DVB Logo
Home
မြန်မာသတင်း
ယူအန်အေနှင့် မဟာမိတ်ဆက်ဆံရေး ရပ်ဆိုင်းကြောင်း ရခိုင်အမျိုးသားပါတီကြေညာ
DVB
·
February 8, 2016
ယူအန်အေနှင့် မဟာမိတ်ဆက်ဆံရေး ရပ်ဆိုင်းကြောင်း ရခိုင်အမျိုးသားပါတီကြေညာ
Donate to DVB

ရခိုင်အမျိုးသားပါတီအနေနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ မဟာမိတ်ဆက်ဆံမှုကို ရပ်ဆိုင်းပြီး ညီနောင်တိုင်းရင်းသားများဖယ်ဒရေးရှင်း (အန်ဘီအက်ဖ်) နဲ့သာ လက်တွဲ လုပ်ဆောင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြုလုပ်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကနေ တဆင့် အတည်ပြပြီးနောက် ဖေဖော်ဝါရီ ၇ နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ)ဟာ ၈ ပြည်ထောင်မူကို ကိုင်စွဲထားတဲ့ အတွက် ယူအန်အေနဲ့ မဟာမိတ်ဆက်ဆံတာကို ရပ်ဆိုင်းတာလို့ ရခိုင် အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဒီဗွီဘီကို ပြောပါတယ်။

“နေပြည်တော်ဖက်က ၁၀ ဦး၊ တယ်လီဖုန်းတွေနဲ့ ဆွေးနွေးပါတယ်။ ဒီဖက်မှာလည်း ၁၇ ဦးအပြန်အလှန် ဆွေးနွေးပြီးမှ ယူအန်အေနဲ့ ချိတ်ဆက်မှုကိုတော့ဖြင့် ဖြတ်မှတ်ဖြစ်မယ်ဆိုတဲ့ သဘောဆုံးဖြတ်ကြပါတယ်။ တနည်းအားဖြင့် အဲဒီမှာပါတဲ့တချက်က ကျနော်တို့ဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားချင်တယ်။ သို့သော်လည်းပဲ ယူအန်အေသည် ၈ ပြည်ထောင်မူ ကို အသေကိုင် ထားပါတယ်။ အန်ဘီအက်ဖ်သည် ၈ ပြည်ထောင်ကို အသေမကိုင်ဘဲနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလမှာ ပေါ်ထွန်းလာမယ့် ပြည်နယ်သစ်များ၊ လက်ရှိ အခင်းအကျင်း ၇ တိုင်း၊ ၇ ပြည်နယ်ဆိုတဲ့ ကဏ္ဍအားလုံးကို ဘက်ပေါင်းစုံက သုံးသပ်ပြီးမှ ကျနော်တို့ရဲ့ ဦးတည်ချက်သည် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်များနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ပြည်ထောင်စုဆိုတဲ့မူနဲ့ သွားပါတယ်။ ၈ ပြည်ထောင်ဆိုတဲ့ မူအသေကို မကိုင်တဲ့ အန်ဘီအက်(ဖ်) သဘောဖြစ်တဲ့အခါမှာ ဒီကာလမှ ပျော့ပြောင်းပြီးမှ ကျနော်တို့ လိုလားတဲ့ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ကိုသွားဖို့ ခြေလှမ်း လှမ်းသင့်တယ်ဆိုတဲ့ သဘောလည်း ဆွေးနွေးထားပါတယ်။ ဒါကြောင့် ယူအန်အေ ထက်စာရင် အန်ဘီအက်ဖ်သည် ပျော့ပျော့ပျောင်းပျောင်းလေးနဲ့ လာမယ့်ကာလမှာ နိုင်ငံရေး အလျော့ အတင်းလေးနဲ့ ကစားမှဖြစ်တော့မယ်ဆိုတဲ့သဘောကြောင့် အန်ဘီအက်ဖ် နဲ့ ချိတ်ဆက်မှ ဖြစ်မယ်ဆိုတဲ့ သဘောကို ဆုံးဖြတ်နိုင်ခဲ့တယ်။”

ယူအန်အေနဲ့ မဟာမိတ်ဆက်ဆံမှု ရပ်ဆိုင်းတာနဲ့ပတ်သက်ပြီး ယူအန်အေအဖွဲ့ဝင်တဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “သူတို့ ထုတ်ပြန်ချက် နဲ့ ပတ်သက်ပြီးတော့ ယူအန်အေရဲ့သဘောထား ဘာမှမပြောနိုင်သေးဘူး။ အစည်းအဝေးလည်း မထိုင်ရသေးပါဘူး။ အဲဒီမှာအခြေအနေသိအောင် ပြောပြချင်တာက ရခိုင်အမျိုးသားပါတီ ဖွဲ့တဲ့အချိန်မှာ ALD နဲ့ RNDP ဆိုတဲ့ နှစ်ပါတီပေါင်းပြီးဖွဲ့ထားတာ။ အဲဒီထဲမှာ ALD က ယူအန်အေနဲ့ မဟာမိတ်ပါ။ RNDP က အန်ဘီအက်ဖ်ရဲ့ မဟာမိတ်မှာ ရှိနေပါတယ်။ အခုက ယူအန်အေနဲ့ အဆက်ဖြတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က များသောအားဖြင့် သိသလောက် ဆိုရင်တော့ RNDP လူဟောင်းတွေက ပိုပြီးတော့ များတယ်လို့ ကျနော်ထင်တယ်။ အဲဒါကြောင့် အဲလိုဆုံးဖြတ်တယ်လို့ထင်တယ်။” လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်လွှတ်တော်ထဲ မဲအများဆုံး ရထားတာဖြစ်တဲ့အတွက် ပါတီအနေနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာရယူသင့်ပြီး ပြည်နယ် အစိုးရ ဦးဆောင်ဖွဲ့သင့်တယ်လို့ တောင်းဆိုထားတာဖြစ်ပါတယ်။

ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့်မရရင် အတိုက်အခံအဖြစ် ရပ်တည်သွားမယ်ဆိုတဲ့ ဇန်န၀ါရီလ ၁၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်ပါ သဘောထားအတိုင်း ဆက်လက်ရပ်တည်သွား မယ်လို့လည်း မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အေအန်ပီပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်၊ ယူအန်အေ အဖွဲ့ဝင်တဦး လည်းဖြစ်တဲ့ ဦးအေးသာအောင်ကတော့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခံ ထားရပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများတိုး တက်ရေးပါတီနဲ့ ဦးအေးသာအောင်ဦးဆောင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ၂၀၁၄ နှစ်ဆန်းပိုင်းက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013