DVB Logo
Home
Lead Story
လွှတ်တော်သစ်တွေရဲ့ စွမ်းဆောင်ရည်အလားအလာနဲ့ ပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ အပြောင်းအလဲ
DVB
·
February 10, 2016
လွှတ်တော်သစ်တွေရဲ့ စွမ်းဆောင်ရည်အလားအလာနဲ့ ပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ အပြောင်းအလဲ
Donate to DVB

ဖေဖော်ဝါရီလ ၆ ရက်နေ့ စနေညတိုက်ရိုက်လေလှိုင်းအစီအစဉ်အတွက် ဗွီအိုအေမြန်မာပိုင်း အစီအစဉ်က ကျနော့်ကို ဦးဆောင်ဆွေးနွေးသူ တယောက်အဖြစ် ၀င်ရောက်ဆွေးနွေးပေးရန် ဖိတ်ကြားပါသည်။ ဆွေးနွေးရမည့် ခေါင်းစဉ်မှာ “လွှတ်တော်သစ်တွေရဲ့ စွမ်းဆောင်ရည် အလားအလာ”။ လွှတ်တော်၏ အဓိကတာဝန်များဖြစ်ကြသော ဥပဒေပြုရေးနှင့် အစိုးရကို ထိန်းကျောင်းရေးကိစ္စများကို မည်မျှ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်နည်း။

ဆွေးနွေးသည့်ခေါင်းစဉ်ကကောင်းပါသည်။ ယခုတလော အားလုံးက စိတ်ဝင်တစားရှိနေ ကြသည်မှာ NLD ၏ လွှတ်တော်သစ်နှင့် အစိုးရသစ်အကြား အပြန်အလှန်ထိန်းကျောင်းမှုသည် ယခင် ပြည်ခိုင်ဖြိုး ဦးသိန်းစိန် အစိုးရနှင့် ဦးရွှေမန်း ဦးဆောင်သည့် လွှတ်တော်လောက် အပြန်အလှန် ထိန်းကျောင်းမှုလုပ်ဆောင်နိုင်မည်လား ဆိုသည်ပင်။

ကျနော်တို့အားပေးထားသည့် ဆွေးနွေးချိန်မှာ နာရီဝက်သာရှိပြီး အခြားသော ဦးဆောင်ဆွေးနွေးသူ တစ်ယောက်အပြင် ပြင်ပမှာဆွေးနွေးသူများကိုပါ အချိန်ပေးရလေရာ ကျနော်ပြောလိုသည်များကို အားရပါးရမပြော လိုက်ရချေ။ သို့ဖြစ်ရာ ကျနော်ပြောချင်သည်များကို စာဖတ်ပရိတ်သတ်များ ဖတ်ရှုပြီး ဆွေးနွေးငြင်းခုံနိုင်ကြစေ ရန် မျှဝေလိုက်ပါသည်။

ဆွေးနွေးပွဲတွင် ကျနော်အဓိကထားပြောခဲ့သည်မှာ ယခင် ပထမအကြိမ်လွှတ်တော်က အစိုးရ၏ စီမံကိန်းများ ဘတ်ဂျက်များကို ကောင်းစွာထိန်းကျောင်းခြင်း ပြုလုပ်ခဲ့သော်လည်း အစိုးရအဖွဲ့ ဝန်ကြီးများ ဘက်က ဤသို့ဝေ ဖန်ထောက်ပြ၊ မေးခွန်းများမေးမြန်းခြင်းကို ကျင့်သားမရသေးသည့် အတွက် နားလယ်မှုမရှိခဲ့ကြောင်း၊ အဓိက အားဖြင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ- ဒုဝန်ကြီးများမှာ ပြောင်းလဲမှုလုပ်ရမည်ဆိုသည့် Mindset မရှိ ကြောင်း၊ သို့ဖြစ်၍ လွှတ်တော်နှင့် အစိုးရအကြား အပြန်အလှန်ထိန်းကျောင်းမှုရှိခဲ့သော်လည်းသန့်ရှင်းသော အစိုးရဖြစ်ရေး ကောင်းမွန်သော အုပ်ချုပ်မှုဖြစ်ရေး စသည်ရည်ရွယ်ချက်တို့မှာ အောင်မြင်မှု မရရှိခဲ့ကြောင်း။

NLD ၏ ဒုတိယအကြိမ် လွှတ်တော်နှင့် အစိုးရအဖွဲ့ အနေဖြင့်မူ အပြောင်းအလဲများ လုပ်ဆောင်ရန် သံန္နိဌာန်ချ ထားသူများဖြစ်သည်နှင့်အညီ အတိုင်အဖောက် ညီညီနှင့် အုပ်ချုပ်ရေးယန္တရား၊ တရားစီရင်ရေး ယန္တရားများကို တည့်မတ်အောင် ဝိုင်းဝန်းထိန်းကျောင်း နိုင်လိမ့်မည်ထင်ကြောင်းပြောခဲ့ပါသည်။

ငါးနှစ်တကြိမ်ကျင်းပရသော ရွေးကောက်ပွဲရလဒ်အရ  ဥပဒေပြုရေးမဏ္ဍိုင်လွှတ်တော်၊ အုပ်ချုပ်ရေးမဏ္ဍိုင်  သမ္မတနှင့် ထိပ်ပိုင်းအစိုးရအဖွဲ့ဝင်များကို အပြောင်းအလဲ လုပ်ပေးနိုင်ခဲ့ သော်လည်း အောက်ခြေရှိ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ ယန္တရားများမှာ နဂိုရှိရင်းစွဲအတိုင်း အဂတိလိုက်စားမှု ဗလပွ၊ စွမ်းဆောင်ရည် ခပ်ညံ့ညံ့ဖြင့် အမွေ ဆက်ခံကြရမည်ဖြစ်ပေသည်။ ထိုအုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားကြီးကို ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲရေးမှာ လွှတ်တော်သစ်နှင့် အစိုးရသစ်တို့က အပြန်အလှန်နားလယ်မှုရှိစွာ ပူးပေါင်းဆောင်ရွက် မှသာလျှင်  ရနိုင်ပေလိမ့်မည်။

သို့ဖြစ်ပေရာ နောက်လွှတ်တော်သစ်တွင်လည်း ပြည်သူလူထုက တွေ့ကြုံခံစားရသော တရားမဲ့ပြုကျင့်ခံရမှု ကိစ္စများ၊ အကျင့်ပျက်ချစားသောဌာနဆိုင်ရာတို့နှင့်ဆက်ဆံရသည့်ကိစ္စများ၊ တည်ဆောက်ရေးလုပ်ငန်းများတွင် စံချိန်မမှီ အရည်အသွေးမပြည့်မီသည့်ကိစ္စများနှင့် ငွေများ- တရားနိုင် တရားစီရင်ရေး ဆုံးဖြတ်ချက်ကိစ္စများကို လွှတ်တော်ကိုယ်စားလှယ်များမှတဆင့် လွှတ်တော်တွင်း မေးမြန်းမှုများ၊ အဆိုတင် သွင်း၍ အစိုးရကိုဆောင်ရွက် ရန်တိုက်တွန်းချက်များနှင့် ပြည်သူလူထုအကျိုးကိုကာကွယ်သော ဥပဒေပြဌာန်းခြင်းများ ဆက်လက် ရှိနေဦးမည်မှာ သေချာသည်။

သို့သော်လည်းယခင်အစိုးရနှင့် မတူသည်မှာ နောက်တက်လာမည့် အစိုးရသစ်ကို ဦးဆောင်မည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် (လွှတ်တော်ကိုယ်စားလှယ် အတွေ့အကြုံလည်း ရှိထားသူဖြစ်၍) ဤသို့သော လွှတ်တော်တွင်းမှထောက်ပြ ထိန်းကျောင်းချက်များသည် မိမိတို့ပါတီ၏ ပြည်သူကိုပေးထားခဲ့သော ပြောင်းလဲချိန်တန်ပြီဆိုသည့် ကတိကိုပြည့်ဝစွာ အကောင်အထည်ဖောနိုင်ရေး၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ကြောင်း နားလည် သဘောပေါက်ထားပြီး ဖြစ်သည်။ အပြောင်းအလဲဖြစ်စေရန် အဓိကတာဝန်ရှိသော အုပ်ချုပ် ရေး မဏ္ဍိုင် အစိုးရသစ်အနေဖြင့် မုချအပြောင်းအလဲများကိုလုပ်ဆောင်မည် ဟုယူဆပါသည်။

မကြာသေးမှီရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော်မှ ဦးရွှေမန်း ဦးဆောင်သော ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များလေ့လာသုံးသပ်ရေးကော်မရှင်ကို ယခင်ပြည်ခိုင်ဖြိုး အမတ်ဟောင်းများပါဝင်ဖွဲ့စည်းလိုက်ခြင်းက လွှတ် တော်သစ်အနေဖြင့် အစိုးရ၏ဘတ်ဂျက်များ၊ စီမံကိန်းများကို အလေအလွင့် မဖြစ်စေရန်ကောင်းစွာ ထိန်း ကျောင်းလိုသဖြင့် နားလယ်တတ်ကျွမ်းသူများကို အားကိုးသည့် ခြေလှမ်းအဖြစ်ရှုမြင်ရပါသည်။ အကြောင်းမှာ ယခု ကော်မရှင်တွင်ပါဝင်သည့် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်ဟောင်းများမှာ ပထမ အကြိမ် လွှတ်တော် က ဦးသိန်းစိန်အစိုးရ၏ ဘတ်ဂျက်နှင့် စီမံကိန်းများကို ဂဃနဏ ဝေဖန်ဆန်းစစ် ထောက်ပြခဲ့ကြသည့် ဦးရွှေမန်းအားကိုးရသော လူရင်းများဖြစ် နေသောကြောင့်ဖြစ်ပါသည်။

ထိုသူတို့တွင် ပထမအကြိမ်လွှတ်တော်ကိုယ်စားလှယ်မဖြစ်မှီကလည်း အစိုးရဝန်ကြီး ဌာနများတွင် ညွှန်ကြား ရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးသူတို့ ပါဝင်ကြသဖြင့် ဝန်ကြီးဌာနများ၏ လုပ်ကိုင် ဆောင်ရွက်ပုံ၊ ဘတ်ဂျက်တောင်းခံပုံ အားနဲချက်၊ အားကောင်းချက်များကို အတွင်းသိ အစင်းသိ များဖြစ်ကြသဖြင့် ဒုတိယအကြိမ်လွှတ်တော် အတွက် များစွာအသုံးတည့်ပေလိမ့်မည်။

နောက်တချက်ပြောရန်ရှိသည်မှာ ပြည်သူလူထုကြီးနှင့် ဆက်ဆံဆက်သွယ်မှုအများဆုံး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနကို အပြောင်းအလဲလုပ်ရန်ကိစ္စဖြစ်သည်။ မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးများသည် ဖွဲ့စည်းပုံအခြေ ခံဥပဒေ ပုဒ်မ ၂၈၈ အရ နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေရမည် ဟုဆိုထားသဖြင့်၎င်း၊ ၎င်းဌာန ကိုပြည်ထဲရေးဝန်ကြီးဌာန အောက်တွင် ဆက်လက်ထားရှိနေခြင်းသည်၎င်း၊ ၎င်းဝန်ထမ်းတို့မှာ ပြည်သူလူထု၏ မျက်နှာကို ထောက်ထားစရာမလိုဘဲ ဗျူရိုကရေစီယန္တရားတို့၏ ထုံးစံအတိုင်း အထက်အရာရှိအကြိုက်ကို လိုက်နာ ဆောင်ရွက်ရန်သာလိုသည့် သဘောဖြစ်နေခြင်းဖြစ်သည်။

အခြေခံဥပဒေ ပုဒ်မ ၂၆၀ အရ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်ဟု ဆုထားပြီး ၎င်းဌာနသည် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ရုံးဖြစ်သည်ဟု ဆိုထားပါသည်။ သို့ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၎င်းဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် ရှိရန်မလိုပေ။

ဒီမိုကရက်တစ် ဖက်ဒရယ်စနစ်ကို လိုလားပါသည်ဟု ပြောနေခြင်းမှာ  အမှန်တကယ် စိတ်ရင်း စေတနာဖြင့် ပြောကြားနေကြသည်မှန်ပါလျှင် ထိုဌာနကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင် မထားဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ လက်အောက်တွင်သာ ထားရှိရေးကို လိုလိုလားလားဆောင်ရွက်ရမည် ဖြစ်ပေသည်။ ထိုဌာန၏ အကြီးအမှူးသည် သက်ဆိုင်ရာ ပြည်နယ်သို့မဟုတ်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုသာ တာဝန်ခံရန် ဖြစ်လေသည်။

ထိုသို့ဆောင်ရွက်ရန်အတွက်  ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်မလိုဘဲ ဥပဒေတစ်ရပ် ပြဌာန်းပြီး ဆောင်ရွက်ခြင်းဖြင့် အကောင်အထည်ဖော်နိုင်ပေသည်။

နောက်ဆုံးလည်းဖြစ် အရေးအကြီးဆုံးလည်းဖြစ်သည့် အချက်က ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်ဖြစ်သည်။ ဤကိစ္စမှာကား လွှတ်တော်ကချည်းဆောင်ရွက်၍ ရနိုင်မည်မဟုတ်ပါ။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို သွားကြလျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တပ်မတော်၊ အစိုးရ နှင့်လွှတ်တော်တို့ အတူလက်တွဲကာ ဆွေးနွေး ဆုံးဖြတ်ကြရပေလိမ့်မည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တောင်းဆိုလာ ဖွယ်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လက်နက်ကိုင်တပ်ဖွဲ့များ အသွင်ကူးပြောင်းရေးနှင့် အပေးအ ယူလုပ်ကြရလိမ့်မည်။ ငြိမ်းချမ်းရေးမရှိလျှင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုလည်းမရှိ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုလည်း နောက်ကျနိုင်သဖြင့် ဤကိစ္စ အောင်မြင်ရေးမှာအရေးကြီးသည်။

အရေးအကြီးဆုံးအချက်ဖြစ်သော်လည်း ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးနှင့်လည်း ဆက်စပ်နေသဖြင့် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုပေါင်းမြောက်များစွာ ပြုလုပ်ရမည်ဖြစ်ကာ အချိန်များစွာ ကြာဦးမည်ဖြစ်သည်ဟု သုံးသပ်မိပါသည်။

ရဲထွန်း (သီပေါ)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013