DVB Logo
Home
မြန်မာသတင်း
တိုင်းနှင့်ပြည်နယ် လွှတ်တော်များအတွက် အန်အယ်လ်ဒီ ညွှန်ကြား
DVB
·
February 5, 2016
တိုင်းနှင့်ပြည်နယ် လွှတ်တော်များအတွက် အန်အယ်လ်ဒီ ညွှန်ကြား
Donate to DVB

ဖေဖော်ဝါရီ ၈ ရက်နေ့ စတင်မယ့် တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်အသီးသီး အပ်နှင်းတဲ့ ချိတ်ပိတ်စာအိတ်တွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အလိုက် ပါတီခေါင်းဆောင်တွေကို ပေးအပ်ခဲ့ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ လွှတ်တော်စတင်တဲ့အခါ တာဝန်ထမ်းဆောင်ကြရမယ့် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အစိုးရအဖွဲ့စာရင်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းနဲ့ ပြည်နယ်အဆင့်တာဝန်ရှိသူတွေကို ပေးအပ်ခဲ့တယ်လို့ တိုင်းအလုပ်အမှုဆောင်တွေထံက သိရပါတယ်။

ဒီစာအိတ်တွေကို ဖေဖော်ဝါရီ ၈ ရက်နေ့မတိုင်ခင် ဖေဖော်ဝါရီ ၆ ရက်၊ ၇ ရက်တွေမှာ ပြည်နယ်နဲ့တိုင်းအလိုက် ကိုယ့်ပါတီကိုယ်စားပြု အနိုင်ရကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီး စာအိတ်ဖွင့် အသိပေးဖို့ဖြစ်ပါတယ်။

အခုချိန်ထိတော့ ဒီစာအိတ်ထဲမှာ ဘယ်သူ့ကို ဘာတာဝန်ပေးတယ်၊ ဘယ်သူက လက်မှတ်ရေးထိုး တာဝန်ပေးအပ်တယ်ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။

အမည်မဖော်လိုသူ တိုင်းအလုပ်အမှုဆောင်တဦးက “သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေမှာ တိုင်းအတွင်းမှာရှိတဲ့ ကိုယ်စားလှယ်တွေကို တိုင်းဦးဆောင်အဖွဲ့တွေကပဲ ခေါ်ယူပြီးတော့မှ တာဝန်ပေးအပ်မှုနဲ့ပတ်သက်တဲ့စာကို ရှင်းလင်းပြီး အားလုံးသဘောတူညီစွာ လွှတ်တော်စတင်တဲ့နေ့မှာ အထစ်အငေါ့မရှိ ဆောင်ရွက်နိုင်ဖို့ပါ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ စတင်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွေ မတိုင်ခင်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြိုတင်ပြင်ဆင်လေ့ကျင့်မှုလုပ်တဲ့ အစဉ်အလာရှိခဲ့ပါတယ်။

ဒါကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေခေါ်ယူတဲ့အခါမှာလည်း သဘာပတိရွေးချယ်တာ ကျမ်းကျိန်တာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ အဆိုတင် ရွေးချယ်ခန့်အပ်တာတွေကို အမှားအယွင်းမရှိ ဆောင်ရွက်နိုင်ဖို့ ကြိုတင်လေ့ကျင့်ကြဖွယ်ရှိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ ၀န်ကြီးချုပ်တွေကို သမ္မတက အဆိုပြုရမှာဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်ချင်တဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးဟာ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် အဟန့်အတားဖြစ်နေဆဲဖြစ်ပြီး ဥပဒေအတားအဆီးတချို့ကို ကျော်လွှားနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပါ တယ်။

တိုင်းနဲ့ ပြည်နယ်လွှတ်တော် ၁၄ ခုအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၂ နေရာမှာ ကိုယ်စားလှယ်အများစုရရှိထားပြီး ရှမ်းပြည်နယ်လွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်ပြည်နယ်လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်အများစု ရရှိထားပါတယ်။

ရခိုင်အမျိုးသားပါတီက ပြည်နယ်အစိုးရကို ဦးဆောင်တဲ့ ၀န်ကြီးချုပ်တာဝန်ထမ်းရွက်ဖို့ လိုလားကြောင်း ထုတ်ဖော်ပြောဆိုထားသလို ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲရလဒ်အရ ၀န်ကြီးချုပ် ခန့်အပ်နိုင်ခွင့်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွေ့ဆုံညှိနှိုင်းဖို့ အဖွဲဝင် သုံးဦးပါ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့ထားပါတယ်။

နောက်ဆုံးဖြစ်ထွန်းမှုနဲ့ပတ်သက်လို့ ပါတီထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဦးလှစောက “အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်တာဝန်ရှိလူကြီးတွေအတွက် သင်တန်းတွေ ဘာတွေပေးတော့လည်း ရခိုင်ပြည်နယ်က နိုင်တဲ့ ဦးညီပုတို့ကို တွေ့တယ်လေ။ သူတို့ပဲ ဖွဲ့စည်းဦးစီးဖို့ များတာပေါ့။ ကျနော်တို့ကြားမှာတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဘာမှ မရှိတော့ဘူးခင်ဗျ။ နေပြည်တော်မှာလည်း ကမ်းလှမ်းမှုတွေဘာတွေ ဘာမှ မရှိပါဘူး” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013