Home မြန်မာသတင်း မြစ်ကြီးနား-လိုင်ဇာလမ်းပေါ် တိုက်ပွဲဖြစ်၊ စစ်ပြေးဒုက္ခသည်များ သောင်တင်
မြစ်ကြီးနား-လိုင်ဇာလမ်းပေါ် တိုက်ပွဲဖြစ်၊ စစ်ပြေးဒုက္ခသည်များ သောင်တင်
kia ဝိုင်းမော်မြို့နယ်အတွင်း မြစ်ကြီးနား-လိုင်ဇာလမ်းပေါ်ရှိ ဒဘတ်ချောင်းတံတားနှင့် ရွှေညောင်ပင်ကျေးရွာအနီးတို့မှာ ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ အစိုးရတပ်တွေအကြား ဒီနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကဇူးနဲ့ ဒဘတ်ကျေးရွာကို ဆက်သွယ်ထားပြီး ပေ ၁ဝဝ ကျော်ရှည်လျားတဲ့ ဒဘတ်ချောင်းကူးတံတားမှာရှိတဲ့ မြန်မာစစ်တပ်ကို ကေအိုင်အေတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့ရာကနေ နှစ်ဖက် အပြန်အလှန်ပစ်ခတ်နေကြတာလို့ ကေအိုင်အေတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။
“တံတားအရှည်ကြီးကို စောင့်နေကြတာလေ။ ဟိုဘက်ကမ်းမှာက တနိုင်းဘက်က တပ်ခွဲလို့ ပြောတယ်။ ဒီဘက်ကမ်းမှာက ၅၈ ကတပ်ရင်းလို့ ပြောတယ်။ အဲဒီကင်းတဲတွေကို ကေအိုင်အေဘက်က မနက် ၅ နာရီလောက် အချိန်မှာ စနိုက်ဘာနဲ့ လာပစ်သွားတာ။ ၃၊ ၄ ယောက်ထိ ကျတယ်ပြောတယ်။ မနက် ၈ နာရီလောက်ထိ စနိုက်ဘာနဲ့ တတောင့်ချင်းပစ်တာ။ ဟိုဘက်က လန့်လို့ အတွဲ လိုက်ပစ်လို့၊ အစိုးရတပ်ဘက်က ပစ်မှတ်ရှာမရလို့ ဟိုဘက်ပစ်၊ ဒီဘက်ပစ်ပေါ့။ ရွှေညောင်ပင်မှာလည်း ဒီမနက်က တိုက်ပွဲဖြစ်သေးတယ်။ ကေအိုင်အေက လာပစ်တာ ရှိတယ်တဲ့။ နှစ်နေရာပေါ့နော်။
အဲဒီလို တိုက်ပွဲဖြစ်ခဲ့တာကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်မြို့တွေဘက်ကို ထွက်ခွာနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို ဒဘတ်ချောင်းတံတားထိပ်မှာ စစ်တပ်က ခရီးထွက်ခွင့် တားထားသလို မြစ်ကြီးနားဘက်က တက်လာတဲ့ ခရီးသည်တွေကိုလည်း ရွှေညောင်ပင် စစ်တပ်က တားထားတယ်လို့ အဆိုပါဒေသခံက ပြောပါတယ်။
“နန်ဆန်ယန်၊ ကန်တော်ယန်၊ ဂျာဘူဘက်က ပြန်လာတဲ့ သူတွေကိုလည်း ချောင်းတံတားထိပ်မှာ အဲဒီမှာ ဖောင်နဲ့ ကူးတာလေ။ အဲဒါ ကူးခွင့်ပိတ် ထားတယ်၊ ဒီမနက် ၈ နာရီကတည်းက၊ တိုက်ပွဲပြီးချိန်ကတည်းက။ ဒုက္ခသည်တွေက မြစ်ကြီးနား ပြေးချင်တဲ့သူက အဲဒီမှာ သောင်တင်တာပေါ့။ ဒဘတ်ချောင်းတံတားထိပ်မှာ။ လူဦးရေ (၂ဝဝ)လောက် သောင်တင်နေတာ။ အဲဒီမှာ မြစ်ကြီးနားဘက်က လာတဲ့သူတွေကိုကော ရွှေညောင်ပင်မှာ တားထားတယ်။
ကေအိုင်အေနဲ့ မြန်မာအစိုးရစစ်တပ်အကြား အပစ်ရပ်စဲရေးပြုလုပ်ဖို့ အပြန်အလှန် စာရေးတာတွေရှိနေချိန်မှာ နှစ်ဖက်အကြား တိုက်ပွဲဆက်ဖြစ်နေတာလည်း ဖြစ်ပါတယ်။
ဆက်စပ်သတင်းများ