DVB Logo
Home
Lead Story
မြန်မာပြည်ကိုပတ်နေတဲ့ ကြိုးနီစနစ်ကိုဖြတ်ပါ
DVB
·
February 9, 2016
မြန်မာပြည်ကိုပတ်နေတဲ့ ကြိုးနီစနစ်ကိုဖြတ်ပါ
Donate to DVB

ကမ္ဘာမှာ မြန်မာဟာ ပွဲစားအများဆုံးရှိတဲ့နိုင်ငံလို့ဆိုရင် တချို့က စာရေးသူကို ပိုလိုက်တာလို့ ထင်မလား မသိဘူး။ ကိုယ့်ပတ်ဝန်းကျင်ကိုရိုးရိုးလေးကြည့်လိုက်ပါ။ ကားပွဲစား၊ မြေပွဲစား၊ အိမ်ပွဲစား၊ အလုပ်ပွဲစား၊ လျှောက်လွှာပွဲစား၊ ကျောက်ပွဲစား၊ အမှုပွဲစား၊ ဆန်ပွဲစား၊ ဆီပွဲစား၊ နှမ်းပွဲစား၊ ပဲပွဲစား၊ ငရုတ်ပွဲစား၊ ကြက်သွန်ပွဲစား၊ ကွမ်းပွဲစား၊ ကျူရှင်ပွဲစား၊ အုတ်ပွဲစား၊ ထုံးပွဲစား၊ သဲပွဲစား စသည်ဖြင့် ရှိရှိသမျှလုပ်ငန်း ကိစ္စအ၀၀မှာ ခလုပ်တိုက်ယူရလောက်အောင် မှိုလိုပေါက်ပွား ပေါများနေတာမ ဟုတ်လား။

တကယ်တော့ ကြားပွဲစား (Agent) ဆိုတာ မလိုအပ်ဖူးလို့ပြောရင် မှားပါလိမ့်မယ်။ ကြားပွဲစားနဲ့ အကျိုးဆောင်လုပ်ငန်းတွေ မရှိမဖြစ်လိုအပ်တဲ့နေရာတွေ ရှိပါတယ်။ သာမန်ပြည်သူဘဲဖြစ်ဖြစ်၊ ပုဂ္ဂလိကလုပ်ငန်းရှင်ဘဲဖြစ်ဖြစ်၊ နိုင်ငံတကာကုမ္ပဏီကြီးတွေဖြစ်ဖြစ် မိမိတို့မအားလပ်လို့ဖြစ်စေ၊ ကိုယ်တိုင်မသွားရောက်နိုင်လို့ဖြစ်စေ၊ အချိန်မပေးနိုင်လို့ဖြစ်စေ၊ ဥပဒေဘောင်အတွင်းမှာ လွယ်ကူ ချောမွေ့စေဖို့ ကြားပွဲစား (Agent)ကို ငှားရမ်းခိုင်းစေတာဟာ သဘာဝကျသလို နိုင်ငံတကာမှာ လည်း တရားဝင်လုပ်နေကြတာပါ။

ဒါပေမဲ့ ကြားပွဲစားတွေမှာ တခြားသူတွေရဲ့ကိုယ်စားလှယ်အဖြစ် တရားဝင်လုပ်နိုင်ဖို့ လုပ်ငန်းလိုင်စင် (Agent License) ရှိဖို့လိုအပ်ပါတယ်။ ဒါမှသာ ဥပဒေကြောင်းအရ ရင်ဆိုင်လာရတဲ့အခါ တရားဝင်နိုင်မှာမဟုတ်လား။ အခုမြန်မာနိုင်ငံမှာ လုပ်ကိုင်နေကြတဲ့ ကြားပွဲစားဆိုတာတွေက အများစုမှာ လုပ်ငန်းလိုင်စင် (Agent License) မရှိဘဲ နားလည်မှုနဲ့ လုပ်ကိုင်နေကြတာပါ။ အမှန်တကယ်တော့ နားလည်မှုဆိုတာ တရားမ၀င်သလို ဥပဒေစိုးမိုးမှု မရှိအောင်၊ အကျင့်ပျက်ခြစားမှုတွေ ဖြစ်စေပါတယ်။

မြန်မာနိုင်ငံမှာ ဘာကြောင့်အခုလို မလိုအပ်တဲ့ကြားပွဲစားတွေ ထူထပ်ပေါများနေရတာလည်း ဆိုတာကို ဆန်းစစ်ကြည့်မယ်ဆိုရင် အောက်ပါအခြေခံအကြောင်းရင်းတွေကို ထင်ထင်ရှားရှား တွေ့နိုင်မြင်နိုင်ပါတယ်။

(၁) အပြစ်အနာအဆာ ဗလပျစ်နဲ့ အုပ်ချုပ်ရေးယန္တရားညစ် - ကြိုးနီစနစ် (Red Tape System)
(၂) ဖောက်ပြန်အကျင့်ပျက် ဗျူရိုကရက်များ
(၃) တရားဥပဒေမစိုးမိုးမှု
(၄) အလုပ်လက်မဲ့ပေါများခြင်း စတာတွေကြောင့်ဘဲ မဟုတ်လား။

သွက်သွက်ခါအောင်မှားယွင်းတဲ့ အုပ်ချုပ်ရေးယန္တရားကြီးအောက်မှာ ကြိုးနီစနစ် (Red Tape System) ဆိုတာ သေးတဲ့အမှုကိုကြီးအောင်၊ ရှင်းတဲ့အရာကို ရှုပ်အောင်၊ လွယ်တဲ့ကိစ္စကို ခက်အောင်လုပ်ထားတာမို့ အကျင့်ပျက် ဗျူရိုကရက်အရာရှိအရာခံ ၀န်ထမ်းတွေ လာဘ်ယူ လုပ်စားနိုင်အောင် ခွင်ဖန်ပေးလိုက်တဲ့စနစ် ဖြစ်စေတော့တာ ပါဘဲ။

အဲ့ဒီ ကြိုးနီစနစ်ဟာ တိုင်းသူပြည်သားတွေရဲ့ နေ့တဓူဝ လုပ်ငန်းဆောင်တာကိစ္စအ၀၀ကို မလိုအပ်ပဲ ခက်ခဲကြန့်ကြာစေတာမို့ ဖြတ်လမ်းက အခကြေးယူ ကူညီဆောင်ရွက်ပေးမယ့် ကြားပွဲစားလူပေါ်လူဇော်တွေကို မွေးထုတ်လိုက်ပြန်ပါတယ်။

ဥပဒေတွေကလျှော့ရဲ၊ လုပ်ထုံးလုပ်နည်းတွေကမပြည့်စုံ၊ အုပ်ချုပ်စီမံသူတွေက သီလမလုံတော့ ကြားပွဲစားတွေကလည်း လိုင်စင်ဆိုတာလျှောက်ထားစရာမလို၊ အခကြေးယူတဲ့နေရာမှာ စောင့်စည်းစရာမရှိ၊ လိုက်နာရမယ့် စံရည်စံညွှန်းမရှိတော့ ပွဲခတင်မက ပွဲညွန့်လည်းခူး၊ ပွဲဖူးလည်းခုတ် ထင်သလိုလုပ်နေကြတာ မဟုတ်လား။

မလိုအပ်ဖဲပေးရ၊ မလိုအပ်ဖဲသွားရလာရ၊ မလိုအပ်ဖဲသုံးစွဲရတဲ့ဘဏ္ဍာငွေကြေး၊ မလိုအပ်ဖဲဖြုန်းရတဲ့ အချိန်ဆိုတာ နိုင်ငံသူနိုင်ငံသားတွေအတွက်သာမက တိုင်းပြည်အတွက် မလိုအပ်တဲ့ နစ်နာဆုံးရှုံးမှုတွေပါဘဲ။

ဒါကြောင့် ဒီနေရာမှာ ကြားဖြတ်လို့မလိုအပ်တဲ့ဆုံးရှုံးမှုတွေနဲ့ပတ်သက်လို့ ကမ္ဘာကျော် ကုမ္ပဏီကြီးတွေမှာ စံထားအသုံးပြုနေကြတဲ့ စွမ်းဆောင်ရည်မြင့်ကုန်ထုတ်လုပ်ငန်း (Lean Manufacturing) အကြောင်း မသိသေးတဲ့ စာဖတ်ပရိတ်သတ်ကို နည်းနည်းမိတ်ဆက်ပေးချင် အါတယ်။

လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်လောက်က တိုယိုတာကုန်ထုတ်လုပ်မှုစနစ် (Toyota Production System) က အခြေပြုပေါ်ထွက်လာတဲ့ Lean Manufacturing ဆိုတာ ဂျပန်လို မုဒ (Muda) အင်္ဂလိပ်လို (Waste) လို့ခေါ်နိုင်တဲ့ အလဟဿ လေလွင့်ဆုံးရှုံးမှုမှန်သမျှကို ကုန်ထုတ်လုပ်ငန်းစဉ် အဆင့်ဆင့်တိုင်းမှာ စနစ်တကျရှာဖွေ ဖယ်ရှားတဲ့နည်းလမ်းပါဘဲ။

မူလ တိုယိုတာကုန်ထုတ်လုပ်မှုစနစ်မှာတော့ အလဟဿ လေလွင့်ဆုံးရှုံးမှု (ရ) မျိုး (seven types of waste) လို့သတ်မှတ်ထားပေမဲ့ နောက်တိုးတမျိုးနဲ့ပေါင်းရင်း လေလွင့်ဆုံးရှုံးမှု (၈) မျိုးလို့အောက်ပါအတိုင်း သတ်မှတ်နိုင်ပါတယ်။

(၁) မလိုအပ်ဖဲ သယ်ယူပို့ ဆောင်ရမှု (Transport)
(၂) မလိုအပ်ဖဲ သိုလှောင်သိမ်းဆည်းရမှု (Inventory)
(၃) မလိုအပ်ဖဲ ရွေ့ လျှားသွားလာရမှု (Motion)
(၄) မလိုအပ်ဖဲ စောင့်ဆိုင်းရမှု (Waiting)
(၅) မလိုအပ်ဖဲ ပိုလျှံထုတ်လုပ်မှု (Over production)
(၆) မလိုအပ်ဖဲ လုပ်ငန်းအဆင့်များမှု (Over processing)
(ရ) မလိုအပ်ဖဲ အပျက်စီးများမှု (Defects)
(၈) မလိုအပ်ဖဲ မကျွမ်းကျင်တဲ့ဝန်ထမ်းပိုလျှံမှု (Skills ) စတာတွေပါဘဲ။

မြန်မာနိုင်မှာရှိတဲ့ စစ်အာဏာရှင်တွေလက်ထက် စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းတွေ၊ အစိုးရရုံးလုပ်ငန်းတွေ အထက်ပါ အလဟဿ လေလွင့်ဆုံးရှုံးမှုတွေကို စီမံခန့်ခွဲသူတွေ၊ အုပ်ချုပ်သူတွေညံ့ဖျင်းရင်ဖျင်းသလောက်၊ စေတနာနည်းရင် နည်းသလောက်၊ တိုးတက်အောင်ပြောင်းလဲအောင် မပြုပြင်ခဲ့ကြတာ နှစ်ပေါင်း (၅၀) ကျော်ဆိုတော့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ဘယ်လောက်ဆုံးရှုံးခဲ့သလဲဆိုတာ တွေးကြည့်ယုံနဲ့ ကြက်သီးထစရာ ကောင်းပါတယ်။

အရည်အသွေးမမှီတဲ့ အစိုးရစီမံကိန်းတွေအောက်မှာ စက်ရုံအလုပ်ရုံ ရုံးဌာန တက္ကသိုလ် ကျောင်းတွေအတွက် နေရာရွေးချယ်မှုကစလို့လုပ်သားပြည်သူ၊ ရဟန်းရှင်လူကျောင်းသားတွေ နေစဉ်နဲ့အမျှရင်ဆိုင်ကြုံတွေ့ရမယ့် သွားလာရေးအခက်အခဲတွေ ထည့်သွင်းတွက်ချက်မှုမရှိခဲ့တော့ နှစ်ပေါင်းများစွာ ကမောက်ကမဘ၀တွေနဲ့ တသက်လုံးလိုလို ဒုက္ခဆင်းရဲကြီးစွာ ရင်ဆိုင်ခဲ့ရတာ မဟုတ်လား။

တခြားနိုင်ငံတွေမှာ ၀န်ဆောင်မှုလုပ်ငန်းတွေဆိုတာ တနေရာထဲနဲ့ပြီးပြတ်အောင်ဆောင်ရွက်နိုင်ဖို့၊ အိုင်တီနည်းပညာတွေအသုံးချပြီး လူကိုယ်တိုင်လာစရာမလိုအောင် အချိန်မကုန်အောင် အွန်လိုင်းစနစ် (Online application) တွေ သုံးနေကြချိန်မှာ တို့နိုင်ငံမှာက ဘယ်လို ရုံးလုပ်ငန်းကိစ္စဖြစ်ဖြစ် ကြိုးနီစနစ်တွေကြောင့် မလိုအပ်ဖဲ လုပ်ငန်းအဆင့်တွေများတော့ တနေရာထဲမှာ ဘယ်တော့မှမပြီးပြတ်ရဘူးလေ။ မလိုအပ်ဘဲ ဟိုပြေးရ ဒီလွှားရ၊ အချိန်ကုန်၊ ငွေကုန် စိတ်မောလူမော ဖတ်ဖတ်မောကြရတာကို တချို့ကအုပ်ချုပ်သူတွေ မစီမံတတ်တာ အရည်အသွေး ညံ့ဖျင်းတာကို မမြင်နိုင်တော့ ကံကိုရိုးမယ်ဖွဲ့ကြတယ်လေ။

ဦးသိန်းစိန်တို့ရဲ့ လက်ရှိစစ်သားတပိုင်းအစိုးရဟာ ၂၀၁၀ ခုနှစ်မှာ အငြင်းပွားစရာ ရွေးကောက်ပွဲနဲ့အာဏာယူ ပြီးတဲ့နောက် တတိယမြောက်နှစ် ၂၀၁၃ ခုနှစ်ကျမှသာ အစိုးရရဲ့ ကြိုးနီစနစ်နဲ့ အကျင့်ပျက်ခြစားမှုတွေ တိုက်ဖျက်မယ်လို့ ကြွေးကြော်ပြောဆိုပြီး Public Services Performance Appraisal Task Force နဲ့ anti-corruption committee တွေကိုဖွဲ့ခဲ့ပေမဲ့ ဒီနေ့အချိန်ထိ (၅) နှစ်သက်တမ်းအတွင်းမှာ ဆင်ပါးစပ်နှမ်းပက်သလို ပြုပြင်ပြောင်းလဲမှုတွေဘဲ လုပ်ခဲ့တာ မျက်မှောက်ခေတ်မှာရှိနေဆဲ ကြိုးနီစနစ်နဲ့ကြီးမားနေဆဲအဂတိ လိုက်စားမှု၊ အကျင့်ပျက်ခြစားမှုတွေ၊ တရားဥပဒေမစိုးမိုးမှုတွေက သက်သေပြနေပါတယ်။

ဘယ်လိုလုပ်ထိရောက်မလဲ ဦးသိန်းစိန်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးက စစ်အာဏာရှင် အသိုင်းအ၀ိုင်းတွေ၊ သူတို့ကိုမှီခိုပြီး ကြီးပွားနေတဲ့ ခရိုနီအသိုင်းအ၀ိုင်းတွေကို မထိမတို့ဘဲ အောက်ခြေ၀န်ထမ်း အနည်းအကျဉ်းကိုသာ အပေါ်ယံပြောင်းလဲမှုတွေ လုပ်ပြခဲ့တာကိုး။ အစိုးရအဖွဲ့နဲ့ စစ်ဗိုလ်ချုပ်တွေ ပိုင်ဆိုင်မှုတွေပြရမယ် ဆိုတော့ လက်မခံဘူး မဟုတ်လား။ သူတို့က ဥပဒေအထက်မှာနေခြင်တာလေ။ တခြားသူတွေသာ ပြောင်းလဲခိုင်းတာ၊ သူတို့ကိုယ်သူတို့ ပြောင်းလဲဖို့ကိုတော့ စိတ်မ၀င်စားဘူးဆိုတာ ထင်ရှားပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မြန်မာပြည်သူလူထုအများစုရဲ့ထောက်ခံမှုနဲ့ ရွေးကောက်ပွဲ မှာအနိုင်ရလို့ မကြာခင်မှာတာ အစိုးရသစ်ကိုဖွဲ့ တော့မှာပါ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ ဦးသိန်းစိန်တို့ စစ်တပိုင်းအစိုးရ လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးထက် အဆပေါင်းများစွာ ထိထိရောက်ရောက် လုပ်နိုင်မယ်လို့ ပြည်သူတွေက ရိုးရိုးသားသားယုံကြည်လို့ အသဲကြားက မဲတပြားနဲ့ ဆန္ဒပြု ခဲ့ကြတာပါ။ ဘာကြောင့်လို့လည်းဆိုတော့ အန်အယ်လ်ဒီဆိုတာ စစ်မှန်တဲ့ပြောင်းလဲမှုကို တနိုင်ငံလုံး အတိုင်းအတာနဲ့တောင်းဆိုဆန္ဒပြုခဲ့တဲ့ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးက မီးရှူးသန့်စင် ဖွားမြင်ပေးလိုက်တာမို့ အမျိုးမှန်သန္ဓေမှန်တဲ့ ပြည်သူ့ပါတီကြီးဖြစ်လို့ပါဘဲ။

ဒီနေရာမှာအရေးကြီးတဲ့အချက်က နိုင်ငံတနိုင်ငံအတွက် စစ်မှန်တဲ့ပြောင်းလဲမှုကို ဖော်ဆောင်တဲ့ အခါမှာ အစိုးရအဖွဲ့အတွင်းမှာတင် ပြောင်းလဲယုံနဲ့ မလုံလောက်ပါဘူး။ ပြည်သူတွေကိုယ်တိုင်က ခေတ်ဟောင်းရဲ့ အတွေးအခေါ် အသိအမြင်၊ အလေ့အထ အကျင့်အကြံ၊ အပြုအမူ၊ အပြောအဆိုအားလုံးကို စွန့်လွှတ်ပြီး ဒီမိုကရေစီစနစ်နဲ့ထိုက်တန်အောင် ကိုယ့်ကိုကိုယ် ပြောင်းလဲ ပျိုးထောင်ကြဖို့ လိုအပ်ပါတယ်။

ဒါကြောင့် မြန်မာပြည်ကိုပတ်နေတဲ့ ကြိုးနီစနစ်ကိုဖြတ်နိုင်အောင် ဖောက်ပြန်တဲ့ ဗျူရိုကရက် တွေကိုကြဉ်၊ ကိုယ်ကိုတိုင်လည်းပြင် မလိုအပ်တဲ့ ကြားပွဲစားတွေကို နှင်နိုင်ဖို့ နိုင်ငံသားတိုင်း ပေါ်လာတော့မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနဲ့အတူ ဟန်ချက်ညီညီ လက်တွဲပူးပေါင်းလို့ ခေတ်ဝန်ကိုထမ်း ခေတ်လမ်းဖောက်နိုင်ကြပါစေ။

မင်းကောင်းချစ်
ဖေဖော်ဝါရီလ (၇) ရက်နေ့ ၂၀၁၆ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013