DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအမတ်အများစုပါဝင်သည့် ပြည်သူ့လွှတ်တော်သစ်စတင်
DVB
·
February 1, 2016
အန်အယ်လ်ဒီအမတ်အများစုပါဝင်သည့် ပြည်သူ့လွှတ်တော်သစ်စတင်
Donate to DVB

၂၀၁၅ အထွေထွေရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ခေါ် ယူကျင်းပတဲ့  ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမအကြိမ် အစည်းဝေးကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်မှာ စတင်ကျင်းပပါတယ်။

ပြန်လည်စတင်တဲ့ လွှတ်တော်သစ် ပထမနေ့မှာပဲ  လွှတ်တော် သဘာပတိတင်မြှောက်ဖို့၊ လွှတ်တော်ကိုယ်စားလှယ်သစ်တွေ ကတိသစ္စာဆိုဖို့၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေ ရွေးကောက်တင်မြှောက်ဖို့ အစီအစဉ်တွေရှိနေပါတယ်။

ပြည်သူ့လွှတ်တော်အစည်းအဝေး သဘာပတိအဖြစ်တော့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်ကို ရွေးချယ်လိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်သစ်တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာစောင့်သိဖို့ ကတိသစ္စာဆိုကြရမယ့်အပေါ် အန်အယ်လ်ဒီပါတီက ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ခုလိုပြောပါတယ်။

“ဒီအပေါ်မှာတော့ ကျမတို့က အခုမှ အစမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကာလကတည်းက ကျမတို့ ခေါင်းဆောင်တွေကော ဒီလိုပဲလုပ်ခဲ့ကြရတယ်။ ဒါပေမယ့် ဒါဟာ ကျမတို့ရဲ့လွှတ်တော်တွင်း နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးနဲ့ ထိန်းညှိပြီးတော့ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး သွားမယ်ဆိုတဲ့ မူတွေကနေ သွေဖည်သွားတယ်လို့တော့ မထင်ပါဘူး။ ဒါ့ကြောင့်မို့လို့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးတဲ့ကာလမှာလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ဥပဒေဘောင်အတွင်းလုပ်ခဲ့ကြတယ်၊ ကြိုးစားခဲ့ကြတယ်၊ မအောင်မြင်သေးတာကတော့ ဒါ ဆက်လုပ်ရမယ့်ကိစ္စပေါ့လေ။”

ဧရာဝတီတိုင်း မအူပင်မြို့နယ်ကနေ ထပ်မံ ရွေးကောက်ခံရတဲ့  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းကတော့ လာမယ့်လွှတ်တော်သက်တမ်းမှာ လယ်ယာမြေ သိမ်းခံရသူတွေ အရေးပိုမိုအာရုံစိုက်လုပ်သွားမယ်လို့ပြောပါတယ်။

“မတရားသိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ သူတို့ ၉၀ ရာခိုင်နှုန်း ဖြေရှင်းပြီးပြီလို့ ပြောတယ်။ တကယ်တော့ ၉၀ ရာခိုင်နှုန်း မဖြေရှင်းရသေးဘူး။ သူတို့ ဖြေရှင်းသွားတဲ့ဟာတွေကလည်း အမှန်တရားဥပဒေအတိုင်း၊ ပြည်ထောင်စုလွှတ်တော်က လမ်းညွှန်ထားတဲ့ ဥပဒေအတိုင်း မလုပ်ထားဘူး။ ဒီဟာတွေကို အန်အယ်လ်ဒီ အစိုးရဖြစ်တဲ့အချိန်မှာ အန်ကယ်တို့  ဒီဥပဒေတွေကို လိုအပ်ရင် လိုအပ်သလို လက်ရှိအခြေအနေနဲ့ မောင်းလို့ရတဲ့ဟာတွေကိုတော့ မောင်းကြည့်မယ်။ မောင်းလို့မရလို့ တချို့ကိစ္စတွေက ညွှန်ကြားချက်နဲ့ မရဘူး၊ ဥပဒေ ပြင်ကိုပြင်ရမယ်ဆိုတဲ့ ကိစ္စမျိုးဆိုရင်တော့ ဒါကို လွှတ်တော်ထဲမှာ ဆွေးနွေးပြီး အန်ကယ်တို့ ပြင်ဖို့ကြိုးစားမှာပါ။ အန်အယ်လ်ဒီရဲ့ မူဝါဒမှာလည်း ပါတယ်လေ၊ မြေယာကဏ္ဍမှာ ဦးစားပေးမယ်ဆိုတဲ့အရာ ပါထားပြီသားဖြစ်တယ်လေ။ လယ်ယာမြေကိစ္စရှင်းရမယ့်ဟာကလည်း အန်အယ်လ်ဒီမူဝါဒထဲမှာ ရှိထားပြီးသားဖြစ်တဲ့အတွက် အန်ကယ်တို့က ဒီအပေါ်မှာ အကောင်းဆုံး ကြိုးစားဆောင်ရွယ်သွားမယ်လို့ ယုံကြည်ထားပြီး ဖြစ်ပါတယ်။”

ရွေးကောက်ပွဲမှာ အမတ်နေရာ အများစုနဲ့ အနိုင်ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်  အန်အယ်လ်ဒီအမတ် ဦးဝင်းမြင့်၊ ဒု ဥက္ကဋ္ဌ အဖြစ် ကြံ့ခိုင်ရေးပါတီအမတ် ဦးတီခွန်မြတ်၊  အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် အန်အယ်လ်ဒီအမတ် မန်းဝင်းခိုင်သန်းနဲ့ ဒုဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသားပါတီက  ဦးအေး သာအောင်တို့ကို လွှတ်တော်မှာ အဆိုပြုဖို့ လျာထားပြီး တပ်မတော်သား အမတ်တွေ အပါအ၀င် လွှတ်တော်ကိုယ်စား လှယ်တွေက ဆန္ဒမဲပေး ရွေးချယ်ကြမှာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်အစည်းအဝေးကတော့ မစတင်သေးတဲ့အတွက်  အမျိုးသား လွှတ်တော် အမတ်သစ်တွေ    ပြည်သူ့လွှတ်တော်မှာ  လေ့လာသူတွေ အဖြစ်တက်ရော က်ဖို့ရှိနေပါတယ်။

ဒါ့အပြင် အန်အယ်လ်ဒီ နာယက သူရ ဦးတင်ဦးနဲ့  ပြီးခဲ့တဲ့ လွှတ်တော်အကြီး အကဲတွေဖြစ်တဲ့ သူရ ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် စသူတွေ လည်း လေ့လာသူတွေ အဖြစ်တက်ရောက်ဖို့ရှိနေပါတယ်။

ပြည်သူ့လွှတ်တော်သစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ၂၅၅ ဦး၊ ကြံ့ခိုင်ရေးပါတီက ၃၀ ဦး ၊ ရခိုင်အမျိုးသားပါတီက ၁၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၁၂ ဦးအပါအ၀င်ရွေးကောက်ခံအမတ် ၃၂၃ ဦးနဲ့ တပ်မတော်သား အမတ် ၁၁၀ ဦး စုစုပေါင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၃၃ ဦး တက်ရောက် မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013