DVB Logo
Home
မြန်မာသတင်း
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌ ကွယ်လွန်
DVB
·
February 9, 2016
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌ ကွယ်လွန်
Donate to DVB

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်သိုက် (အသက် ၈၄ နှစ်)ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းမှာ ကွယ်လွန်သွားပါတယ်။

နိုင်သိုက်ဟာ နိုင်ငံရေးပိုင်းမှာရော ၀န်ထမ်းပိုင်းဆိုင်ရာကိစ္စတွေမှာပါ အသိကြွယ်ဝပြီး မွန်အမျိုးသားရေးကိစ္စ ဆောင်ရွက်ခဲ့ သူပုဂ္ဂိုလ်တဦးဖြစ်တဲ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ရပ်ဖြစ်တယ်လို့  ပါတီဗဟိုကော်မတီဝင် ဒေါက်တာအောင်နိုင်ဦး က ဒီဗွီဘီကို ပြောပါတယ်။

“နိုင်သိုက်က နိုင်ငံရေးနဲ့ပတ်သက်လာရင် တော်တော်လေးနှံ့စပ်သလို ၀န်ထမ်းပိုင်းဆိုင်ရာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေမှာလည်း အသိကြွယ်တဲ့လူတယောက်ပေါ့နော်၊ အထူးသဖြင့် အခြေခံ ဥပဒေပိုင်းဆိုင်ရာ၊ အမေရိကန်နိုင်ငံက ကျင့်သုံးခဲ့တာတွေကအစ ကျနော်တို့ကို သင်ကြားပို့ချပေး ခဲ့တယ်။ သူ့ဆီကနေ ပညာတွေအများကြီး ရခဲ့ပါတယ်။ အခြေခံဥပဒေရေးဆွဲစဉ်ကလည်း သူကိုယ်တိုင်ညီလာခံတက်ခဲ့တယ်။ နိုင်ငံရေးအခင်းအကျဉ်း၊ ဒီမိုကရေစီ ကူးပြောင်းရေးမှာ ကျနော်တို့ ပါတီအတွက် သူတော်တော်လေး သူ့ပညာ သူ့အတွေ့အကြုံတွေ ချပေးခဲ့တယ်။  ဒါကြောင့် ပါတီဥက္ကဋ္ဌကြီးတဦး ဆုံးရှုံးတာထက် တမျိုးသားလုံးအတွက် ကြယ်ပွင့်တပွင့် ကြွေသွားသလို ဖြစ်ရပါတယ်။”

နိုင်သိုက်ဟာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ စတင်ထူထောင်စဉ်က ဒုဥက္ကဋ္ဌ ၂ အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၄ ခုနှစ် ပထမအကြိမ်ပါတီညီလာခံမှာ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၅ မတိုင်ခင်က သူဟာ အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့အတွက် ဥက္ကဋ္ဌအဖြစ်မှ အနားယူလိုကြောင်း ပြောဆိုထားပေမယ့်လည်း ပါတီညီလာခံကျင်းဖို့ ဥက္ကဋ္ဌသစ်ရွေးချယ်ဖို့ အချိန်မရှိတော့တာကြောင့် ဥက္ကဋ္ဌအဖြစ်ဆက်လုပ်ထားပေးဖို့ ဗဟိုကော်မတီဝင်တွေက တောင်းဆိုခဲ့ပြီး ညီလာခံမလုပ်နိုင်ခင် လူကြီးရောဂါနဲ့ အခုလိုဆုံးပါးခဲ့တာလို့ သူက ဆက်ပြော ပါတယ်။

နိုင်သိုက်ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့က မော်လမြိုင်မှာ သင်္ဂြိုဟ်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

မွန်ဒေသလုံးဆိုင်ရာပါတီရဲ့ ဥက္ကဋ္ဌသစ်နေရာမှာတော့ လောလောဆယ် ဘယ်သူ့ကိုမှ လျာထားတာ မရှိသေးဘဲ ရက်လည်ဆွမ်းသွပ်ပြီးမှ ဗဟိုကော်မတီဝင်တွေ ပြန်ညှိနှိုင်း တိုင်ပင်ပြီး ပါတီဥက္ကဋ္ဌရွေးချယ်ဖို့ ရက်ရွေးရမယ်လို့ ဆိုပါတယ်။

နိုင်သိုက်ဟာ ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာအဓိကနဲ့ ဘွဲ့ရခဲ့ပြီး မွန်ပြည်နယ် ကုန်သွယ်လယ်ယာ အငြိမ်းစား ၀န်ထမ်းဖြစ်ပါတယ်။

မော်လမြိုင် မွန်စာပေယဉ်ကျေးမှုအသင်းဥက္ကဋ္ဌလည်း ဖြစ်ခဲ့ဖူးပြီး မွန်စာပေ၊ သုတေသန ဖွံ့ဖြိုးရေး၊ မွန်သဒ္ဒါကျမ်းဖြစ်မြောက်ရေး ကိစ္စတွေလည်း ဆောင်ရွက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013