DVB Logo
Home
မြန်မာသတင်း
ကချင်တိုင်းရင်းသားအားလုံး ညီညွတ်ကြရန် ကေအိုင်အိုအကြီးကဲပြော
DVB
·
February 5, 2016
ကချင်တိုင်းရင်းသားအားလုံး ညီညွတ်ကြရန် ကေအိုင်အိုအကြီးကဲပြော
1 / 2
Donate to DVB

၂၀၁၆ ခုနှစ်ဟာ  နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့နှစ်ဖြစ်ပြီး ကချင်တိုင်ရင်း သားအားလုံးညီညွတ်ကြဖို့ ကေအိုင်အို အကြီးအကဲက ဒီကနေ့ကျရောက်တဲ့ ၅၆ နှစ်မြောက်  ကချင်တော်လှန်ရေးနေ့မှာ သတိပေးတိုက်တွန်းပါတယ်။

ကေအိုင်အို ဥက္ကဋ္ဌ ဦးဇောင်းဟရားက ဌာနချုပ်လိုင်ဇာနဲ့တကွ အခြား တပ်မဟာ၊ တပ်ရင်း နယ်မြေအသီးသီးမှာ ကျင်းပနေတဲ့ တော်လှန်ရေးနေ့အခမ်းအနားတွေကို သ၀ဏ်လွှာပေးပို့  မှာကြားခဲ့တာလို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးစန့်အောင်က ဒီဗွီဘီကို ပြောပါတယ်။

“၂၀၁၆ ခုနှစ်ကတော့ နိုင်ငံရေးဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ထူးခြားမယ်၊ လမ်းခရီးအကြီးကြီးတခုကို လျှောက်လှမ်းရမယ့် အနေအထားမှာရှိတယ်လို့ ဥက္ကဋ္ဌကြီး ဦးဇောင်းခရားက ပြောပါတယ်။ အဲဒီလမ်းကြောင်းကို လျှောက်တဲ့ခါမှာ နိုင်ငံရေးပါတီကတမျိုး၊ လူမှုအဖွဲ့အစည်းတွေကတမျိုး၊ လက်နက်ကိုင်အဖွဲ့ကတမျိုး ဟိုတဖွဲ့ ဒီတဖွဲ့ တကွဲတပြား မဟုတ်ဘဲ ကချင်အဖွဲ့တွေ စည်းစည်းလုံးလုံးနဲ့ တသံတည်းသွားရင် နိုင်ငံရေး ငြိမ်းချမ်းရေးအတွက် ပိုခရီးရောက်မယ် ဆိုတဲ့သဘောမျိုး ပြောသွားပါတယ်။”

ကေအိုင်အို ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဒွဲဗီဇာကလည်း ဒီနှစ် တော်လှန်ရေးနေ့မှာ စစ်ရေးပြချီတက်အခမ်းအနားတွေအပြင် ကေအိုင်အိုမှာ အနှစ် ၅၀ ပြည့်တိုင် အမျိုးသားရေး တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုပါ ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြတယ်လို့  ပြောပါတယ်။

ကေအိုင်အိုအဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်ရပ်ခဲ့ပေမယ့် နယ်ခြားစောင့်တပ်ဖွဲ့ရေး ဖိအားပေးတာကို ငြင်းဆန်ခဲ့ပြီးနောက် တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီ နှစ်အတွင်းမှာတော့ တိုက်ပွဲတွေ ရပ်တန့်နေတယ်လို့ ဦးစန့်အောင်က ပြောပါတယ်။

ပြည်တွင်းနိုင်ငံရေးမှာတော့ ပြည်သူလူထုက တခဲနက်ထောက်ခံမှုကို ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေကို စတင်ခေါ်ယူခဲ့ပြီး ဒုတိယသမ္မတရွေးချယ်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်လုပ်ငန်းစဉ်တွေအတိုင်း စတင်ဆောင်ရွက်နေချိန်ဖြစ်ပါတယ်။

အနိုင်ရပါတီဟာ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်လို့ ပြည်သူကို ကတိပြုထားသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးဆွေးနွေးပွဲတွေကို သူဦးဆောင်မယ်လို့ ပြောထားပါတယ်။

ကေအိုင်အိုဥက္ကဋ္ဌ သ၀ဏ်လွှာပါ ပြောကြားချက်ဟာ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ကုန်ပိုင်းက ကေအိုင်အို ဗဟိုကော်မတီအစည်းအဝေးမှာ ပြင်ဆင်ချက်တွေကို ထင်ဟပ်ဖွယ်ရှိပါတယ်။ ၅ ရက်ကြာ ဒီအစည်းအဝေးမှာ ကေအိုင်အိုထိပ်သီးခေါင်းဆောင်ပိုင်းအပြောင်းအလဲရှိခဲ့သလို ကချင်လွတ်လပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပါတယ်။

ဒါ့အပြင် အစိုးရနဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးကိစ္စ ဦးဆောင်ဆွေးနွေးဖို့ ကေအိုင်အို ဗဟိုကော်မတီဝင်ရော၊ ဘာသာရေးအဖွဲ့ နဲ့ လူထုကိုယ်စားလှယ်တွေပါ ပါဝင်တဲ့ အကြံပေးအဖွဲ့ ဖွဲ့စည်းဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

12662527_214643975549121_3500157594662044333_nကေအိုင်အိုအဖွဲ့ဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) နဲ့ တနိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးစာချုပ်အချောရေးဆွဲတဲ့အထိ ဦးဆောင်ပါဝင်ခဲ့ပေမယ့်လည်း အစိုးရနဲ့ လက်မှတ်ရေးထိုးတဲ့အခါမှာတော့ မပါဝင်ခဲ့သေးပါဘူး။

ကချင်ဒေသမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီရေး တန်းတူရေးတွေအတွက် ကချင်ကျောင်းသားတစုက ကချင်လွတ်လပ်ရေးအဖွဲ့ကို  လွန်ခဲ့တဲ့ ၁၉၆၁ ခုနှစ်က စတင်ထူထောင်ခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲ ၀င်လာတာဟာ ဒီ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာဆိုရင် နှစ်ပေါင်း ၅၆ နှစ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Jade Land Kachin

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013