
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ဘက်ကို ပို့မဲ့ စက်သုံးဆီတွေကို မီဇိုရမ်နယ်စပ်မှာ အိန္ဒိယရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ရခိုင်ကုန်သည်တွေက ပြောပါတယ်။
မီဇိုရမ်ပြည်နယ် ဆိုင်းဟာခရိုင်နဲ့ လုံးလေအတွင်းအတွင်းမှာ ရခိုင်နဲ့ ချင်းပြည်နယ်ဘက်ကို သယ်မဲ့ စက်သုံးဆီတွေကို အခုရက်ပိုင်းအတွင်းမှာ ဆက်တိုက်ဖမ်းဆီးနေတာကြောင့် ရခိုင်ကုန်သည်တွေဟာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ မီဇိုရမ်ရောက် ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။
“ဆိုင်းဟာနဲ့ လုံးလေဘက်မှာ ရခိုင်နဲ့ ချင်းပြည်ကို သယ်မယ့်စက်သုံးဆီတွေကို ဆက်တိုက်ဖမ်းဆီးနေတာ ရှိတယ်။ မြို့တွင်းဂိတ်တွေက ဖမ်းဆီးတာတွေ ရှိသလို၊ နယ်စပ်ဂိတ်တွေမှာလည်း ဖမ်းဆီးတာတွေ ရှိတယ်။ ဖမ်းခံရတဲ့ ကုန်သည်တွေကတော့ အဆုံးပဲ။ ဖမ်းဆီးခံထားကြရတဲ့ ဆီကုန်သည်တွေလည်း မနည်းဘူး။ သိန်းထောင်နဲ့ချီပြီး ဖမ်းဆီးခံထားရတဲ့ သူတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
မတ် ၂၇ ရက်နေ့ကလည်း လုံးလေးမြို့ AOC ရပ်ကွက်မှာ မြန်မာနိုင်ငံကို သယ်မဲ့ စက်သုံးဆီ ကား ၂ စီးကို လုံးလေမြို့ရဲ့တပ်ဖွဲ့ ဖမ်းဆီးခဲ့တယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။
ဒါ့အပြင် ဆိုင်းဟာခရိုင်က နယ်စပ်ဂိတ်တွေမှာ ရခိုင်နဲ့ ချင်းပြည်နယ်ပို့မယ် ဆီကားတွေကို အာသံရိုင်ဖယ်တပ်က ဖမ်းဆီးထားတာတွေရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
မတ် ၂၀ ရက်နေ့ကတည်းက မီဇိုရမ်ပြည်နယ်က ခရိုင်မြို့နယ်က စက်သုံးဆီကို ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချခွင့်ကို ပိတ်ပင်တားမြစ်ဖို့ ခရိုင်အုပ်ချုပ်ရေးမှူးတွေနဲ့ တရားရုံးတွေက အမိန့်ထုတ်ထားကြတာဖြစ်ပြီး လိုက်နာမှုမရှိဘဲ စည်းကမ်းချိုးဖောက်မှုတွေ ပြုလုပ်ပါက ၂၀၂၃ ခုနှစ်က အတည်ပြုထားတဲ့ BNSS ပုဒ်မ ၁၆၃ အရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မီဇိုရမ်ပြည်နယ်က စက်သုံးဆီတွေကို အိမ်နီးချင်းနိုင်ငံတွေကို တင်သွင်းခွင့် ၂ လတိတိ ပိတ်ပင်ထားတာဖြစ်ပြီး ပြည်တွင်းမှာ စက်သုံးဆီပြတ်တောက်မှု မရှိစေရေးအတွက်ဆိုပြီး မီဇိုရမ်အစိုးရက တင်းကျပ်နေတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင်းမှာ အရင်ကတည်းက တင်သွင်းထားတဲ့ စက်သုံးဆီတွေ ရှိနေသေးတာကြောင့် ပြတ်လပ်မှုမရှိသေးပေမဲ့ ကာလရှည်ကြာ စက်သုံးဆီတင်သွင်းခွင့် ပိတ်ပင်ခံထားရရင် ရိုက်ခတ်မှု ကြီးမားလာနိုင်တယ်လို့ ရခိုင်က နောက်ထပ်ကုန်သည်တယောက်က ပြောပါတယ်။
“ရခိုင်မှာတော့ စက်သုံးဆီတွေက ဝယ်ယူလို့ရသေးတယ်။ အရင်ကတည်းက သိုလောင်ထားတဲ့ စက်သုံးဆီတွေက ရှိသေးတယ်။ ဈေးနှုန်းပိုင်လည်း AA ဘက်က ထိန်းချုပ်ထားတာရှိတယ်။ ဒါပေမဲ့လည်း စက်သုံးဆီ သယ်ယူတင်သွင်းခွင့် ပိတ်ပင်ထားတာသာ လနဲ့ချီကြာမြင့်သွားရင် စက်သုံးဆီ အကျပ်အတည်းဖြစ်လာနိုင်ပြီး ဒေသတွင်း လူမှုစီးပွားရေးကို ရိုက်ခတ်မှု ကြီးမားလာနိုင်တယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ စိုက်ပျိုးရေး အဓိကလုပ်ကိုင်တဲ့ ပြည်နယ်ဖြစ်တာကြောင့်လည်း စက်သုံးဆီ ပြတ်တောက်သွားရင် မိုးရာသီ လယ်ယာစိုက်ပျိုးမှုအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ကြီးမားနိုင်သလို ကုန်စည်စီးဆင်းမှုပေါ်လည်း ရိုက်ခတ်မှုကြီးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ စက်သုံးဆီရရှိနိုင်ဖို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို အဓိက အားထားနေကြရတာဖြစ်ပြီး ၂၀၂၄ ခုနှစ်ကတည်းက စက်သုံးဆီတင်သွင်းမှု အပါအဝင် ကုန်သွယ်မှုတွေကို ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။










