DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံနှင့်အညီ လွှတ်တော်က ဆောင်ရွက်ပါရန် သမ္မတတိုက်တွန်း
DVB
·
February 8, 2016
ဖွဲ့စည်းပုံနှင့်အညီ လွှတ်တော်က ဆောင်ရွက်ပါရန် သမ္မတတိုက်တွန်း
Donate to DVB

ဥပဒေတွေကို ပြင်ဆင်ပြဌာန်းတာ၊ အသစ်ပြဌာန်းတာ၊ ရုပ်သိမ်းတာတွေ ဆောင်ရွက်တဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ညီညွတ်အောင် အလေးထားဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာပို့ တိုက်တွန်း ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအရ ပေါ်ပေါက်တဲ့ ပြည်ထောင်စုအစိုးရအကြီးအကဲက ၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲအရပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ခဲ့တာ ဖြစ်ပြီး အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်သမ္မတတာဝန် ထမ်းရွက် နိုင်ရေးမှာ အတားအဆီးဖြစ်နေတဲ့ ပုဒ်မ ၅၉ စ ကို ဆိုင်းငံ့ဖို့ပြင်ဆင်နေတဲ့ သတင်းတွေ ကျယ်ပြန့်နေချိန်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအမှာ ပြင်ဆင်၊ အသစ်ပြဌာန်း၊ ရုပ်သိမ်းဆိုတဲ့ စကားရပ်တွေသာ ပါရှိပြီး ဆိုင်းငံ့ဆိုတဲ့ စကားလုံးမပါဝင်တဲ့အတွက် ဆောင်ရွက်နိုင်တယ်လို့ သုံးသပ်နေကြတာလည်း ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၊ ဒုသမ္မတလောင်း အရည်အချက်သတ်မှတ်ချက်မှာ ကာယကံရှင်နဲ့ မိဘနှစ်ပါး၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ချွေးမ တို့ဟာ မြန်မာနိုင်ငံသား ဖြစ်ကြရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ အနိုင်ရ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဖို့ နိုင်ငံအကြီးအကဲ သမ္မတဖြစ်ခွင့်ကို ပိတ်ပင်နေတဲ့ အတားအဆီး ဖြစ်နေတာပါ။

သမ္မတရဲ့သ၀ဏ်လွှာနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီတာဝန်ခံ ဦးထွန်းထွန်းဟိန် ကို ဆက်သွယ်မေးမြန်းတဲ့အခါ “သမ္မတကလည်း ခုန ပြောသလို သူ့ထင်မြင်ချက်နဲ့သူ ပြောတာပေါ့ခင်ဗျာ။ ကျနော့်ပါတီ သဘောထားက အဲဒီ ၅၉ (စ) အပေါ်မှာ ကျနော်တို့က ဘာမှ မှတ်ချက်မပေးလိုပါဘူး။ ကျနော်ပြောခဲ့တာက ၅၉ (စ) ကို ပြောခဲ့တာမဟုတ်ပါဘူး။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ထဲမှာ ပုဒ်မ ၅၉ (စ) လည်း ပါပါတယ်၊ မပါတာ မဟုတ်ပါဘူး။ ပါမှာက ၁၆၈ ချက်တောင်ပါတာပါ။ ၁၆၈ ချက်လုံးပြင်နိုင်ဖို့ရာအတွက် ကျနော်တို့ ကြိုးစားပါ့မယ်၊ အခွင့်အရေးရသလောက် ကြိုးစားပါ့မယ်လို့ ပြောတာပါ။” လို့ ပြောပါတယ်။
လူထုတွေအကြားမှာ ပုဒ်မ ၅၉ (စ) နဲ့ပတ်သက်လို့ တချို့က ဆိုင်းငံ့မယ် တချို့ကျတော့လည်း ဒီပုဒ်မဟာ ၂၀၀၈ ဖွဲ့စည်းပုံမှာ မပါလို့ ဆိုင်းငံ့လို့ မရဘူးလို့ ပြောဆိုနေကြတယ်လို့ သူက ပြောပါတယ်။

ဦးသိန်းစိန်ရဲ့ သ၀ဏ်လွှာအပေါ် အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ရှေ့နေကြီး ဦးသိန်းညွန့်ကို မေးမြန်းရာမှာ “အခုဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့ လွှတ်တော်တို့၊ အမျိုးသားလွှတ်တော်တို့ ၀င်လာတော့ ဇယား (၄) အရ ကတိသစ္စာပြုရတဲ့အခါမှာ ဘာပါသလဲဆိုတော့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါတယ်ဆိုတာ ကတိသစ္စာပြုရာမှာ ပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်ရင် ဒီဖွဲ့စည်းပုံအခြေခံ အခန်း (၁၂) မှာပါတဲ့ ပြဌာန်းချက်အတိုင်းပဲ ပြင်ရမှာပေါ့။ ဒီကနေ့ သမ္မတရဲ့ ပေးပို့တဲ့ သ၀ဏ်လွှာက ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အတိုင်းပဲ ပေးပို့တာပဲလေ။ အဲဒီတော့ အခု ပြောနေကြတဲ့ အခြေခံဥပဒေ ဆိုင်းငံ့ခြင်းဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်း ၁၂ မှာ ဆိုင်းငံ့ခြင်းဆိုတဲ့စာသား တလုံးတပါဒမှ မပါဘူး။ အဲဒီတော့ ဥပဒေမှာ မပြဌာန်းထားတဲ့ အချက်အလက်ကို လုပ်လို့ရတယ်လို့ ယူဆရင်တော့ တရားဥပဒေအရ မေးခွန်းထုတ်စရာတွေ ဖြစ်လာပြီးတော့ နိုင်ငံတကာအတွေ့အကြုံအရရော၊ ကျနော်တို့ ပြည်တွင်း အတွေ့အကြုံအရရော ဒါ အခြေခံဥပဒေဆိုင်ရာ တင်းမာမှုတွေ ဖြစ်လာမှာပေါ့။” လို့ ပြောပါတယ်။

၁၉၉၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့စဉ်က စစ်ကောင်စီက ချေမှုန်းခဲ့တာ ခံခဲ့ရပေမယ့် ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာတော့ ရလဒ်ကို အသိအမှတ်ပြုပြီး ပြည်ထောင်စုလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။ လွှတ်တော်တွေ မခေါ်ယူခင်မှာ အနိုင်ရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့သာမက စစ်ကောင်စီခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေနဲ့ပါ တွေ့ဆုံဆွေးနွေး နိုင်ခဲ့ပါတယ်။

ဒီကနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာတော့ အစုအဖွဲ့အလိုက် ဒုသမ္မတတွေ အဆိုပြုရမယ့် အစည်းအဝေးတွေကို မတ်လ ၁၇ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် အမတ်အစုအဖွဲ့၊ အမျိုးသားလွှတ်တော် အမတ်အစုအဖွဲ့နဲ့ တပ်မတော်သား လွှတ်တော်အမတ်အစုအဖွဲ့ ၃ ခုက ဒုသမ္မတလောင်းတဦးစီကို လွှတ်တော်ကိုယ်စား လှယ်တွေထဲကဖြစ်စေ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူတွေထဲကဖြစ်စေ အဆိုပြုဖို့ ဆွေးနွေးရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်စွဲနဲ့ အမေရိကန် နယူးယောက်တိုင်မ်းသတင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် အလားအလာ ရှိတဲ့ သဘောတူညီမှု တခုကို စစ်တပ်နဲ့ ဆွေးနွေးနေတယ်လို့ ရေးပါတယ်။ ဆွေးနွေးချက်ထဲမှာ အစိုးရသစ်အဆင့်မြင့် နေရာတချို့ကို စစ်တပ်ကို ပေးဖို့နဲ့အပြန်အလှန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ပေးဖို့ကို အန်အယ်လ်ဒီပါတီက ကမ်းလှမ်းတယ်လို့ ပါတီက အဆင့်မြင့် အဖွဲ့ဝင် ၂ ဦးကို ကိုးကားပြီး သတင်းက ရေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013