
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ အပြင်ဘက် မြို့ရှောင်လမ်းပေါ်မှာ ထင်းခွဲသားတွေကို ဖုံးအုပ်ပြီး သယ်ဆောင်လာတဲ့ တာမလန်း ကားတစီးကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၉ နာရီလောက်က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပါတယ်။
တာမလန်းသစ်တွေ တရုတ် - မြန်မာ နယ်စပ်ဈေးကွက်မှာ ဈေးကောင်း ရရှိလာတဲ့အတွက် အခုလို အိမ်သုံး ထင်းခွဲသားတွေ ဖုံးအုပ်ပြီး သယ်ဆောင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
တာမလန်းသစ် ၁ တန်ကို ပြင်ပပေါက်ဈေးအနေနဲ့ ၈ သိန်းကျပ်ဝန်းကျင်လောက် ပေါက်ဈေးရှိပြီး နယ်စပ်ဈေးကွက်မှာတော့ သိန်း ၄၀ ကျော် ပေါက်ဈေးရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
တာမလန်းသစ်တွေ သယ်ဆောင်လာတဲ့ ကားဟာ မြို့ရှောင်ကွင်းလမ်းပေါ်က ချောင်းအကူးမှာ နောက်ပြန် လျှောကျပြီး တိမ်းမှောက်မှုဖြစ်ရာက တာမလန်းတုံး ၁၆ တုံး အလေးချိန် ၁ ဒသမ ၂ တန်လောက် သိမ်းဆည်းရမိခဲ့တာလို့ ကသာမြို့မရဲစခန်းက ပြောပါတယ်။
တရားမဝင် တာမလန်းသစ် သယ်ဆောင်လာတဲ့ကားကိုတော့ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူထားပြီး ယာဉ်ပိုင်ရှင်၊ သစ်ပိုင်ရှင်တို့ကို စုံစမ်းဖော်ထုတ် အရေးယူ ဆောင်ရွက်နိုင်ဖို့ စီစဉ်နေပါတယ်။










