DVB Logo
Home
မြန်မာသတင်း
ကျူးကျော်တွေအပေါ် လူသားချင်း စာနာဆောင်ရွက်ရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
DVB
·
February 4, 2016
ကျူးကျော်တွေအပေါ် လူသားချင်း စာနာဆောင်ရွက်ရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
Donate to DVB

ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားမယ်ဆိုပါက ညင်သာသိမ်မွေ့စွာ ဆောင်ရွက်ဖို့နဲ့ ပြန်လည်နေရာချထားပေးရေး ကိစ္စတွေကို လူသားချင်းစာနာမှု အခြေခံပြီး ဆောင်ရွက်ဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အစိုးရ တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့လက ရန်ကုန်တိုင်း ယုဇနဥယျဉ်မြို့တော်၊ မင်္ဂလာဒုံ ပျဉ်းမပင်စက်မှုဇုန်နဲ့ မန္တလေးတိုင်း ညောင်နီကျေးရွာတွေမှာ ကျူးကျော်နေထိုင်သူတွေကို အာဏာပိုင်တွေက အဓမ္မ ဖယ်ရှားခဲ့တာနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၃ ရက် နေ့စွဲနဲ့ ထုတ်ပြန် တိုက်တွန်းထားတာပါ။

ကျူးကျော်နေထိုင်သူတွေကို မလွှဲမရှောင်သာ ဖယ်ရှားရင် ညင်သာသိမ်မွေ့စွာ ဆောင်ရွက်ဖို့၊ မဖယ်ရှားခင် ပညာပေးဆွေးနွေး၊ သတိပေးအမိန့်တွေ ထုတ်ပြန်ဖို့၊ ရွှေ့ပြောင်းရေးအတွက် သယ်ယူပို့ဆောင်ရေး စီစဉ်ပေးဖို့နဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကူအညီတွေပေးပြီး ပြန်လည်နေရာချထားရေးကို လူသားချင်း စာနာထောက်ထားမှု အခြေခံ ဆောင်ရွက်ပေးဖို့ တိုက်တွန်းပါတယ်။

ကျူးကျော်တွေကို ဖယ်ရှားရာမှာ တာဝန်ရှိသူတွေက ယာယီနေထိုင် စားသောက်နိုင်ရေးနဲ့ ကျန်းမာရေး အကူအညီ အစောင့်အရှောက်တွေ ပေးမယ်လို့ ပြောပေမယ့် လက်တွေ့အကူအညီ မရ ဖြစ်နေပြီး သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေနဲ့ ပညာသင်ဆဲ ကျောင်းသူကျောင်းသားတွေ အခက်အခဲ တွေ့နေရတယ်လို့လည်း ဆိုပါတယ်။

အဓမ္မ နေရာဖယ်ရှားခံခဲ့ရသူတဦးဖြစ်တဲ့ ဒေါ်ခင်စောဝေက လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး “ကျမတို့ ဘော်စကိုစက်ရုံရှေ့မှာ ဒုက္ခသည်စခန်းဖွင့်ပြီး လမ်းဘေးမှာ တည်းနေတယ်ပေါ့နော်။ လူဦးရေ ၅၀၀ နီးပါးလောက် အဲဒီမှာနေနေတယ်။ အိမ်ခြေ ၂၅၀ ကျော်လောက်ပေါ့။ နောက် ဖျက်လိုက်တဲ့ကွင်းမှာလည်း လူဦးရေ ၁၀၀ နီးပါးလောက်ရှိတယ်။ အဲဒါတွေကတော့ သူတို့ ခြံကာထားပြီး အ၀င်အထွက်တွေကိုလည်း ပိတ်ထားတော့ ရေတို့ ထမင်းထုပ် ပို့တာကအစ တော်တော် ခက်ခက်ခဲခဲ ပို့ရတယ်။ အခက်အခဲတွေကတော့ ရာသီဥတု အခက်အခဲတွေလည်း ရှိတာပေါ့။ တဲတွေက မလုံမခြုံနဲ့ နောက် ကလေးမီးဖွားခါစလည်း မနေ့ကပဲ တယောက်ပို့လိုက်ရတယ်။ မြောက်ဥက္ကလာမှာ ဆေးရုံကို အဲလိုမီးနေသည်တွေရှိတယ်။ သက်ကြီးရွယ်အိုတွေရှိတယ်။ ကလေးတွေရှိတယ်ပေါ့။ လမ်းဘေး တဲလေးတွေနဲ့ မလုံမခြုံ နေရတယ်။ အလုပ်သမားတွေလည်း အလုပ်သွားဖို့ အခက်အခဲရှိတော့ စားဝတ်နေရေးတွေလည်း ခက်တယ်။ မိန်လာကတော့ ကျမတို့ အစိုးရိမ်ဆုံးပဲ။ လမ်းဘေးမှာ နေတယ်ဆိုတော့ တော်တော်ကို ဆိုးနေပြီ။ နောက် သောက်သုံးရေ အခက်အခဲ တော်တော်ကို ခက်ခဲပါတယ်။” လို့ ပြောပါတယ်။

အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကတော့ ကျူးကျော်တွေ အနေနဲ့လည်း သက်ဆိုင်ရာက ပြန်လည်နေရာချထားပေးရင် ဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာဖို့လည်း ထုတ်ပြန်ချက်မှာ အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013