DVB Logo
Home
မြန်မာသတင်း
ငါးဖမ်းလှေပေါ် ရောင်းစားခံရသည့် မြန်မာ ၃၂ ဦးကို ကယ်ထုတ်
DVB
·
January 29, 2016
ငါးဖမ်းလှေပေါ် ရောင်းစားခံရသည့် မြန်မာ ၃၂ ဦးကို ကယ်ထုတ်
Donate to DVB

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို လှည့်ဖျားပြီး ငါးဖမ်းလှေပေါ် ရောင်းစားခံခဲ့ရတဲ့ မြန်မာ ၃၂ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်၊ ထိုင်း-မြန်မာသံရုံး အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ကော်မတီနဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းကယ်ထုတ်နိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကစ်ခရိုင် ဖူးကစ်မြို့ ဖယ်ရော့လှေဆိပ်အနီး အခန်းကျဉ်းတခုထဲမှာ ပိတ်လှောင်ခံထားရတဲ့ သူတို့တွေကို ဇန်န၀ါရီ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှာ ၀င်ရောက်ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် (အမ်အေတီ) ဒါရိုက်တာ ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါတယ်။

"အရင်ဆုံး အဲဒီအလုပ်သမားတွေ ၄ ယောက်က မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ရှိတဲ့ မြ၀တီမှာ သွားပြီးအမှုဖွင့်တယ်။ မြ၀တီ လူကုန်တားကနေပြီး ထိုင်း-မြန်မာသံရုံးနဲ့ ကျနော်တို့အဖွဲ့ကို စာပို့တယ်။ ကျနော်လည်း သူတို့ပေးတဲ့ ဖုံးနံပါတ်ကနေ နယ်မြေထဲက အလုပ်သမားတွေရဲ့ အကူအညီနဲ့ အဲဒီအိမ်ကိုစောင့်ကြည့်တာ၊ ဓာတ်ပုံရိုက်တာ၊ အထဲက အလုပ်သမားတွေနဲ့တွေ့ပြီး စကားပြောဖို့ ကြိုးစားခဲ့တယ်။ အချက်အလက်တွေစုံတာနဲ့ ထိုင်းရဲတပ်ဖွဲ့၊ အထူးအမှုစုံစမ်းရေး ရဲတပ်ဖွဲ့တွေ၊ အာဏာပိုင်တွေနဲ့ပေါင်းပြီး ဇန်န၀ါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှာ သွားကယ်ထုတ်ခဲ့တယ်။ လူကုန်ကူးတဲ့အဖွဲ့ထဲက ၃ ယောက်ကိုလည်း ဖမ်းမိတယ်၊ သူတို့ခေါင်းဆောင် ကိုပဲ့ဆိုတဲ့လူကတော့ လွတ်သွားတယ်။"

လူကုန်ကူးခံရသူတွေဟာ သွပ်မိုးသွပ်ကာ အခန်းကျဉ်းတခုထဲမှာ ပြွတ်သိပ်နေကြရပြီး ခေါင်းအုံးမရှိ၊ အဲဒီထဲမှာပဲ ရေချိုးတာ၊ အိမ်သာသွားတာပါ လုပ်နေရတဲ့အတွက် တခန်းလုံး နံဟောင်ပြီး လှောင်နေကာ လူတွေလည်း ချွေးဒီးဒီးကျ အနေဆင်းရဲလှတာကို တွေ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

သူတို့တွေဟာ ငါးဖမ်းလှေရောက်မလာခင် အဲဒီမှာ စောင့်ဆိုင်းနေရတာဖြစ်ကြောင်း၊ ငါးဖမ်းလှေပေါ် တက်သွားတော့လည်း အလုပ်လုပ်တာ စိတ်တိုင်းမကျရင် အလုပ်သမားခေါင်းဆောင် ဒါမှမဟုတ် သူဌေးရဲ့ ရိုက်နှက်တာ၊ ခြိမ်းခြောက်တာ ခံရပြီး ထွက်မပြေးနိုင်အောင်လည်း လူ ၃ - ၄ ယောက်က အမြဲစောင့်ကြည့်နေတာလို့ ဆိုပါတယ်။

အလုပ်သမားတွေဟာ အသက် ၂၀ နဲ့ ၅၀ ကြားရှိပြီး လူရွယ်တွေ အများဆုံးပါဝင်ကြောင်း၊ မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းက လာကြတာဖြစ်ပြီး ပြည်တွင်းမှာရှိစဉ် ပွဲစားတွေက ထိုင်းနိုင်ငံမှာ အလုပ်လည်းရ၊ နေထိုင်ခွင့်ကတ်လည်းရအောင် တဦးကို ကျပ် ၈ သိန်းဆီနဲ့ လုပ်ပေးမယ်လို့ သွားရောက်ဆွဲဆောင်တာကြောင့် ရောက်လာခဲ့တာဖြစ်ပြီး ဒီရောက်မှ ငါးဖမ်းလှေပေါ် ရောင်းစားခံခဲ့ရတာလို့ ဆိုပါတယ်။

ရောင်းစားခံရသူတွေထဲက တချို့ဟာ လွန်ခဲ့တဲ့ ၃ လကတည်းက ရောက်ရှိနေတာဖြစ်ပြီး တချို့က ရောက်လာတာ ရက်ပိုင်းပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

လက်ရှိ သူတို့တွေကို ဖူးကစ်ရဲစခန်းက ခေါ်ယူစောင့်ရှောက်ထားပြီး မြန်မာနိုင်ငံ မြ၀တီမြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့လက်ထဲ ပြန်လည်အပ်နှံပေးဖို့ ဆောင်ရွက်နေတယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် အနေနဲ့ ဒီ ဇန်န၀ါရီလထဲမှာ လူကုန်ကူးခံရသူတွေကို ကူညီကယ်ထုတ်ပေးခဲ့ရတာ အမှုပေါင်း ၃ ခုက လူပေါင်း ၅၁ ဦးရှိကြောင်း၊ နောက်ထပ်လည်း ကူညီဆောင်ရွက်ဖို့ ၂ နေရာရှိနေပြီး အချက်အလက်တွေ ပြည့်စုံအောင် ကောက်ခံနေတုန်းပဲလို့  ဦးကျော်သောင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013