DVB Logo
Home
မြန်မာသတင်း
ကိုယ်စားလှယ်ဟောင်းများ တတ်နိုင်တာ လုပ်ပေးကြရန် ဦးရွှေမန်း တိုက်တွန်း
DVB
·
January 29, 2016
ကိုယ်စားလှယ်ဟောင်းများ တတ်နိုင်တာ လုပ်ပေးကြရန် ဦးရွှေမန်း တိုက်တွန်း
Donate to DVB

လွမ်းမောတမ်းတခြင်းတွေနဲ့ လွှတ်တော်ကို ခွဲခွာကြရမယ့် သူအပါအ၀င် ကိုယ်စားလှယ် အဟောင်းတွေအနေနဲ့ တိုင်းပြည်အတွက် ရောက်တဲ့နေရာက တတ်နိုင်တာတွေ လုပ်ဆောင်ပေးကြဖို့ သူရဦးရွှေမန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဇန်န၀ါရီ  ၂၉ ရက်က နေပြည်တော်လွှတ်တော်မှာ လုပ်ခဲ့တဲ့ ပထမအကြိမ်  ပြည်သူ့လွှတ်တော် နောက်ဆုံးနေ့မှာ လွှတ်တော်နာယက သူရဦးရွှေမန်းက ကိုယ်စားလှယ်တွေကို နှုတ်ဆက်စကား ပြောကြားရင်း ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဒီပထမအကြိမ် သက်တမ်းကုန်ဆုံးသွားပြီး ကျနော်အပါအ၀င် အများစု လွှတ်တော်ကိုယ်စားလှယ်များဟာ လွှတ်တော်ကို ဘာပဲဖြစ်ဖြစ် ၀မ်းနည်းစွာနဲ့ ခွဲခွာကြရမှာပါ။ ဒါကြောင့် ၀မ်းမနည်းကြပါနဲ့လို့ ကျနော် မပြောချင်ပါဘူး။ ပြောလည်း မပြောနိုင်ပါဘူး၊ ပြောလည်း မပြောရက်ပါဘူး၊ စိတ်ထဲမှာ အားလုံးကိုယ်စီရှိပါတယ်။ ဒါပေမယ့် လွမ်းမောခြင်း တမ်းတခြင်းများနှင့်အတူ မြန်မာတို့ရဲ့ လွှတ်တော်များ အရည်အချင်းပြည့်ဝအောင် ခိုင်မာ တောင့်တင်းအောင် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ထိရောက်မှန်ကန်စွာ လုပ်ဆောင်ပေးကြဖို့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်အဟောင်းများက ရောက်တဲ့နေရာမှာ တတ်နိုင်တဲ့ နည်းလမ်းများဖြင့် ဘက်ပေါင်းစုံက ပါဝင်ဆောင်ရွက်ပေးကြမယ်ဆိုရင်  ကျနော်တို့နိုင်ငံအတွက် များစွာအကျိုးရှိမှာဖြစ်တဲ့အတွက် ဆောင်ရွက်ပေးကြပါလို့ ကျနော်က မေတ္တာရပ်ခံလိုပါတယ်။”

ကိုယ်စားလှယ်အဟောင်တွေ ပြန်လမ်းသာပြီး ကိုယ်စားလှယ်အသစ်တွေ လာလမ်းအ၀င် ဖြောင့်ပါစေလို့လည်း နှုတ်ခွန်းဆက်ခဲ့ပါသေးတယ်။

ပထမအကြိမ် လွှတ်တော်သက်တမ်းကုန်ဆုံးတဲ့နေ့ဟာ ဇန်န၀ါရီ ၃၀ ရက် စနေနေ့ဖြစ်ပေမယ့် ဇန်န၀ါရီ ၂၉ ရက် သောကြာနေ့မှာပဲ လွှတ်တော်အရပ်ရပ် ရပ်နားခဲ့ပြီး လွှတ်တော်ပထမသက်တမ်းအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အကြံပြုချက်တွေ တင်သွင်း ဖတ်ကြားခဲ့ကြပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေအပါအ၀င် ကိုယ်စားလှယ် ၈ ဦးက အကြံပြုဖတ်ကြားတင်သွင်းခဲ့ကြတာဖြစ်ပြီး ဒီအကြံပြုချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်ထားမှာဖြစ်ပါတယ်။

ဒီနေ့လွှတ်တော်ထဲ အကြံပြုပြောကြားကြသူတွေအနက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကတော့ ထူးထူးခြားခြား သူ့စကားကို ဟာသနှောပြောသွားပါတယ်။

သူက ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲမှာ အလှဆုံးလို့ ပြောသွားခဲ့သလို နာယက သူရဦးရွှေမန်း ခေါင်းတခါခါနဲ့ ခေါင်းပေါင်းပါခါပြီး လွှတ်တော်ထဲ ပြောတတ်ပုံကိုလည်း ဟန်နဲ့ပန်နဲ့ ပြောကြားခဲ့ပါတယ်။

သူဒီလို ပြောနေချိန်မှာ ကာယကံရှင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းအတင်းငုံ့ထားပြီး ဦးရွှေမန်းကတော့ သဘောကျပြီး ပြုံးနေခဲ့ပါတယ်။

အဲ့ဒီ နောက်ဆုံးနေ့ လွှတ်တော်အစီအစဉ်တွေပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေနဲ့ ကိုယ်စားလှယ်အသစ်တွေ ဂုဏ်ပြုဧည့်ခံပွဲတခု ဆက်လုပ်ခဲ့ပြီး အဲ့ဒီအခမ်းအနားမှာ တီးမှုတ်သီဆိုဧည့်ခံပွဲလည်း ပါဝင်ပါတယ်။

ဒီပွဲမှာ လွှတ်တော်ဥက္ကဋ္ဌတွေဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်၊ ဒုဥက္ကဋ္ဌတဦးဖြစ်တဲ့ ဦးမြညိမ်းတို့ကိုယ်တိုင် ပါဝင်သီဆိုခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်တချို့ကလည်း ကပြ ဖျော်ဖြေခဲ့ကြပါတယ်။

ဂုဏ်ပြုဧည့်ခံပွဲတက်ရောက်ပြီး စကားပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်တွေအနေနဲ့ ပြိုင်ဘက်တွေလို သဘောမထားဘဲ တိုင်းပြည်တိုးတက်အောင် ဉာဏ်စွမ်းရှိသမျှနဲ့ ၀ိုင်းလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲ့ဒီဂုဏ်ပြုဧည့်ခံပွဲမှာ အပိတ်နှုတ်ဆက်စကားပြောတဲ့ သူရဦးရွှေမန်းက သူတို့ လွှတ်တော်ကနေ  အနိုင်ရပါတီ ကိုယ်စားလှယ်လောင်းတွေတက်မယ့် လွှတ်တော် အောင်အောင်မြင်မြင် လုပ်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ ဂုဏ်ယူ ပြောကြားခဲ့ပါတယ်။

ပထမအကြိမ်လွှတ်တော်ရဲ့ နောက်ဆုံးနေ့ကို လွှတ်တော်အကြီးအမှူးတွေကိုယ်တိုင် ဦးဆောင်ပြီး ပျော်ရွှင်တဲ့အဆုံးသတ်နဲ့ ကန့်လန့်ကာချ ပိတ်သိမ်းနိုင်ခဲ့ကြတယ်လို့ ဆိုရမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013