DVB Logo
Home
Lead Story
မွန်၊ ကချင်၊ မကွေး၊ ဧရာဝတီ လွှတ်တော်အကြီးအကဲများ၏ ပြောကြားချက်
DVB
·
February 10, 2016
မွန်၊ ကချင်၊ မကွေး၊ ဧရာဝတီ လွှတ်တော်အကြီးအကဲများ၏ ပြောကြားချက်
1 / 4
Donate to DVB

မွန်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၃၁ ဦးရှိပြီး အန်အယ်လ်ဒီကိုယ်စားလှယ်က တိုင်းရင်းသားဝန်ကြီး ၃ ဦးအပါအ၀င် ၁၉ ဦးရှိပါတယ်။ တပ်ကိုယ်စားလှယ်က ၈ ဦးနဲ့ တခြား မွန်ပါတီက ကိုယ်စားလှယ်တချို့ ပါဝင်ပါတယ်။

ပြည်နယ်လွှတ်တော်ကို ဖေဖော်ဝါရီ ၈ ရက်မှာ စတင်ခဲ့ပြီး လတ်တလောမှာ လွှတ်တော်ရုံးဝန်ထမ်းတွေနဲ့ လွှတ်တော်လုပ်ငန်းတွေ လေ့လာဆန်းစစ်နေပါတယ်။

ပြည်နယ်တိုင်းလွှတ်တော်အသီးသီးအနက် အမျိုးသမီးလွှတ်တော်ဥက္ကဋ္ဌ တဦးအနေနဲ့ ထူးထူးခြားခြား ထွက်ပေါ်ခဲ့တဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ဒေသခံလူထုနဲ့ ထိတွေ့ပြီး ဥပဒေပြုမယ်လို့ ပြောပါတယ်။

ဒေါ်တင်အိ (မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ)

[caption id="attachment_134839" align="aligncenter" width="725"]ဒေါ်တင်အိ ဒေါ်တင်အိ[/caption]

“အန်တီက စာအိတ်ကို ဖွင့်ဖောက်ပြီးတော့ တာဝန်ရှိလာတာကို မြင်တွေ့တာနဲ့ အန်တီစဉ်စားတယ်၊ လွှတ်တော်ဆိုတာ ဥပဒေပြုရမယ်၊ ငါက တာဝန်ရှိလာပြီ၊ တာဝန်ကလည်း ကြီးပါတယ်၊ ငါ အများကြီး ကြိုးစားရဦးမယ်၊ အဲ့ဒီတော့ ဥပဒေပြုတဲ့နေရာမှာလည်း ဒေသခံတွေနဲ့ ထိတွေ့ရမယ်၊ သူတို့ လိုအပ်ချက်တွေကို ကြည့်ရမယ်၊ သူတို့ကို အကာအကွယ်ပေးမယ့် ဥပဒေမျိုး ပြုရမယ်၊ စိုးရိမ်ကြောင့်ကြမှုကင်းစွာနဲ့ လုံခြုံမှုရှိစွာနဲ့ သူတို့ နေနိုင်အောင် အကာအကွယ်ပေးမယ့် ဥပဒေမျိုးပဲ ပြဋ္ဌာန်းရမယ်လို့ စိတ်ကူးထားပါတယ်။ အန်တီက အမျိုးသမီးဖြစ်နေတဲ့အတွက် ပိုပိုပြီး ကြိုးစားဆောင်ရွက်မယ်။ လက်ရှိ မွန်ပြည်နယ် အနေအထားအရ မြေယာသိမ်းတဲ့ကိစ္စတွေ ရှိတယ်။ မွန်ပြည်နယ်လွှတ်တော်ဂုဏ်သိက္ခာ အရင်ကထက်ပိုမြင့်မားအောင် ဖြစ်စေချင်တယ်၊ လွှတ်တော်ကိုယ်စားလှယ် တဦးချင်း တဦးချင်းစီရဲ့ ပြောဆိုဆက်ဆံနေထိုင်တာ အားလုံးကို မြင့်မားစေချင်ပါတယ်၊ အဲ့ဒီလိုမျိုး ကိုယ်စားလှယ်တိုင်းကို တိုက်တွန်းပြီးတော့ အန်တီ လက်တွဲဆောင်ရွက်သွားမှာ။”

(မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိဟာ မွန်ပြည်နယ်၊ မုဒုံဇာတိဖြစ်ပြီး လတ်တလော ရေးမြို့မှာ နေထိုင်ပါတယ်။ ရေးကပဲ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီး လွှတ်တော်ဥက္ကဋ္ဌတာဝန် ပေးခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ အထက်တန်းရှေ့နေအဖြစ် ၁၉၇၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ လုပ်ဆောင်ခဲ့ဖူးပြီး သူ့အသက် ၇၀ မှာ လွှတ်တော်ဥက္ကဋ္ဌတာဝန် ပေးခံရတာ ဖြစ်ပါတယ်။)

 ဦးထွန်းတင် (ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ)

ကချင်ပြည်နယ်လွှတ်တော်ကို လာမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ ပြန်လည်စတင်မှာဖြစ်ပြီး ဒီကြားထဲမှာတော့ လွှတ်တော်ရေးရာကော်မတီဖွဲ့စည်းဖို့ ညှိနှိုင်းတိုင်ပင်နေတယ်လို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က ပြောပါတယ်။

ကချင်ပြည်နယ်လွှတ်တော်ကို ကိုယ်စားလှယ် ၅၃ ဦးနဲ့ ဖွဲ့စည်းထားပြီး အန်အယ်လ်ဒီ ကိုယ်စားလှယ်က ၂၆ ဦးနဲ့ အများစု ဖြစ်ပါတယ်။

[caption id="attachment_134838" align="aligncenter" width="737"]ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုဥက္ကဋ္ဌ ကျမ်းသစ္စာကျိန်ဆိုနေစဉ်။ ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုဥက္ကဋ္ဌ ကျမ်းသစ္စာကျိန်ဆိုနေစဉ်။[/caption]

ကချင်၊ ဗန်းမော်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေသခံလူထုက ရွေးခဲ့ပြီး ပါတီက လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်ပေးခံရတဲ့ ဦးထွန်းတင်ဟာ အသက် ၇၀ ရှိပြီဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို အောင်အောင်မြင်လုပ်နိုင်မယ်လို့ ယုံကြည်ထားသူလည်း ဖြစ်ပါတယ်။

“ပြည်နယ်နဲ့ပတ်သက်လို့ကတော့ အဓိက ငြိမ်းချမ်းရေးပေါ့ဗျာ၊ ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ရမှာပေါ့။ ဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင် လူမျိုးစု အားလုံးနဲ့ ညှိနှိုင်းလုပ်ကိုင် ဆောင်ရွက်ရမှာပေါ့။ ဖားကန့်ကိစ္စလည်း ခေါင်းထဲမှာ အားလုံးထည့်ထားပါတယ်၊ ဖားကန့်ကိစ္စကို လောလောဆယ်ဖြေရှင်းဖို့ စီစဉ်နေတာပေါ့လေ။ ပြည်နယ်လွှတ်တော်အသက်ဝင်လာအောင် လုပ်နိုင်ကိုင်နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ကျနော်တို့လူတွေကို ကျနော် လုံးဝ ယုံကြည်ပါတယ်၊ ဒီနေ့ပဲ ကျနော် တပ်မတော်အဖွဲ့ကို သတ်သတ် ကျနော့်ရုံးခန်းကို ဖိတ်ပြီးတော့ ညှိနှိုင်းပါတယ်၊ တပ်မတော်နဲ့ ပြည်သူနဲ့က တခြားစီ မဟုတ်ဘူး၊ တသားတည်း ဖြစ်တယ်ဆိုတဲ့ ပုံစံဖြစ်အောင် ကျနော် ကြိုးစား လုပ်ဆောင်နေပါတယ်။ သူတို့လည်း လက်ခံနိုင်တဲ့ အနေအထားမျိုး ရှိတယ်။”

ဦးအောင်ကျော်ခိုင် (ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ)

အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ဟာ အင်္ဂလိပ်အစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့ မြေးတဦးဖြစ်ပါတယ်။

[caption id="attachment_134837" align="aligncenter" width="695"]12697230_829092887200224_557440491724552277_o ဦးအောင်ကျော်ခိုင်[/caption]

ဥပဒေဘွဲ့ရထားသူဖြစ်ပြီး လတ်တလော ဧရာဝတီလွှတ်တော်မှာ အရေးကြီးတဲ့ ကော်မတီ ၃ ရပ် ဖွဲ့နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ဒီဗီဘီကို ပြောပါတယ်။

“အဓိက ကော်မတီ ၃ ရပ်ဖွဲ့ဖို့ ညှိနှိုင်း တိုင်ပင်နေတယ်၊ တပ်မတော်သားကိုယ်စားလှယ်တွေလည်း ပါနိုင်အောင်ပေါ့။ မနက်ဖြန် လွှတ်တော်မှာ အဆိုပြုမယ်၊ တင်မယ်ပေါ့။ ဥပဒေပြုရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီရယ်။ ဧရာဝတိတိုင်းက လူဦးရေလည်း စိတ်တယ်၊ အရေးတွေကတော့ အများကြီးပဲဗျ။ လယ်ယာကိစ္စတွေရော ငါး ဥပဒေ၊ အင်းကိစ္စတွေ၊ ဥပဒေနဲ့ ပတ်သက်လို့ သိပ် ထိတွေ့မှု မရှိတဲ့အပိုင်း ပါပါတယ်၊ ဒါပေမယ့် ကျနော်တို့ထဲမှာ ဥပဒေနဲ့ ပတ်သက်လို့ ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်တဲ့သူ ၆ ယောက်လောက်ပါပါတယ်ဗျ။ နောက် ပေါ်ပေါက်လာမယ့် တရားသူကြီးချုပ်တို့၊ ရှေ့နေချုပ်တို့ သူတို့ရဲ့ အကြံဉာဏ်တွေလည်း ယူရမှာပါပဲ၊ ကျနော်ကိုယ်တိုင်လည်း ပြန်လေ့လာရမှာတွေ အများကြီးပဲလေ။”

ဧရာဝတီတိုင်းလွှတ်တော်မှာ ကိုယ်စားလှယ်ပေါင်း ၇၄ ယောက် ရှိပြီး အန်အယ်လ်ဒီက ၄၉ ဦးနဲ့ ကိုယ်စားလှယ်အများစု ဖြစ်ပါတယ်။ တိုင်းလွှတ်တော်ထဲ အန်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး စတဲ့ ပါတီ ၂ ခုက  ကိုယ်စားလှယ်တွေနဲ့ ခွဲတမ်းကျ တပ်ကိုယ်စားလှယ်က ၁၈ ဦး ပါဝင်ပါတယ်။

ဦးတာ (မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ)

မြေလတ်ပိုင်းက မကွေးတိုင်းလွှတ်တော်ကတော့  အန်အယ်လ်ဒီနဲ့ တပ်ကိုယ်စားလှယ်တွေပဲ ရှိတဲ့ လွှတ်တော်တခုဖြစ်ပါတယ်။

[caption id="attachment_134836" align="aligncenter" width="720"]12670416_541364822706055_1661507651212000131_n ဦးတာ[/caption]

မကွေးလွှတ်တော်ဥက္ကဋ္ဌ ဦးတာက သူ အရွေးခံရတဲ့ မကွေးတိုင်း၊ စလင်းမြို့ဇာတိ ဖြစ်ပြီး အသက် ၆၈ နှစ်ရှိပြီ ဖြစ်ပါတယ်။ သူဟာ ၁၉၈၈ ခုနှစ် အဖွဲ့ချုပ်စတင်ဖွဲ့ကတည်းက တောက်လျှောက်ပါလာခဲ့သူတယောက်ဖြစ်ပြီး ပါတီတာဝန်ကို စိုက်လိုက်မတ်တပ်ထမ်းဆောင်ခဲ့သူမို့ သူ့ကို လွှတ်တော်ဥက္ကဋ္ဌ တာဝန်ပေးတာလို့ ယုံကြည်ထားသူလည်း ဖြစ်ပါတယ်။

“၈၈ ပါတီဖွဲ့ကတည်းက ကျနော် လုပ်လာတာဗျ။ ပြီးတော့ ၁၉၉၀ တုန်းကလည်း ရွေးကောက်ခံ ကိုယ်စားလှယ်ဗျ၊ ပါတီနဲ့ ကင်းကွာတာ မရှိဘဲနဲ့ တောက်လျှောက်လုပ်လာတယ်။ နောက်ပြီးတော့ ၂၀၁၃ မှာလည်း ကျနော်က တိုင်း ပါတီဗဟိုကော်မတီဝင်ဗျ၊ အဲ့ဒါကြောင့်လည်း ပါမယ်။ နောက်တခုက ကျနော်ရဲ့ ပညာဂုဏ်၊ သမာဓိဂုဏ်လည်း ပါမှာပေါ့ဗျာ။ ဒီဟာကျတော့ ကိုယ်ရည်သွေးရာ ကျပါတယ်၊ ကျနော့် ဒုဥက္ကဋ္ဌကလည်း ဥပဒေကို ဂုဏ်ထူးနဲ့ ပြီးထားတာ၊ ကျနော်တို့ နှစ်ယောက်ပေါင်းပြီး လုပ်နိုင်မှာပါ။ ကျနော်တို့ကို ပြည်သူအစစ်အမှန်က ရွေးချယ်ထားတာမို့ ပြည်သူ့ဆန္ဒက ရပြီးသားဖြစ်တယ်၊ ဒေသန္တရ စီမံကိန်းတွေဖြစ်တဲ့ စည်ပင်လိုဟာမျိုးတွေ ဥပဒေပြဋ္ဌာန်းမယ်၊ ယစ်မျိုးနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းမယ်၊ နောက် အခွန်အကောက်ဆိုင်ရာ ကိစ္စ အဲ့ဒီ ၃ ချက်ကို အဓိကထားပြီး ဥပဒေပြဋ္ဌာန်းမှာပဲ။”

မကွေးလွှတ်တော်မှာ ကိုယ်စားလှယ်ပေါင်း ၆၈ ဦးရှိပြီး အန်အယ်လ်ဒီက ၅၁ ဦးနဲ့ တပ်ကိုယ်စားလှယ် ၁၇ ဦး ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013