တောင်ကိုရီးယားရောက် မြန်မာများ ကွမ်းတံတွေး မထွေးကြရန် ဘူဖြောင်းရဲဌာန တားမြစ်
DVB
·
February 2, 2016

တောင်ကိုရီးယားရောက် မြန်မာတွေ ကွမ်းတံတွေး မထွေးကြဖို့ အင်ချွန်းမြို့ ဘူဖြောင်းရဲဌာနက သတိပေး တားမြစ်လိုက်ပါတယ်။
ကွမ်းတံတွေးထွေးရင် ဒဏ်ငွေ ကိုရီးယားဝမ်ငွေ ၁ သိန်းနဲ့ အချုပ်ကျခံရမယ်လို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့ရဲ့ သတိပေးစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံသားတချို့ဟာ ကွမ်းစားသုံးတာ များပြားလာပြီး ဘူဖြောင်းဘူတာကို ဗဟိုပြုကာ အနီးဝန်းကျင် လမ်းမတွေနဲ့ သစ်ပင်တွေမှာ ကွမ်းတံတွေးတွေကြောင့် ခရီးသွား နိုင်ငံခြားသား အပါအ၀င် တောင်ကိုရီးယားနိုင်ငံသားတွေ အတွက်ပါ ရွံရှာမှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီလို ကွမ်းတံတွေးထွေးတာဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေကိုလည်း ဆန့်ကျင်နေပါတယ်။
ဥပဒေမှာ လမ်းဘေးသေးပေါက်တာ၊ လမ်း၊ ပန်းခြံနဲ့ လူအများစုဝေးရာ နေရာတွေမှာ တံတွေးထွေးရင် ဒဏ်ငွေ၊ အချုပ် ဒါမှမဟုတ် ၂ ရပ်လုံး ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အစားအစာ ရောဂါကင်းဝေး သန့်ရှင်းရေး ဥပဒေက ပုဒ်မတွေကို ငြိစွန်းရင်တော့ ထောင်ဒဏ် ၁၀ နှစ်အောက် ဒါမှမဟုတ် ဒဏ်ငွေ ၀မ် သိန်း ၁၀၀၀ အောက် ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်ပါတယ်။