
ထိုင်းနိုင်ငံရောက် လာအို၊ မြန်မာနဲ့ ဗီယက်နမ် ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ဒီကနေ့ စက်တင်ဘာ ၈ ရက်ကစပြီး အလုပ်သမားမှတ်ပုံတင်ကတ်တွေ သက်တမ်းတိုးနိုင်ပြီလို့ ထိုင်းအလုပ်သမား စီမံခန့်ခွဲရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက် ထိုင်းအစိုးရဝန်ကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်အရ လာအို၊ မြန်မာနဲ့ ဗီယက်နမ် ၃ နိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်လုပ်ခွင့်မှတ်ပုံတင်ကတ် (ဝေါ့ခ်ပါမစ်) သက်တမ်းတိုးကိစ္စတွေကို ၂၀၂၆ စက်တင်ဘာ ၈ ရက် ဒီကနေ့ကစပြီး ဆောင်ရွက်သွားမယ်လို့ ထိုင်းအလုပ်သမားစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းဆမတ် ပထမဆူခွန်း က ပြောပါတယ်။
ဒါဟာ အလုပ်သမားရှားပါးမှု ပြဿနာကို သက်သာစေဖို့နဲ့ အလုပ်ရှင်တွေရဲ့ လုပ်ငန်းစဉ်တွေကို အဆက်မပြတ် ပံ့ပိုးပေးဖို့၊ နိုင်ငံ့စီးပွားရေး တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ဖြစ်တယ်၊ ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ အလုပ်လုပ်ခွင့်ရထားတဲ့ လာအို၊ မြန်မာနဲ့ ဗီယက်နမ် အလုပ်သမားတွေကို လာမဲ့ ၂၀၂၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်အထိ နောက်ထပ်တနှစ် သက်တမ်းတိုးပေးမယ်လို့ ဆိုပါတယ်။
ရွှေ့ပြောင်းလုပ်သား ဒါမှမဟုတ် ကိုယ်စားလှယ်လွှဲထားသူတွေအနေနဲ့ https://eworkpermit.doe.go.th အွန်လိုင်းကတဆင့် လိုအပ်တဲ့ အထောက်အထားတွေနဲ့အတူ လျှောက်လွှာတင်သွင်းနိုင်ပါတယ်။
လျှောက်လွှာတင်တာနဲ့ ကျသင့်ငွေပေးသွင်းတာကို ၂၀၂၆ ဒီဇင်ဘာ ၁၁ ရက်အထိ ဆောင်ရွက်နိုင်ပြီး နောက်ဆုံးရက်မှာ လျှောက်လွှာကို ညနေ ၄ နာရီခွဲထိ၊ ငွေသွင်းတာကို ည ၈ နာရီထိ ဆောင်ရွက်နိုင်တယ်၊ ကျသင့်ငွေမှာ လျှောက်လွှာတစောင်ကို ဘတ် ၁၀၀ နဲ့ အလုပ်သမားကတ် တစောင်ကို ဘတ် ၉၀၀ သတ်မှတ်ထားပါတယ်။
လုပ်ငန်းစဉ် မှန်ကန်၊ မြန်ဆန်၊ လွယ်ကူစေဖို့ အောက်ပါစာရွက်စာတမ်း အထောက်အထားတွေ ကြိုတင်ပြင်ဆင်ထားသင့်တယ်၊ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ဒါမှမဟုတ် နိုင်ငံကူးလက်မှတ် အစားထိုး စာရွက်စာတမ်း၊ နိုင်ငံကူးလက်မှတ် မရှိသေးက နောက်ပိုင်း ထပ်မံပူးတွဲတင်ပြနိုင်တယ်၊ အစိုးရဆေးရုံ ဒါမှမဟုတ် အလုပ်သမားရုံးနဲ့ ချိတ်ဆက်ထားတဲ့ ဆေးရုံက ကျန်းမာရေး ဆေးစစ်ချက် ထောက်ခံစာ၊ လူမှုဖူလှုံရေး (ပကန်ဆန်ခုံး) အာမခံ သို့မဟုတ် ကျန်းမာရေးအာမခံ အထောက်အထား စတာတွေ လိုအပ်ပါတယ်။
ကာယကံရှင် အလုပ်သမားကိုယ်တိုင် မလျှောက်ထားနိုင်ပါက အလုပ်ရှင် ဒါမှမဟုတ် အလုပ်သမား တင်သွင်းတဲ့ အေဂျင်စီ၊ ကုမ္ပဏီတွေက ကိုယ်စားလှယ်လွှဲစာ တံဆိပ်ခေါင်းကပ်ပြီး ဆောင်ရွက်ပေးနိုင်တယ်လို့ ဆိုပါတယ်။
အလုပ်ရှင်၊ အလုပ်သမားတွေအနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အမြန်ဆုံးပြင်ဆင်ပြီး သတ်မှတ်ထားတဲ့ ကာလအတွင်း လျှောက်ထားဖို့ တိုက်တွန်းကြောင်း၊ ဒါမှသာလျှင် အလုပ်ရှင်နဲ့ အလုပ်သမားတွေအတွက် လုပ်ငန်းစဉ် လွယ်ကူမြန်ဆန်စွာနဲ့ တရားဝင်အလုပ်လုပ်ခွင့် အတည်ပြုချက်တွေ ရရှိမယ်လို့ ညွှန်ကြားရေးမှူးချုပ် နိုင်းဆမတ် ပထမဆူခွန်းက ပြောပါတယ်။
နောက်ထပ် မေးမြန်းစုံစမ်းလိုပါက ဘန်ကောက် နယ်မြေ ၁ မှ ၁၀ ထိ အလုပ်သမား ရှာဖွေရေးရုံးနဲ့ ခရိုင်အလုပ်သမားရုံးအသီးသီး၊ ဒါမှမဟုတ် အလုပ်အကိုင် ရှာဖွေခန့်ထားရေး ဦးစီးဌာန အရေးပေါ်ဖုန်းလိုင်း ၁၅၀၆၊ လိုင်းခွဲ ၂ ကို ဆက်သွယ် စုံစမ်းနိုင်တယ်လို့ ဆိုပါတယ်။
Source: ထိုင်းအလုပ်သမားစီမံခန့်ခွဲရေး ဦးစီးဌာန











