DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကြံ့ခိုင်ရေးက ဗိုလ်ချုပ်ဟောင်းအောင်သန်းထွဋ် ဖြစ်နိုင်ဟုဆို
DVB
·
February 7, 2016
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကြံ့ခိုင်ရေးက ဗိုလ်ချုပ်ဟောင်းအောင်သန်းထွဋ် ဖြစ်နိုင်ဟုဆို
Donate to DVB

ဖေဖော်ဝါရီ ၈ ရက်နေ့ စတင်တော့မယ့် ရှမ်းနဲ့ ရခိုင် ပြည်နယ်လွှတ်တော် ၂ ခုမှာ ဒီနေ့ထိ ဘယ်ပါတီက ဘယ်သူတွေ ဦးဆောင်မယ်ဆိုတာ မသိကြသေးသလို စစ်တပ်က ဦးဆောင်သွားဖို့ ရှိတယ်ဆိုတဲ့ ခန့်မှန်း ပြောဆိုချက်တွေ ထွက်ပေါ်နေပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်ပေါင်း ၆၆ ဦးနဲ့ အများစု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) နဲ့ အခြား တိုင်းရင်းသားပါတီပေါင်းက ၆၁ နေရာရှိနေတဲ့အနေအထား ဖြစ်ပါတယ်။

ရှမ်းလွှတ်တော်မှာ ကြံ့ခိုင်ရေးနဲ့ တပ်ကိုယ်စားလှယ်အများစု ရှိနေတာကြောင့် လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်နယ်ဝန်ကြီးချုပ်နေရာတို့မှာ ကြံ့ခိုင်ရေးပါတီကပဲ ဦးဆောင်ရယူသွားဖို့ အခြေအနေ ဖြစ်နေပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်တက်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က အရွေးခံကိုယ်စားလှယ် စိုင်းပန်က သူတို့ လွှတ်တော်တက်ဖို့ တောင်ကြီး ကို ရောက်ရှိနေကြပြီဖြစ်ပြီး စစ်တပ်ကလာတဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်ပဲ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ဖို့ ကြားတယ်လို့ ပြောပါတယ်။

“၀န်ကြီးချုပ်ကတော့ စစ်တပ်ကရောက်နေတဲ့ ဗိုလ်ချုပ်အောင်သန်းထွဋ်ပဲ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးကြတာပေါ့။ သတင်းကတော့ အမျိုးမျိုးထွက်နေတယ်။ ကျနော်တို့လည်း ကံသေ ကံမ ပြောလို့ မရဘူး။ အခုက အန်အယ်လ်ဒီရဲ့ သဘောထားလည်း ဘာမှ မသိရဘူးဗျ။”

သူပြောတဲ့ ဗိုလ်ချုပ်အောင်သန်းထွဋ်ဟာ ရွေးကောက်ပွဲမတိုင်မီ စစ်တပ်က အငြိမ်းစားယူပြီး လောက်ကိုင် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်အဖြစ် ၀င်အရွေးခံပြီး အနိုင်ရထားသူ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က မီဒီယာတွေမှာ ပျံ့နှံ့နေပြီး အန်အယ်လ်ဒီက ပေါက်ထွက်လာတဲ့ ပြည်နယ်တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ အမည်စာရင်းတွေမှာလည်း ရှမ်းနဲ့ ရခိုင် ပါမလာတာကြောင့် အခုလို သတင်းတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

တခါ ရခိုင်ပြည်နယ်လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီက ၂၂ နေရာနဲ့ အများစု ရှိနေပြီး အန်အယ်လ်ဒီက ၈၊ ကြံ့ခိုင်ရေးက ၃၊ တပ်ကိုယ်စားလှယ်က ၁၂ နေရာ ရှိပါတယ်။

ရခိုင်ပြည်နယ်၊ မြေပုံပြည်နယ်လွှတ်တော်အမတ် ဦးအောင်ဝင်းက သူတို့ ပါတီအနေနဲ့ ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်အများစု အနိုင်ရထားတာမို့ လွှတ်တော်အကြီးအကဲနဲ့ ၀န်ကြီးချုပ်နေရာတို့ကို သူတို့ ပါတီကပဲ ရသင့်တယ်လို့ ပြောပါတယ်။

ကြံ့ခိုင်ရေးကိုယ်စားလှယ်အများစု အနိုင်ရထားတဲ့ ရှမ်းပြည်နယ်လွှတ်တော်နဲ့ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်အများစု အနိုင်ရထားတဲ့ ရခိုင်ပြည်နယ် လွှတ်တော်တို့ရဲ့ လွှတ်တော် စတင်ဖို့ ၁ ရက်အလို အနေအထားတွေ စုစည်းတင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြည်နယ်တိုင်းအသီးသီးရဲ့ ဒုတိယအကြိမ် လွှတ်တော်အသီးသီး စတင်တော့မှာဖြစ်ပြီး ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်နယ်တိုင်း လွှတ်တော်တွေကတော့ ထူးထူးခြားခြား သက်ဝင်လှုပ်ရှားခဲ့တာ မတွေ့ရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013