
ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာဖို့၊ ရွေးကောက်ပွဲကော်မရှင်နာမင်းကြီး ရာထူးကနေ နုတ်ထွက်ဖို့၊ ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲဖို့နဲ့ တရားမျှတမှုရရေးအတွက် အိန္ဒိယလူငယ်တွေက ဆန္ဒပြတာတွေကို ရပ်တန့်မှာ မဟုတ်ဘူးလို့ အိန္ဒိယနိုင်ငံရဲ့ အဓိက အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဒီက အောက်တိုဘာ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ မမှန်မကန် လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုရင်း အိန္ဒိယနိုင်ငံရဲ့ အဓိကအတိုက်အခံ ကွန်ဂရက်စ်ပါတီ ခေါင်းဆောင် ရာဟူးဂန္ဒီက အောက်တိုဘာ ၁၂ ရက်မှာ တခြားအတိုက်အခံအဖွဲ့တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပါဝင်တက်ရောက်တဲ့ ချီတက်ဆန္ဒပြပွဲတခုကို ဦးဆောင်ခဲ့ပါတယ်။
အိန္ဒိယမြို့တော်မှာ ရက်ပေါင်းများစွာကြာအောင် မငြိမ်မသက် ဖြစ်စေခဲ့တဲ့ မဲဆန္ဒရှင်စာရင်း ပြင်ဆင်သတ်မှတ်မှုဆိုင်ရာ အငြင်းပွားစရာ ကိစ္စရပ်တခုကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ နယူးဒေလီမြို့တော်မှာ ဆန္ဒပြပွဲကို ဆင်နွှဲခဲ့ပါတယ်။
ဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ဘာရာတီယာ ဂျနာတာပါတီ (BJP) ကို အကျိုးပြုစေတယ်လို့ ဝေဖန်ခံရတဲ့ မဲဆန္ဒရှင်စာရင်း ပြင်ဆင်မှုကိစ္စနဲ့ ပတ်သက်ပြီး အဓိက ရွေးကောက်ပွဲ ကော်မရှင်နာမင်းကြီး ဂျာနက်ရှ် ကူးမားကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုရင်း အတိုက်အခံပါတီနဲ့ ပိုးဟပ်ဂျန်ဒါပါတီလို့ ခေါ်တဲ့ လူငယ်လှုပ်ရှားမှုအဖွဲ့ဝင်တွေဟာ ဒီလအတွင်း နေ့စဉ်နီးပါး လမ်းမတွေပေါ်ထွက်ရင်း ဆန္ဒပြနေကြပါတယ်။
ဘယ်ပါတီကိုမှ ဘက်မလိုက်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ငြင်းဆိုထားပြီး မှားယွင်း ပယ်ဖျက်ခံခဲ့ရတဲ့ မဲဆန္ဒရှင်တွေ စာရင်းပြန်သွင်းနိုင်တယ်လို့ ပြောခဲ့ပေမဲ့ BJP ပါတီကတော့ တရားဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို မေးခွန်းထုတ်ခြင်းအားဖြင့် ဒီမိုကရေစီကို ထိခိုက်ပျက်ပြားစေဖို့ ပြိုင်ဘက်တွေက ကြိုးပမ်းနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က စခဲ့တဲ့ ပြင်ဆင်မှုလုပ်ငန်းစဉ်အတွင်း ဂျပန်နိုင်ငံရဲ့ လူဦးရေထက်များတဲ့ မဲဆန္ဒရှင် အမည်ပေါင်း သန်း ၁၃၀ ကျော်ကို မဲဆန္ဒရှင်စာရင်းတွေကနေ ပယ်ဖျက်ခဲ့ပြီး မဲဆန္ဒရှင်စာရင်းထဲမှာ ကွယ်လွန်ပြီးသားလူတွေ၊ နေရပ်ပြောင်သွားသူတွေနဲ့ ရှာမတွေ့သေးတဲ့ လူပျောက်တွေလည်း ပါဝင်နေပါတယ်။
Source: Reuters











