DVB Logo
Home
မြန်မာသတင်း
ကျောင်းသားများရုံးထုတ်စဉ် တရားသူကြီးဒေါသထွက်ပြီး ရုံးချိန်းရပ်ဆိုင်း (ရုပ်သံ)
DVB
·
February 9, 2016
ကျောင်းသားများရုံးထုတ်စဉ် တရားသူကြီးဒေါသထွက်ပြီး ရုံးချိန်းရပ်ဆိုင်း (ရုပ်သံ)
Donate to DVB

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြခဲ့တဲ့ ကျောင်းသားနဲ့ ၀န်ရံပြည်သူ တွေကိုဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ သာယာဝတီတရားရုံးမှာ ၃၈ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ ရုံးချိန်တွင်း တရားလိုသက်သေကို အမှုစစ်ဆေးနေစဉ်မှာ၊ ကျောင်းသားတွေနဲ့ တရား သူကြီးပဋိပက္ခဖြစ်ကာ တရားသူကြီးက ဒေါသတကြီးနဲ့ တရားခွင်ထဲကနေထွက်သွားလို့ ရုံးချိန်း ရပ်တန့်လိုက်ရတယ်လို့ ကျောင်းသားတွေရဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။

“ဒီကနေ့ ကတော့ ရဲအုပ် ရန်လင်းနိုင်ကို စစ်တာလေ။ ၃ ချိန်းမြောက်စစ်တာ။ ၂ နာရီထိုးခါနီး ဆိုရင် ကျမတို့ရုံးချိန်က ပြီးပြီလေ။ မပြီးခင် ၂ နာရီမတ်တင်းလောက်မှာ ရုံးက ထုံးစံအတိုင်း ပဲလေ။ တရားသူကြီးက အပြင်မှာရောက်နေတဲ့သူတွေရှိတယ်၊ တရားခွင်အတွင်းမှာပဲ တချို့မိဘနဲ့အတူထိုင်တာရှိတယ်။ အဲဒါတွေ ဒီအရှေ့ကို ထွက်လာခဲ့ဖို့ပြောတယ်။ တကယ်လို့ မလာဘူးဆိုရင် ဘာညာပေါ့။ မြန်မာနိုင်ငံမှာ ဒီလောက်လွတ်လပ်တဲ့ တရားခွင့်က မရှိဘူး ပေါ့နော်။ အဲလိုမျိုးတွေပြောတယ်။ အရေးယူမယ် ဘာညာပြောတဲ့အခါကျမှာ ကျောင်းသားတွေ ကလည်း ခံစားချက်တွေက မြင့်တယ်။ မိဘတွေရောပေါ့။ အဲဒီမှာထပြီး အသံလေးတွေ တယောက်တပေါက်ဖြစ်သွားတဲ့အခါမှာ တရားသူကြီးက စိတ်ဆိုးပြီးတော့ ဆင်းသွားတယ်လေ။ ဆင်းသွားတဲ့အချိန်မှာ ကျောင်းသားတွေက တရားခွင်အတွင်းမှာ ခံစားချက်နဲ့ သီချင်းတွေဆိုကြ အဲလိုမျိုးတွေဖြစ်သွားတယ်။”

ဒီလိုဖြစ်စဉ်ဟာ ဒီတခါတည်းမဟုတ်ပဲ အရင်ကလည်း ဖြစ်ဖူးတယ်လို့လည်း ဗကသကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်က ပြောပါတယ်။

“တရားလိုဘက်က သူအားနည်းတဲ့အချက်တွေ၊ တချို့ဟာတွေက လုံးဝဆင်ထားတဲ့ အကွက်ဆိုတာ ကျမတို့ရှေ့နေတွေက ဖော်ထုတ်နိုင်မယ့်ဆဲဆဲ တရားခွင်မှာ တရားသူကြီး ကနေပြီး ကျမတို့ စွပ်စွဲခံရတဲ့သူတွေကို ဒါလုပ်နေကျအတိုင်းပဲပေါ့။ တရားလိုက မေးခွန်းဖြေဖို့ အခက်အခဲဖြစ်နေတဲ့အချိန်မှာ တရားသူကြီးက သူ့သက်သေဘက်ကို ကယ်တဲ့အနေနဲ့ ကျမတို့ကို ဟိုလူမရှိဘူး၊ ဒီလူမရှိဘူးနဲ့ ကတောက်ကဆတ် ဖြစ်အောင်လုပ်တဲ့သဘောပါ။ ဒါဒီနေ့မှ ဖြစ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ဒါကျမတို့ ရုံးချိန်းတလျောက်လုံးမှာ ကြုံတွေ့နေကျပဲ။ ”

ဒီကနေ့ ရုံးချိန်းမှာ ကျောင်းသားတွေရဲ့ ရှေ့နေ ၈ ယောက်က အမှုစစ်ဆေးခဲ့တာပါ။ မနက်ပိုင်းမှာ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက စစ်ဆေးခဲ့ပြီး နေ့လည်ပိုင်းမှာတော့ တရားလွှတ်တော်ရှေ့နေ ဦးဋ္ဌေးက ဆက်လက်စစ်ခဲ့ရာ စစ်သမျှကို တရားလိုသက်သေက ဘာမှ မဖြေနိုင်တာတွေ မသိတာတွေကိုပဲ ဖြေနေစဉ်မှာ ရုတ်တရက် တရားသူကြီးက ကျောင်းသားတွေ တရားခွင်အပြင်ဘက် ထွက်တာတွေ ဆူညံတာတွေကို အပြစ်ဖို့ဆူလိုက်တာကြောင့် ကျောင်းသားတွေနဲ့ တရားသူကြီးပဋိပက္ခဖြစ်ပြီး တရားခွင်က ရပ်ဆိုင်းသွားခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာတော့ ကိုအောင်မျိုးဦး (ခ) ဆိုလိုက အာမခံရရှိခဲ့ပါတယ်။ ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကို ပြန်ချိန်းလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013