DVB Logo
Home
မြန်မာသတင်း
လွှတ်တော်သတင်းယူရေး ကန့်သတ်သည့်အပေါ် မီဒီယာသမားများ ကန့်ကွက်
DVB
·
February 9, 2016
လွှတ်တော်သတင်းယူရေး ကန့်သတ်သည့်အပေါ် မီဒီယာသမားများ ကန့်ကွက်
Donate to DVB

ပြည်ထောင်စုလွှတ်တော်ရုံးအနေနဲ့ သတင်းမီဒီယာတွေပေါ် တဆင့်နှိမ့်သတ်မှတ်တဲ့ သဘော သက်ရောက်တဲ့စည်းကမ်းချက်တွေကို လက်မခံနိုင်ဘူးလို့ မြန်မာဂျာနယ်လစ်ကွန်ရက်က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

မနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သတင်းသမားတွေ အတွက် အင်တာဗျူးနေရာနဲ့ ဓာတ်ပုံရိုက်ရမယ့်နေရာတွေ သတ်မှတ်လိုက်တဲ့အတွက် သတင်းသမားတွေအနေနဲ့ အခက်အခဲတွေ ဖြစ်နေကြပါတယ်။

ဒါ့အပြင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်ထဲမှာ လွှတ်တော်ဂုဏ်သိက္ခာမထိခိုက်စေရေးဆိုတဲ့ အချက်ကို အဓိက လက်မခံနိုင်ဘူးလို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးဇေယျာလှိုင်က ပြောပါတယ်။

“သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းတွေထဲမှာ သူတို့စီစဉ်တဲ့ကားနဲ့ သတ်မှတ်တဲ့အချိန်မှာ လာရမယ် ဘာညာပေါ့နော်။ နောက်ဆုံးတခု ကျနော်တို့ လက်မခံနိုင်တဲ့ ကိစ္စက လွှတ်တော် ဂုဏ်သိက္ခာကျဆင်းအောင် မလုပ်ဖို့လို့သူက ပြောတာပေါ့နော်။ ဒါက ကျနော်တို့ မီဒီယာတွေကို သူက စွပ်စွဲတာပေါ့လေ။ ကျနော်တို့ အလုပ်ကတော့ရှင်းတယ်။ လွှတ်တော်မှာ ဘာဖြစ်နေသလဲ ဆိုတဲ့ဥစ္စာက တင်ပြဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ လွှတ်တော်ရဲ့ ဂုဏ်သိက္ခကျအောင် လွှတ်တော်အမတ်တွေက လုပ်တယ်ဆိုရင် ကျနော်တို့က တင်ပြမှာပဲ။ နောက်တခုရှိတာက လွှတ်တော်မှာ သတင်းယူတဲ့အခါမှာ အခုနောက်ပိုင်း သတင်းသမားတွေအကုန်လုံးပိတ်ပြီး သတ်မှတ် တာပေါ့နော်။ ဒီနေရာမှ သတင်းယူပါ။ လွှတ်တော်ထဲပေးမ၀င်ဘူး။ အရင်အလက်ထဲ တောင်မှပဲ လွှတ်တော်ထဲ ၀င်လို့ရတဲ့ အချိန်တခုရှိခဲ့တယ်လေ။ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး ရေးတဲ့ နောက်ပိုင်းကျမှပဲ ကျနော်တို့ကို ပေးမ၀င်ဘူးဆိုတော့ ဒီလွှတ်တော်က အရင်ထက်ပိုပြီး တင်းကျပ်နေသလားပေါ့။”

လွှတ်တော်ထဲ သတင်းယူဖို့ မီဒီယာတွေကို ကန့်သန့်ချက်ထုတ်ပြန်လိုက်တဲ့အတွက် နေပြည်တော်မှာ သတင်းယူနေတဲ့ သတင်းထောက်တဦးဖြစ်တဲ့ News Watch ဂျာနယ် သတင်းထောက် ဦးမောင်ထွန်း အခက်အခဲ ဖြစ်နေရတယ်လို့ ပြောပါတယ်။

“တဖက်နဲ့တဖက် အဆင်ပြေတဲ့ လိုက်လျောညီထွေရှိတဲ့ စည်းကမ်းချက်မျိုးတော့ ထုတ်သင့်တယ်။ တဖက်သတ် စောင်းပေးပြီးတော့ ဒါမလုပ်နဲ့။ ဒီဟာမလုပ်နဲ့ဆိုတဲ့ဟာက ဒီဖက် ဒီမိုကရေစီ ခေတ်လို့ခေါ်တဲ့ ပြောင်းနေတဲ့အချိန်မှာ လက်ခံလို့မရပါဘူး။ ”

အလားတူ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းကလည်း ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြတ်ခဲ့တဲ့ သတင်းမီဒီယာများလိုက်နာရမယ့် စည်ကမ်းချက်ဟာ မြန်မာနိုင်ငံသတင်းစာ ဆရာများအသင်းနှင့်ပတ်သက်မှု မရှိကြောင်းနဲ့ သတင်းမီဒီယာတွေပေါ် ကန့်သတ်ထားမှု အတွက် ကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

လွှတ်တော်ထဲမှာ သတင်းယူနေတဲ့ မီဒီယာတွေကြောင့် အဆင်မပြေမှုတချို့ဖြစ်ပေါ်ခဲ့တယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော်ရုံးက ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ သတင်းမီဒီယာတစ်ဖွဲ့ကို ၅ ဦးထက်မပိုတဲ့ အမည်စာရင်းပေးသွင်းရမယ်လို့ ဖော်ပြသလို တကယ့်လက်တွေမှာ တချို့မီဒီယာတွေဟာ လူဦးရေအများကြီး စာရင်းပေးထားမှု တွေ ရှိနေတဲ့အတွက်လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒီလို အခက်အခဲဖြစ်တဲ့ပေါ်မှာ လွှတ်တော်ညွတ်ကြားရေးမှူးရုံးအနေနဲ့ သတင်းမီဒီယာသမား တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့လိုအပ်နေပြီး ညှိနှိုင်းမယ်ဆိုရင် အကြံဉာဏ်ပေးသွားဖို့ အဆင်သင့်ရှိ တယ်လို့လည်း မြန်မာဂျာနယ်လစ်ကွန်ရက်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်ပြီး လက်ရှိမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ကတော့ ဘာကြောင့်ဒီလို ဖြစ်တယ်ဆိုတာကို လေ့လာကြည့်ဦးမယ်လို့ ပြောပါတယ်။

လွှတ်တော် သတင်းယူခွင့်ကို အရင်က ပြန်ကြားရေးဝန်ကြီးဌာနက ခွင့်ပြုတာဖြစ်ပြီး အခုအခါ မှာတော့ လွှတ်တော်ရုံးက ခွင့်ပြုပေးတာဖြစ်ပါတယ်။ အခုကျင်းပနေတဲ့ လွှတ်တော်မှာ သတင်းယူခွင့် တင်ထားတဲ့ သတင်းထောက်ပေါင်း ၇၀၀ နီးပါးရှိပါတယ်။
အရင်လွှတ်တော်မှာ ကိုယ်စားလှယ်တွေကို ခန်းမပြင်ပ ဘယ်နေရာမဆို အင်တာဗျူးလို့ရခဲ့ ပေမယ့် အခုလွှတ်တော်မှာတော့ အင်တာဗျူးမယ့်နေရာ၊ သတင်းယူမယ့်နေရာ ကန့်သတ်လိုက်တဲ့ အတွက် အခက်အခဲရှိတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013