DVB Logo
Home
မြန်မာသတင်း
ဆင်းရဲချို့တဲ့ကျောင်းသားများအတွက် မျှဝေခြင်း စီမံချက် အန်အယ်လ်ဒီစတင်မည်
DVB
·
February 1, 2016
ဆင်းရဲချို့တဲ့ကျောင်းသားများအတွက် မျှဝေခြင်း စီမံချက် အန်အယ်လ်ဒီစတင်မည်
Donate to DVB

မြန်မာနိုင်ငံတ၀န်း ဆင်းရဲချို့တဲ့စွာပညာသင်ကြားနေကြရတဲ့ ကျောင်းသူကျောင်းသားတွေ အတွက် ကျောင်းဝတ်စုံနဲ့ သင်ထောက်ကူပစ္စည်းတွေ ကူညီထောက်ပံ့ပေးမယ့် မျှဝေခြင်း စီမံချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှေ့သီတင်းပတ်မှာ စတင်ဖို့ရှိနေပါတယ်။

ဒီလှိုင်းစာစောင် ပြည်သူသို့ပန်ကြားချက်ခေါင်းစဉ်ပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျှဝေခြင်း အစီအစဉ်အရ မိမိတို့မှာ ပိုလျှံနေတဲ့ ကျောင်းသုံးဗလာစာအုပ်၊ သင်ရိုးညွန်းတမ်းစာအုပ်တွေနဲ့ ကျောင်းဝတ်စုံတွေကို မြို့နယ်နဲ့ ရပ်ကျေးတွေရှိ အဖွဲ့ချုပ်ရုံးတွေဆီ ပေးပို့လှူဒါန်းပြီး လိုအပ်တဲ့ ကျောင်းသူကျောင်းသားတွေထံ ပြန်လည်မျှဝေတဲ့စီမံချက်ကို အကောင်အထည် ဖော်ဆောင်ရွက်ဖို့ ပါတီဗဟိုက ပြည်နယ်နဲ့တိုင်းတွေရှိ ပါတီအလုပ်အမှုဆောင်တွေကို ဖေဖော်ဝါရီ ၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတာပါ။

ဒီအစီစဉ်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေနဲ့ လုပ်ဆောင်တာဖြစ်ပြီးအစိုးရနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ဒီအစီအစဉ်ကို လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီဗွီဘီ ပြောပါတယ်။

“ဒါက ကျနော်တို့ အစိုးရအနေနဲ့ လုပ်မှာမဟုတ်ဘူး။ ပါတီအနေနဲ့ပဲလုပ်မှာ။ နောက်တခုဟာ ကျနော်တို့ တိုင်းပြည်မှာ အရမ်းချမ်းသာတဲ့လူတွေရှိပါတယ်။ အရမ်းဆင်းရဲတဲ့လူတွေ ရှိပါတယ်။ အဲဒါကို မျှဝေနိုင်အောင်လို့ ကျနော်တို့က ၀န်ဆောင်မှု ပေးတဲ့သဘောပါ။ ပြည်သူလူထုကလည်း အဲဒီလို ၀န်ဆောင်မှုမျိုး လုပ်ပေးဖို့ တောင်းဆိုထားတာတွေလည်း ရှိပါတယ်။ အဲဒါကြောင့် လုပ်တာပါ။”

ဒါ့အပြင် အစိုးရရဲ့ ပညာရေးအသုံးစာရိတ်မှာ ကျောင်းဝတ်စုံနဲ့ ဗလာစာအုပ်အခမဲ့ပေးဖို့ မပါရှိတဲ့ အတွက် အခုလို လုပ်ဆောင်ရတာလို့လည်း ပြောပါတယ်။

“အစိုးရဘတ်ဂျက်မှာ အ၀တ်အစားအတွက် မပါဘူးဗျာ။ ကျောင်းသုံးစာအုပ်လည်း ဖြန့်ဝေပေးတာ ပိုက်ဆံပေးရပါတယ်ဗျာ။ ဒါက အစိုးရဘတ်ဂျက်နဲ့လည်း မဆိုင်ပါဘူး။ ကျနော်တို့က သိပ်ချို့တဲ့ တဲ့လူတွေ ကျောင်းနေနိုင်အောင် ကျောင်းထားနိုင်အောင် ၀န်ဆောင်မှု ပေးတာပါ။ ရှိတဲ့လူတွေက မျှဝေပေါ့ဗျာ။”

ဒါ့အပြင် အလှူခံမယ့်ပစ္စည်းတွေလည်း ကျောင်းဝတ်စုံအသစ်ကိုသာ လက်ခံမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီစီမံချက်ရဲ့ အသေးစိတ်အစီအစဉ်တွေထဲမှာတော့ ပါတီဝင်တွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်ကျေးရွာတွေမှာ ပြည်သူလူထုကိုအသိပေးပြီး ချို့တဲ့ကျောင်းသားကျောင်းသူ စာရင်းကို ဖေဖော်ဝါရီလ ၇ ရက်မှ ၁၄ ရက်အတွင်း ကောက်ယူဖို့၊ စာရင်းကောက်ယူရာမှာ ကျောင်းချိန်တွင်း နဲ့ ကျောင်းပရ၀ဏ်အတွင်း ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်ကောက်ယူတာတွေ မလုပ်ဖို့ တားမြစ်ထား ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်ကနေ မတ်လ ၃၁ရက်ထိ ကျောင်းသုံးစာအုပ်တွေနဲ့ ကျောင်းဝတ်စုံတွေ စတင်အလှူခံပြီး သက်ဆိုင်ရာမြို့နယ်တွေထံပေးပို့ကာ ရရှိလာတဲ့ လှူဒါန်းပစ္စည်းတွေကို ဧပြီလထဲမှာ ရပ်ကွက် ကျေးရွာတွေရှိ ချို့တဲ့ကျောင်းသူကျောင်းသားတွေထံ အိမ်တိုင်ယာရောက် လိုက်လံဝေငှဖို့တွေပါဝင်ပါတယ်။

ဒါအပြင် ရန်ကုန်၊ မန္တလေးစတဲ့ ပြည်နယ်နဲ့တိုင်းမြို့ကြီးတွေမှာ စေတနာရှင်တွေဆီက နေ အလှူပစ္စည်းတွေကိုလက်ခံမှာဖြစ်တဲ့အပြင် ဈေးတွေ၊ ကုန်တိုက်တွေမှာရှိတဲ့ ကျောင်းဝတ်စုံနဲ့ စာအုပ်အရောင်းဆိုင်တွေမှာလည်း သွားရောက်အလှူခံဖို့ရှိနေပါတယ်။

ရရှိလာတဲ့ပစ္စည်းတွေကိုတော့ စစ်ဘေး၊ သဘာဝဘေးနဲ့ ဝေလံခေါင်းပါးတဲ့ အရပ်ဒေသတွေ ဆီကို သီးသန့် ခွဲဝေပေးပို့သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်က ရွေးချယ်မခံရတဲ့ မြို့နယ်တွေမှာ ပိုမိုအလေးထားဆောင်ရွက်သွားဖို့တွေ စီမံချက်ထဲမှာ ညွန်ကြားထားပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ မူလတန်းအခမဲ့ပညာရေးကနေ အထက်တန်း အခမဲ့ ပညာရေးအထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့တဲ့အကြောင်း တိုင်းပြည်ရဲ့ ပညာရေးအသုံးစရိတ်ကို ၂၀၁၅ မှာ (၁၆၉၂)ဘီလီယံအထိတိုးကာ ကျောင်းအဆောက်အအုံ၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်း စတဲ့လိုအပ်တဲ့ အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲခဲ့တယ်လို့ ဇန်န၀ါရီ ၂၈ ရက် ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ နိုင်ငံတ၀န်း အခြေခံပညာကျောင်းပေါင်း ၄၅၀၀၀ ကျော်ရှိပြီး ကျောင်းသားဦးရေ ၈၈၀၀၀၀၀ ကျော်ရှိတယ်လို့ သမ္မတ ပြောကြားချက်အရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013