
ဖေဖော်ဝါရီ ၄ ရက်ညပိုင်းက မီးလောင်ကျွမ်းခဲ့တဲ့ ဧရာဝတီတိုင်း၊ လပွတ္တာမြို့က မီးဘေးသင့်ပြည်သူ ၁၀၀၀ ကျော်အတွက် ပြန်လည်ထူထောင်ရေးပစ္စည်းတွေနဲ့ အလှူငွေတွေသာ အဓိကလိုအပ်နေတယ်လို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ မီးဘေးနောက်ဆက်တွဲ လေ့လာဆန်းစစ်ချက်နဲ့ မျက်မြင်တွေ့ရှိချက်အရ ဒုက္ခသည်ဟာ အစားအသောက်နဲ့ အ၀တ်အထည်တွေ ပြည့်စုံနေပြီး အဓိကလိုအပ်ချက်မဟုတ်တော့ဘဲ ပြန်လည်ထူထောင်ရေးပစ္စည်းတွေနဲ့ အလှူငွေတွေသာ အဓိကလိုအပ်ပါကြောင်း လေ့လာသိရှိရပါတယ်လို့ ဖောင်ဒေးရှင်းအင်တာနက်စာမျက်နှာမှာ ဖော်ပြထားတာပါ။
ဒါ့အပြင် လပွတ္တာမြို့ကို အလှူရှင်တွေ အဆက်မပြတ် ရောက်ရှိနေပြီး မီးဘေးသင့်အိမ်ပိုင်ရှင်တွေအနေနဲ့ တအိမ်ထောင်လျှင်ထောက်ပံ့ပစ္စည်း ၁၀ သိန်းကျော် ဖိုးလောက် ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဟာ လပွတ္တာ မီးဘေးသင့် ပြည်သူများကို ဖေဖော်ဝါရီ ၆ရက်မှာ သွးရောက်ကူညီထောက်ပံ့ခဲ့ပြီး တွေ့ရှိချက်တွေကို လေ့လာ ဆန်းစစ်တင်ပြခဲ့တာ ဖြစ်ပါတယ်။
မီးဘေးသင့်သူတွေထဲမှာ ကျောင်းသားတွေ ပါဝင်နေပြီး စာမေးပွဲလဲ နီးကပ်နေတာကြောင့် ကျောင်းသားမိဘတွေ စိတ်ပူနေတာကို ၀ိုင်းဝန်းအားပေးကြဖို့လိုတယ်လို့လဲ ထောက်ပြထားပါတယ်။
လိုအပ်ပါက မြို့မိမြို့ဖတွေကလည်း အိမ်တိုင်ရာရောက် အားပေးစကား ပြောကြားပြီး ကျောင်းဝတ်စုံ၊ လွယ်အိတ်နဲ့ စာမေးပွဲဖြေဆိုဖို့ အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းနိုင်ပါက သင့်လျှော်မည်ဟု မြင်ပါသည်။ မိဘများမှာလက်ရှိတွင် အလုပ်လက်မဲ့ နေအထားတွင်ရှိပါ သောကြောင့် ကျောင်းသား/သူ ၁၇၈ ဦးနှင့် ဆရာ/ဆရာမ ၅ ဦး အတွက်သီးသန့်ု အလှူငွေများ ထောက်ပံ့ပါက ပိုမိုသင့်တော်မည်ဟုမြင်ပါသည်လို့ ဖောင်ဒေးရှင်းက အကြံပြုထားပါတယ်။
လပွတ္တာမြို့ မီးဘေးအတွင်း ငါး၊ ပုစွန်၊ ဂဏန်း ဒိုင်ပေါင်း ၁၃၀ ကျော် ပါသွားပြီး အဲ့ဒီဒိုင်တွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား ၂၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်နေကြောင်းလည်း ဖော်ပြထားပြီး အဲ့ဒီ ငါးပုစွန်ဒိုင်တွေ ပြန်လည်ထူထောင်နိုင်ဖို့ သက်ဆိုင်ရာဘဏ်တွေက ငွေထုတ်ချေးသင့်တယ်လို့လည်း အကြံပြုထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်နာမည်နဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့ပြီး ဖောင်ဒေးရှင်းအနေနဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍနဲ့ သဘာဝဘေးဒဏ်ခံရသူတွေကို ထောက်ပံ့ကူညီရေးလုပ်ငန်းတွေ အဆက်မပြတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း











