေဖြစ်တဲ့ ဥပဒေပြုတာ၊ အဆိုတင်တာ မေးခွန်းမေးတာတွေလည်း လုပ်လို့မရဘူး ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်ကတော့ လွှတ်တော်ကို မောင်းနှင်နေတဲ့ အကြီးအမှူးတွေပေါ် မူတည်တယ်လို့ ပြောပါတယ်။

“သဘောကတော့ လွှတ်တော်က မေးခွန်း မေးမြန်းခြင်း၊ အဆို တင်သွင်းခြင်း၊ ဥပဒေကြမ်းကတော့ ထားပါတော့။ အဲ့ဒါတွေ တပြိုင်တည်း လုပ်လို့ရတာ ရှိပါတယ်။ အဲ့ဒါတွေကတော့ လွှတ်တော်အကြီးအမှူးတွေနဲ့ လွှတ်တော်ကို မောင်းနှင်နေတဲ့သူတွေရဲ့ အစီအစဉ်ပဲပေါ့။”

ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့တဲ့ လွှတ်တော်အရပ်ရပ်အတွင်း ဒီနေ့ထိ အမြဲတမ်းကော်မတီ ၄ ခုနဲ့ ကော်မရှင် ၁ ခု ဖွဲ့စည်းပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013