DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုအတွက် ယုံယုံကြည်ကြည်လက်တွဲရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ် တိုက်တွန်း
DVB
·
February 3, 2016
ပြည်ထောင်စုအတွက် ယုံယုံကြည်ကြည်လက်တွဲရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ် တိုက်တွန်း
Donate to DVB

ချမ်းသာကြွယ်ဝဖွံ့ဖြိုးတိုးတက်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ရေးအတွက် လိုအပ်တဲ့ ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းပြီး မလိုအပ်တဲ့ ဥပဒေတွေကို ပြင်ဆင်ပယ်ဖျက်ကြရမယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ် မန်းဝင်းခိုင်သန်းက တိုက်တွန်းဆော်သြလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်ပထမ နေ့အစည်းအဝေး နှုတ်ခွန်းဆက်အမှာစကားမှာ  တိုက်တွန်းလိုက်တာဖြစ်ပြီး အစွဲတရားကင်း ကင်းနဲ့ ယုံယုံကြည်ကြည် ကြိုးပမ်းဆောင်ရွက်ကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

မန်းဝင်းခိုင်သန်းက “ကျနော်တို့ရဲ့ နိုင်ငံကို ချမ်းသာကြွယ်ဝ ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံဖြစ်အောင် ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးရရှိဖို့၊ တရားဥပဒေ စိုးမိုးရေးရရှိဖို့၊ အမျိုးသားရင်ကြားစေ့ရေးရရှိဖို့ အထူးပဲ လိုအပ်ပါတယ်။ အဲဒီအတွက် ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေးမယ့် တရားဥပဒေတွေ လိုအပ်မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့အမျိုးသားလွှတ်တော်ကြီးဟာ နိုင်ငံတော်ရဲ့ အာဏာကြီး ၃ ရပ်အနက် ဥပဒေပြုရေး အာဏာရရှိထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အားလျော်စွာ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးတို့အတွက် လိုအပ်တဲ့ ဥပေဒများကို ရေးဆွဲပြဋ္ဌာန်းဖို့၊ မလိုအပ်တဲ့ ဥပဒေများကို ပြင်ဆင်ပယ်ဖျက်ဖို့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

“ဒါကြောင့် ကျနော်တို့ ကိုယ်စားလှယ်ကြီးတို့ အနေနဲ့ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲတို့ကို မထားဘဲ ငါတို့ဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်သားတွေဖြစ်တယ်။ တမြေတည်းနေ တရေတည်းသောက်တဲ့ ညီကိုမောင်နှမတွေ ဖြစ်တယ်လို့ ခံယူပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ်ရေးအတွက် လိုအပ်တဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေးမယ့် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ တဦးကိုတဦး ယုံယုံကြည်ကြည် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးနဲ့ ကြိုးစားဆောင်ရွက်ပေးကြပါ။”

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်စလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်ခဲ့တဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးစလုံးက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုက်ညီမယ့် ဖွဲ့စည်းပုံဖော်ဆောင်ရေးတွေကို နှုတ်ခွန်းဆက်စကားတွေမှာ ထည့်သွင်းပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ခေါ်ယူတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က တည်ဆဲဥပဒေတွေ၊ နည်းဥပဒေတွေ၊ အမိန့်တွေ၊ ကြေညာချက်တွေဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီမညီ  လူ့အခွင့်အရေးစံနှုန်းတွေနဲ့ကိုက်မကိုက်၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွေနဲ့ ဆီလျော်မှုရှိမရှိ၊ နိုင်ငံတကာစာချုပ်စာတမ်းတွေနဲ့ အကျုံးဝင်မ၀င်၊ ပြည်သူလူထုအတွက် အကျိုးရှိမရှိ၊ ပြည်သူလူထုရဲ့ဘ၀လုံခြုံရေးနဲ့ စိတ်လုံခြုံရေးကို အကာအကွယ်ပေးမပေးတို့ကို လေ့လာစိစစ်ကြပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နေကြရမှာဖြစ်တယ်လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

မနှစ်နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲရလဒ်အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ၂ ရပ်စလုံးမှာ အများစုအနိုင်ရထားပြီး အစိုးရဖွဲ့စည်းနိုင်ရေးအတွက် လုံလောက်တဲ့ ကိုယ်စားလှယ်အရေအတွက်ကို ရွေးကောက်တင်မြှောက်ခံထားရပါတယ်။

ဒုတိယအကြိမ်မြောက်လွှတ်တော်ရဲ့ အမျိုးသားလွှတ်တော်ကို ဒီကနေ့မနက်က ပထမဆုံးနေ့ကျင်းပရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန်းဝင်းခိုင်သန်းကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ်၊ ရခိုင်အမျိုးသားပါတီ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၆ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးသာအောင်ကို ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ပါတယ်။

အမျိုးသားလွှတ်တော်အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦးရှိတဲ့အနက် ၂၂၃ ဦး တက်ရောက်ခဲ့ပါတယ်။ ကယားပြည်နယ်မဲဆန္ဒနယ်အမှတ် ၉ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိမ်းက အစိုးရတာဝန်တွေ ထမ်းဆောင်နေခိုက်မို့ ခွင့်ပန်ခဲ့ပါတယ်။
ပထမအကြိမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်မြင့်လည်း တက်ရောက်ပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကရင်တိုင်းရင်းသား တဦးဖြစ်တဲ့သူ့ကို အခုလို ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ဖို့ ယုံကြည်စိတ်ချစွာနဲ့ ဥက္ကဋ္ဌအဖြစ်ရွေးချယ်တဲ့အတွက် ကျေးဇူးစကားဆိုပြီး တာဝန်ကို ဥပဒေနဲ့အညီ သစ္စာရှိရှိဆောင်ရွက်မယ်လို့ ကတိပြုခဲ့ပါတယ်။

အမျိုးသားလွှတ်တော် သဘာပတိအဖြစ် ချင်းပြည်နယ် မဲဆန္ဒနယ်အမတ် ၄ မှ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း ဆောင်ရွက်ခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

အစည်းအဝေးအပြီးနောက် ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ထမ်းဆောင်ခဲ့တဲ့ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်အဆောက်အဦရှိ ရုံးခန်းမှာ ပြည်ထောင်စုလွှတ်တော်နာယကတာဝန်ကို မန်းဝင်းခိုင်သန်းကို လွှဲပြောင်းခဲ့ပါတယ်။

ဒီလွှတ်တော်အစည်းအဝေးကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦး ခေါင်းဆောင်တဲ့အဖွဲ့၊ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံခြားသံရုံးတွေက သံအမတ်တွေနဲ့ နိုင်ငံခြား ဧည့်သည်တော်တွေ၊ အခြားပါတီဝင်/အဖွဲ့အစည်းနဲ့  ပြည်သူလူထု သင်တန်းသူ၊ သင်တန်းသားတွေ တက်ရောက်ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ အမျိုးသားလွှတ်တော်နဲ့ နှစ်ရက်တာ ရပ်နားထားတဲ့ ပြည်သူ့လွှတ်တော်ရဲ့ ပုံမှန်အစည်းအဝေးတွေကို ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ စတင်တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းဟာ ဇန်န၀ါရီလ ၂၉ ရက်နေ့က ပြီးဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013