DVB Logo
Home
မြန်မာသတင်း
ဒေါ်စု သမ္မတဖြစ်ခွင့် ပိတ်ပင်သည့်ဥပဒေ ဆိုင်းငံ့မှု ဦးရဲထွဋ် ကန့်ကွက်
DVB
·
February 3, 2016
ဒေါ်စု သမ္မတဖြစ်ခွင့် ပိတ်ပင်သည့်ဥပဒေ ဆိုင်းငံ့မှု ဦးရဲထွဋ် ကန့်ကွက်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ စ ကို ဆိုင်းငံ့မှုကို သမ္မတ ပြောရေးဆိုခွင့်ရှိသူ  ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ကန့်ကွက်ပြောကြားပါတယ်။

“အခု အန်အယ်လ်ဒီက ပုဒ်မ တခုကို ဆိုင်းငံ့လိုက်ရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘာဖြစ်မလဲ၊ တခြားပါတီတခု တက်လာမယ်၊ ပြီးရင်သူတို့ကလည်း ပုဒ်မ ၁၀ ခု၊ ၁၂ ခုလောက်ကို ဆိုင်းငံ့လိုက်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်က ဘာဖြစ်သွားမလဲ” လို့ ဦးရဲထွဋ်ပြောဆိုချက်ကို  ရိုက်တာသတင်းက ကိုးကားပါတယ်။

ပုဒ်မ ၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်သမ္မတတာဝန် မထမ်းရွက်နိုင်အောင် ကန့်သတ်ချက်တွေပါရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မဖြစ်ပါတယ်။ အစိုးရသစ် ဖွဲ့စည်းတဲ့အခါ ဒီပုဒ်မကို လွှတ်တော်မှာ ဆိုင်းငံ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ တင်မြှောက်နိုင်တယ်လို့ သုံးသပ်မှုတွေ မြင့်တက်နေချိန် အစိုးရဘက်က ၀န်ကြီးတဦးရဲ့ တုံ့ပြန်ချက်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရထားတာကြောင့် လွှတ်တော်မှာ ဒုသမ္မတလောင်း ၃ ဦးအနက် ၂ ဦးကို တင်မြှောက်ခွင့်ရှိရေး ကျိန်းသေနေပြီး တပ်မတော်သားကိုယ်စားလှယ်တွေက ၁ ဦးတင်မြှောက်ခွင့်ရှိနေပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ စတင်ခေါ်ယူပြီးတဲ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒုတိယ သမ္မတလောင်းအမည်စာရင်းကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ မနေ့ကအထိတော့ ပါတီနာယက သူရဦးတင်ဦးက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ကြိုးစားနေတယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ဗဟိုအလုပ်အမှုဆောင်ဟောင်း သူရဦးအောင်ကိုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့နိုင်တယ်၊ ဒါမှမဟုတ် မဆိုင်ငံ့နိုင်ရေးနဲ့ပတ်သက်လို့ တားမြစ်ထားတာမရှိတဲ့အတွက် ဥပဒေကို ဆိုင်းငံ့နိုင်တယ်လို့  ပြောဆိုခဲ့ပါတယ်။

သူရဦးအောင်ကိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး ဒေါ်အောင်ဆန်းစုကြည်က တာဝန်တခုခုအပ်နှင်းရင် ထမ်းဆောင်မယ်လို့ ဒီလ ၁ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ထံမှာ စွမ်းအားနဲ့၊ သြဇာသက်ရောက်မှု ရှိသလို စိတ်ဓာတ်ပြင်းပြတဲ့ လွှတ်တော်ကိုယ်စားလှယ်ကောင်းတွေနဲ့ ရည်ရွယ်ချက်ကောင်းတွေလည်း ရှိနေတယ်လို့ ပြောဆိုပြီး အကောင်အထည်ဖော်တဲ့အခါ  တခြားစစ်ဘက် အရပ်ဘက် အတွေ့အကြုံတွေနဲ့ ပေါင်းစပ်နိုင်ဖို့ လိုနေတယ်လို့ ပြောပါတယ်။

“တခုကတော့ ဒီလိုအရည်အသွေးတွေကို စစ်ဘက်နဲ့ အရပ်ဘက်က တခြားသူတွေရဲ့ အတွေ့အကြုံတွေနဲ့ ဘယ်လို ပူးပေါင်းမလဲဆိုတာကတော့ အဓိက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်” လို့ ဦးရဲထွဋ်က ပြောပါတယ်။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဉာဏ်စွမ်း အစွမ်းကုန်သုံးပြီး စိတ်ရှည်ရှည်နဲ့ ဖြေရှင်းဖို့နဲ့ သူတို့ရဲ့ အစီအစဉ်တွေကို ဦးစားပေးဆောင်ရွက်ဖို့ သူက ပြောပါတယ်။

“သူတို့ရဲ့ အစိုးရသက်တမ်း ပထမ ၂ နှစ်ကို ဖွဲ့စည်းပုံပြင်ဆင်ဖို့ အသုံးပြုမလား၊ လူထုတွေကို အကျိုးဖြစ်ထွန်းစေမယ့် စီးပွားရေးပြုပြင် ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုတွေကို လုပ်မလား၊ မှန်ကန်တဲ့ အရာကို ဦးစားပေး သတ်မှတ် လုပ်ဆောင်သင့်တယ်” လို့ ဦးရဲထွဋ်က ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့ ဦးရဲထွဋ်ရဲ့ ဖွဲ့စည်းပုံဆိုင်းငံ့ရေး ထင်မြင်ယူဆချက်ပေါ်မှာ သဘောမတူကြောင်းပြောပါတယ်။

ဒီပုဒ်မ ၅၉ (စ) ကို လွှတ်တော်မှာတရားဝင် ဆိုင်းငံ့လို ရ၊ မရ မေးမြန်းရာမှာ သူက “ရပါတယ်ဗျ။ ၅၉ (စ) ကို ယာယီဆိုင်းငံ့တယ်ဆိုတဲ့ကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းပေါ်ပေါက်တဲ့အခါမှာ တခါတရံ သုံးတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒါကို ကျနော်တို့က Informal Way လို့ ခေါ်ပါတယ်ခင်ဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို နည်းလမ်းတကျ ပြင်လို့မရတဲ့အခါမျိုးမှာမှ သုံးတာပါ” လို့ ပြောပါတယ်။

အတိတ်တုန်းက အိမ်စောင့်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်းကို ၀န်ကြီးချုပ်က အာဏာလွှဲပြောင်းပေးစဉ်က ပြည်သူတင်မြှောက်တဲ့အစိုးရသာ ၀န်ကြီးချုပ် လုပ်ကိုင်ခွင့်ရှိသည်လို့ ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေအရ အတားအဆီးဖြစ်နေတာကြောင့် ဒီဥပဒေပုဒ်မကို ယာယီဆိုင်းငံ့ပြီးမှ လွှဲပေးခဲ့ရတာကို နမူနာ ပြောပြ ပါတယ်။

စီးပွားရေးတိုးတက်ဖို့ အစိုးရ အဓိကလုပ်ရမှာဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ကိစ္စက လွှတ်တော်က လုပ်ရမှာဖြစ်ပြီး တပြိုင်တည်းလုပ်ရမယ်လို့ ပြောပါတယ်။

“ဥပမာ သာဓကပြရရင် တိုင်းပြည်ကို တိုးတက်ရာတိုတက်ကြောင်းလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို  သမ္မတခန့်ဖို့ကိစ္စမှာတောင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ဒုက္ခပေးနေတယ်။ ဒါကြောင့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျနော်တို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်စပ်နေတယ်။ မြန်နိုင်သမျှမြန်မြန်ပြင်ရမယ်” လို့ ပြောပါတယ်။

ရိုက်တာသတင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေကို နောက်သီတင်းပတ်ကုန်အထိ နေပြည်တော်မှာပဲနေကြဖို့ ညွှန်ကြားထားတယ်လို့ အမည်မဖော်လိုသူ ပါတီ ဗဟိုအလုပ်အမှုဆောင်တဦးရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြပါတယ်။

သူက “လာမယ့်သီတင်းပတ်ထဲမှာ အရေးကြီးတဲ့ကိစ္စတွေ ဒါမှမဟုတ် ဥပဒေကိစ္စ ရှိကောင်းရှိနိုင်တယ်လို့ ဗဟိုအလုပ်အမှုဆောင်တယောက်က ပြောတယ်” လို့ ပြောပါတယ်။

အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကလည်း လာမယ့်သီတင်းပတ်မှာ သမ္မတလောင်းအမည်စာရင်း ကြေညာမယ်လို့ ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အပြင် တပ်မတော်အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

လက်ရှိအစိုးရသက်တမ်းဟာ မတ်လကုန်အထိဖြစ်ပြီး ဒီကာလအတွင်းမှာ အနိုင်ရပါတီက အစိုးရတရပ်ဖွဲ့စည်းရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013