DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင် ပေါရိသတ် (ခေါ်) ကောသမ္ဘီမြို့ဟောင်း စမ်းသပ်တူးဖော်
DVB
·
February 4, 2016
ရှမ်းပြည်နယ်တွင် ပေါရိသတ် (ခေါ်) ကောသမ္ဘီမြို့ဟောင်း စမ်းသပ်တူးဖော်
1 / 19
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်အတွင်းရှိ ပေါရိသတ်မြို့ဟောင်း (ခေါ်) ကောသမ္ဘီမြို့ဟောင်းရဲ့ မြို့ဝင်ပေါက်ကို စမ်းသပ်တူးဖော် သုတေသနလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပြီလို့ ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ညောင်ရွှေမြို့ မြောက်ဘက် ၄ မိုင်အကွာရှိ ပေါရိသတ်မြို့ဟောင်းရဲ့ မြို့ဝင်ပေါက်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၀န်ထမ်းတွေ ပါဝင်တဲ့ သုတေသနပြု တူးဖော်ရေးအဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်အထိ စမ်းသပ်တူးဖော်ခဲ့တာပါ။

တူးဖော်မှုအရ မြို့ရိုးကို အောက်ခြေမှာ မီးသင့်ကျောက်ခင်း အုတ်မြစ်ခံထားပြီး မြေမီးဖုတ် အုတ်ကောင်းတွေကို လှပအောင် ပုံဖော်ကာ အတွင်းပိုင်းမှာ အုတ်ကျိုးစီ တည်ဆောက်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိုးခြမ်းကွဲ၊ ဆီမီးခွက်၊ ရေသယ်အိုး၊ သိုလှောင်အိုး၊ ချက်ပြုတ်အိုး၊ ရေစင်တော်သွန်းအိုး၊ သပိတ်ပုံသဏ္ဌာန်အိုးတွေအပြင်အိုးခြမ်းကွဲတွေ၊ လက်ရေးစင်းတွေ၊ ပျူဂဏန်း၊ သင်္ချာဂဏန်းလို့ ယူဆရတဲ့ ဂဏန်းတွေ၊ ခွေးခြေရာတွေပါရှိတဲ့ အုတ်တွေ၊ ခုံးအုတ်၊ လှိုင်းတွန့်သုံးတွန့်ပါအုတ်တွေ၊ ထပ်ဆက်နိုင်တဲ့ မြောင်းပါအုတ်တွေ၊ သံမယ်နတွေနဲ့ ကြေးချောင်းပစ္စည်းတွေ တူးဖော်တွေ့ရှိတယ်လို့လည်း ဆိုပါတယ်။

မြို့ဟောင်းရဲ့ ပုံသဏ္ဌာန်ဟာ မှန်ကူကွက်ပုံ သို့မဟုတ် အနားပြိုင်စတုဂံပုံရှိပြီး ၉၂၄ ဧက ကျယ်ဝန်းကာ မြောက်ဘက်နဲ့ တောင်ဘက်မြို့ရိုးဟာ ၂၁၅၀ မီတာ အရှည်နဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်မြို့ရိုးက ၁၅၅၀ မီတာခန့် ရှည်တယ်လို့ သိရပါတယ်။

ပေါရိသတ်မြို့ဟောင်း (ဒေသအခေါ်မြို့ကြီးကွင်း) ရဲ့ မြို့ရိုးဝင်ပေါက်ဟာ မန္တလေးတိုင်း မြစ်သားမြို့နယ်ရှိ ပင်လယ်မြို့ဟောင်း (မိုင်းမော) ရဲ့ မြို့ဝင်ပေါက်နဲ့ ဆင်တူတာ တွေ့ရတဲ့အတွက် ပျူခေတ်နဲ့ မရှေးမနှောင်း ထွန်းကားခဲ့တဲ့ မြို့ဟောင်းတခုအဖြစ် လတ်တလော သုံးသပ်ထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဓာတ်ပုံ - Ministryof Culture

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013