DVB Logo
Home
မြန်မာသတင်း
တပ်မတော်လေယာဉ် ပျက်ကျမှုကြောင့် ၄ ဦး သေဆုံး
DVB
·
February 10, 2016
တပ်မတော်လေယာဉ် ပျက်ကျမှုကြောင့် ၄ ဦး သေဆုံး
Donate to DVB

နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း တပ်မတော်လေယာဉ်တစင်း ပျက်ကျမှုမှာ တပ်မတော်အရာရှိ ၃ ဦး အပါအ၀င် ၄ ဦး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက် မနက် ၉ နာရီ ၄၁ မိနစ်အချိန်က တပ်မတော်လေယာဉ် B 1900 ဟာ နေပြေည်တော်လေယာဉ်ကွင်းကနေ စတက်ပြီး မကြာမီ လယ်ဝေးမြို့နယ် ရွှေပြည်သာ ကျေးရွာအုပ်စု၊ ကြံခင်းကျေးရွာ တောင်ဘက် မတ်ပဲစိုက်ခင်းအတွင်း ပျက်ကျခဲ့ပြီး မီးလောင် ကျွမ်းသွားခဲ့လို့ သေဆုံးခဲ့ကြတာပါ။

လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဒုတပ်ကြပ် ၂ ဦး အနက် ဒုတပ်ကြပ်တဦးသာ အသက်ရှင်လျက်တွေ့ရရှိရပြီး ကျန် ၄ ဦးမှာ အခင်းဖြစ်ပွား နေရာမှာ သေဆုံးသွားပါတယ်။

အသက်ရှင်ကျန်ရစ်သူ ဒုတပ်ကြပ်ကို တပ်မတော်စစ်ဆေးရုံ ပို့ဆောင်ကုသပေးထားပြီး မီးလောင်နေတဲ့ လေယာဉ်ကို မီးသတ်ယာဉ် ၃ စီးနဲ့ မီးငြှိမ်းသတ်ခဲ့တယ်လို့ နေပြည်တော် ပြန်/ဆက်က သတင်းထုတ်ပြန်ပါတယ်။

လေယာဉ်ပျက်ကျတာ မြင်လိုက်ရတဲ့ လယ်ဝေးမြို့နယ်၊ သဲကောလေးရွာက လယ်လုပ်သား ကိုဝေလင်းထွန်းက လေယာဉ်ပျံက ပက်လက်လန်ပြီး ပျက်ကျသွားတာလို့ ပြောပါတယ်။

“လေယာဉ်က ကွင်းထဲက ထွက်လာပြီး ကြံခင်းရွာထိပ်ပေါ်မယ် ပက်လက်လန်ပြီးတော့ အဲ့ဒီကနေ ပျက်ကျသွားတာပဲ။ အပေါ်ပျံတက်လာကတည်းက လှမ်းမြင်လိုက်တာ၊ ကွင်းထဲက မီးတောက်မြင်တော့ ပြေးကြည့်တာပဲ၊ ခေါင်းပိုင်းက ကျနော်တို့ရောက်တော့ လောင်နေပြီ၊ ကိုယ်လုံးကတော့ မလောင်သေးဘူး၊ နောက်ကျတော့ မီးသတ်ကားလည်း ၀င်လို့မရတော့ ဆေးဘူးတွေနဲ့ ဖျန်းကြတာပဲ။ ဒါပေမယ့် မနိုင်ဘူး၊ အမြီးလေး ကျန်ကာနီးတော့ မီးသတ်ကားတွေ ၀င်လို့ ရသွားတယ်၊ တစီးလုံး ကုန်တာပဲ။ နောက်ဆုံးကျတော့ အပိုင်းသေးသေးလေးပဲ ကျန်တယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ BEECH-1900 D အမျိုးအစား အလတ်စားသယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ ဒီနေ့မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ ပုံမှန် Flight Check ဆောင်ရွက်ဖို့ နေပြည်တော်လေဆိပ်မှအတက် လေထဲမှာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။

နေပြည်တော်လေဆိပ် လေယာဉ်ပြေးလမ်းရဲ့ မြောက်ဘက်ထိပ်မှ ပေ ၂၀၀၀ ခန့်အကွာမှာ  ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ် လိုက်ပါလာတဲ့  လေသူရဲ ဗိုလ်မှူး အောင်ကျော်မိုး၊ တွဲဖက်လေသူရဲမှူးတွေဖြစ်တဲ့ ဗိုလ်ကြီး ထင်ကျော်စိုးနဲ့ ဗိုလ်ကြီးအောင်ပိုင်စိုး၊ လေယာဉ်အဖွဲ့သားဖြစ်သူ အုပ်ခွဲတပ်ကြပ်ကြီး ကျော်ဌေးတို့ သေဆုံးခဲ့ပြီး ကျန်လေယာဉ်အဖွဲ့သား ဒုတိယတပ်ကြပ် လှဝင်းထွန်းကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကာချုပ်ရုံးသတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013