DVB Logo
Home
Lead Story
ယာယီတာဝန်ထမ်းဆောင်မည့် သမ္မတ ကိုသာ ရွေးကြလိမ့်မယ်
DVB
·
February 5, 2016
ယာယီတာဝန်ထမ်းဆောင်မည့် သမ္မတ ကိုသာ ရွေးကြလိမ့်မယ်
Donate to DVB

ယခုတလော.. ပုဂ္ဂလိကပိုင် စာနယ်ဇင်းတချို့တွင်ပါရှိသည့် အန်အယ်လ်ဒီကတင်မည့် သမ္မတလောင်း၊ လွှတ်တော်အကြီးအမှူးများနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မည်သူဖြစ်နိုင်သည်၊ မည်သူကိုရွေးချယ်ထားသည်ဆိုသော သတင်းများသည် လူစိတ်ဝင်စားစရာ အကောင်းဆုံး သတင်းများဖြစ်နေပေသည်။ အန်အယ်လ်ဒီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက လွှတ်တော်သစ်၏ အကြီးအမှူးလောင်း လေးဦးအမည်ကို ပြည်ပသတင်းဌာတခုသို့ ပြောကြားသည့် သတင်းထွက်လာပြီး နောက်တွင်၊ ဤကိစ္စများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သာလျှင် ပါတီ၏တရားဝင်ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး အခြားသူတို့ပြောဆိုသောသတင်းများကို ပိတ်ပင် လိုက်သည်ဟု  အန်အယ်လ်ဒီပါတီ၏ ကြေငြာချက်ထွက်ပေါ်လာသည့်တိုင်အောင်ရပ်မသွားဘဲ၊ သမ္မတလောင်း ခန့်မှန်းခြေသတင်းများ ဆက်လက်ထွက်ပေါ်လျက်ရှိနေပြန်သည်။

နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ပြည်သူလူထုထောက်ခံမဲအမှန်အကန်ဖြင့် ပထမဆုံးတက်လာမည့် သမ္မတ၊ အစိုးရအဖွဲ့ နှင့် လွှတ်တော်အကြီးအမှုးများကို ပြည်သူများက စိတ်ဝင်စားကြသည်မှာလေးနက်သောအကြောင်းများရှိနေပါသည်။ အဓိက အားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတ၊ ဒု-သမ္မတဖြစ်ခွင့်မရှိဘဲ ပိတ် ပင်ထားခံရသဖြင့်၎င်း၊ သမ္မတဖြစ်ခွင့်မရှိပါက သမ္မတအထက်ကနေမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သဖြင့် ၎င်း မည်သူ သမ္မတဖြစ်မည်နည်းဆိုသည်ကို ပို၍စိတ်ဝင်စားကြသည်။ သမ္မတ အထက်တွင်နေမည်၊ သမ္မတတွင် အာဏာရှိမည်မ ဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသတင်းထောက်တဦးနှင့် အင်တာဗျူး ပြောကြားချက်သည် သမ္မတတာဝန်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံးပြောကြားချက်ဖြစ်ကာ၊ ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေနှင့် နှစ်ဦးတည်း နှစ်နာရီကျော်ကြာ တွေ့ဆုံပြီးနောက် ထပ်မံပြောဆိုမှုမရှိတော့ချေ။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့်တွေ့ဆုံပြီးနောက် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်တို့နှင့် တကြိမ်စီသာတွေ့ဆုံခဲ့ကြကာ  (၂၅-၁-၂၀၁၆) ရက်နေ့တွင်မူ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဒုတိယတကြိမ်တွေ့ဆုံခဲ့ကြပြန်သည်။

အဘက်ဘက် အခြေအနေများကို ထောက်ရှုလေ့လာပြီး ကျနော်သုံးသပ်မိသည်မှာ ….၅၉ (စ) ကိုပြင်ဆင်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ယေဘုယျအားဖြင့် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ပြီးဖြစ်သည်ဟုယူဆပါသည်။ သို့သော်လည်း ၅၉ (စ) ပြင်ဆင်ရေးကို လက်ရှိလွှတ်တော်တွင် ဆောင်ရွက်သည်ထက် နောက်လွှတ်တော်တွင် ဆောင်ရွက်ခြင်းက ပိုမိုစိတ်ချ သေချာမည်ဖြစ်သည်။ အကြောင်းမှာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံသည့်တိုင်လက်ရှိလွှတ်တော်- ပြည်ခိုင်ဖြိုးအမတ်အများစု၏ ထောက်ခံမှုကို ရရှိရန်မသေချာ၍ဖြစ်ပါသည်။

တဖန် ထိုပြင်ဆင်ချက်ကိုဒုတိယအကြိမ်လွှတ်တော်တွင်း အလျင်အမြန်ပြင်ဆင်ရန်လည်းမဖြစ်နိုင်ပါချေ။ အကြောင်းမှာ လွှတ် တော်တွင်း ပြင်ဆင်ပြီးသည့်တိုင် ပြည်သူ့ဆန္ဒခံယူပွဲဖြင့် အတည်ပြုရဦးမည်ဖြစ်ရာ အချိန်တို အတွင်းပြီးစီးနိုင်မည်မဟုတ်သဖြင့်၊  ၅၉ (စ) ကိုမပြင်ဆင်နိုင်မှီ သမ္မတသစ်တစ်ဦးကို တင်မြှောက်ပြီး အစိုးရဖွဲ့စည်းရေးနှင့် အာဏာလွှဲပြောင်းရေးကို အရင်လုပ် ဆောင်ခြင်းကသာ ပိုမိုအဆင်ပြေမည်ဖြစ်ပါသည်။

လွှတ်တော်သစ်စတင်ကျင်းပပြီး သမ္မတသစ်တစ်ဦးတင်မြှောက်၍ ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုအဖွဲ့အစည်း အဖွဲ့ဝင်များရွေးချယ်ကာ ပြည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုရေးတို့မှာ အစိုးရဟောင်းထံမှ အာဏာ လွှဲပြောင်းရယူ ရေးအတွက် အလျင်အမြန် ဆောင်ရွက်ရမည့်ကိစ္စဖြစ်လေသည်။ ထို့နောက် တွင်မှ….

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ)ကို၊  ပြည်ထောင်စုလွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်းကျော်မဲဖြင့်ပြင်ဆင်ရန် သဘောတူဆုံးဖြတ် ပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပကာ အတည်ပြုချက်ရယူရပါမည်။ ကာကွယ်ရေးဦးစီးချုပ်နှင့် ပြောဆိုနားလယ်မှုရပြီး သားဖြစ်လျှင် ဒုတိယအကြိမ် လွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲကို အလွယ်တကူရနိုင်ပါသည်။

ထိုသို့ ၅၉ (စ) ကို ပြင်ဆင်အတည်ပြုပြီးနောက် သမ္မတက နုတ်ထွက်ပေးပြီး လစ်လပ်သွားသောသမ္မတနေရာတွင် ဒုတိယမဲအများဆုံး ရခဲ့သည့် ဒု-သမ္မတက သမ္မတတာဝန်ယာယီထမ်းဆောင်ရပါမည်။ နုတ်ထွက်သွားသော သမ္မတသည် ပြည်သူ့လွှတ်တော်မှ ရွေးချယ်ပေးခဲ့သော သူဖြစ်ခဲ့လျှင် ပြည်သူ့လွှတ်တော်မှပင် နောက်ထပ် ဒုသမ္မတလောင်းတဦးကို အစားထိုး ပြန်လည်ရွေးချယ် တင်မြှောက်ပေးရမည်ဖြစ်ရာ ပြည်သူ့လွှတ်တော်ရွေးကောက်ခံအစုအဖွဲ့မှပင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်းအဖြစ် တင်သွင်းနိုင်မည်ဖြစ်ပါသည်။ ထို့နောက် သမ္မတတာဝန်ယာယီထမ်းဆောင်နေသော ဒု-သမ္မတ၊ အခြား ဒု-သမ္မတတစ်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ကာ မဲအများဆုံးရသူက သမ္မတတာဝန် ထမ်းဆောင်ရမည်ဖြစ် ပါသည်။ သို့ဖြစ်ရာ လွှတ်တော်က လတ်တလောတင်သွင်းမည့် သမ္မတမှာ ခေတ္တခဏသာ တာဝန်ယူရမည့် သဘောဖြစ်လေရာ အသက်အရွယ်ကြီးရင့်ပြီး ပါတီကတာဝန်ပေးလျှင် ထမ်းဆောင်ရန်အဆင်သင့်ရှိသည့် သူရ ဦးတင်ဦးလည်းဖြစ်နိုင်သလို အခြားတဦးဦးလည်းဖြစ်နိုင်ပါသည်။ ခေတ္တခဏသာ တာဝန်ယူရမည်ဖြစ်၍ မည်သူဖြစ်သည်က အရေးမကြီးလှဟု ထင်ပါသည်။

ဤနေရာတွင် တခုပြောရန်ရှိသည်မှာ ၅၉ (စ) ကို မပြင်ဆင်ဘဲ ခေတ္တဆိုင်းငံ့ထားလျှင်မရနိုင်ဘူးလား၊ ပို၍မမြန်ဘူးလား ဟုမေးရန်ရှိပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ နိုင်ငံတခုအတွက် အခြေခံကျသည့် ပင်မဥပဒေ ( Mother Law) ဖြစ်ရာ အခြေခံဥပဒေပါ ပြဌာန်းချက်တရပ်ကို ပြင်ရန် ခက်ခဲ၍ ၊ အချိန်ကုန်၍ ဆိုကာ သာမာန်အများစုမဲဖြင့် ရပ်ဆိုင်းထားမည်ဆို သည်မှာ မဖြစ်သင့်ပါ။ ပြည်ထောင်စုလွှတ်တော်အတွက် ကောင်းမွန်သော အစဉ်အလာတရပ်မဟုတ်သဖြင့် တပ်မတော်ကလည်း လက်ခံလိမ့်မည်မထင်ပါ။ ၅၉ (စ)ကို တခါတည်းပြင်ဆင်လိုက်ခြင်းက ပိုမိုလက်ခံနိုင်ဘွယ်ရာဖြစ်သည်ဟုယူဆပါသည်။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့် ဒုတိယအကြိမ်ဆွေးနွေးကြသည့်ကိစ္စမှာ ၅၉ (စ) ပြင်ဆင်ရေး အခြေခံသဘောတူညီ ထားချက်တွင် ပါဝင်သည့် အစိတ်အပိုင်းအချို့ဟုသာမြင်ပါသည်။ ဥပမာအားဖြင့် ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့ရှိ ဝန်ကြီးချုပ်များကို တပ်မတော်မှလိုလားသည့်သူများအား အန်အယ်လ်ဒီ သမ္မတက သက်ဆိုင်ရာလွှတ်တော်များသို့ အမည်စာရင်း တင်သွင်းရေးလို ကိစ္စမျိုးဖြစ်နိုင်ပါသည်။

မည်သည့် ကိစ္စမျိုးကိုညှိနှိုင်းသည်ဖြစ်စေ အမျိုးသားရင်ကြားစေ့ရေး၊ တနည်းအားဖြင့် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ကောင်းမွန်ချောမွေ့ပါမှ ကျနော်တို့နိုင်ငံ၏ ဒီမိုကရက်တစ်အပြောင်းအလဲ သာယာလှပမည်ဖြစ်၍ အဆင်ပြေချောမွေ့ပါစေကြောင်း ဆုတောင်းရင်း သမ္မတဘယ်သူဖြစ်မလဲဆိုသည့် ကျနော့်ထင်မြင်ယူဆချက်ကို တင်ပြလိုက်ပါသည်။

ရဲထွန်း (သီပေါ)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013