
ဂျပန်နိုင်ငံက မြန်မာအစိုးရသစ်ကို ထောက်ခံကူညီသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီအို ကီရှီဒါက ပြောပါတယ်။
ဇန်န၀ါရီ ၂၇ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဆင့်မြင့်အရာရှိတွေကို နိုင်ငံခြားရေး ၀န်ကြီးဌာနက အခုလို ပြောလိုက်တာလို့ ဂျပန် ကျိုဒိုသတင်းမှာ ဖော်ပြပါတယ်။
အစိုးရသစ်ကို ထောက်ခံဖို့အတွက် တရားဝင် ဖွံ့ဖြိုးရေး အကူအညီတွေနဲ့ သီးသန့် ရင်းနှီးမြှုပ်နှံမှုတွေကို ထပ်မံတိုးမြှင့် လုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ဂျပန်ကို သွားရောက်တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးမျိုးမြင့်ကို ပြောတယ်လို့ သတင်းက ရေးပါတယ်။
အန်အယ်လ်ဒီအစိုးရ အောင်မြင်ရေးဟာ မြန်မာ့ငြိမ်းချမ်းရေးနဲ့ စည်ပင်သာယာရေးအတွက် အရေးကြီးသလို ဂျပန်က အန်အယ်လ်ဒီ စီးပွားရေးကော်မတီ အဖွဲ့တွေနဲ့ နီးနီးကပ်ကပ် ပြောဆိုဖို့ လိုလိုလားလားရှိတယ်လို့ ဆိုပါတယ်။
မြန်မာကတော့ ခက်ခဲတဲ့ အခြေအနေအောက် ရောက်နေသလို စိန်ခေါ်မှုတွေ အမြောက်အမြား ရင်ဆိုင်နေရတဲ့အတွက် ဂျပန်ရဲ့ အကူအညီဟာ အရေးပါတယ်လို့လည်း ဦးမျိုးမြင့်က ပြောပါတယ်။
မကြာမီလပိုင်းမှာ မြန်မာအစိုးရသစ်က အာဏာကို လွှဲပြောင်းရယူဖို့ ရှိနေပြီး ဂျပန်အစိုးရက မြန်မာအစိုးရသစ်ကို ကူညီဖို့ စိတ်အားထက်သန်နေပါတယ်။
အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ဂျပန်ကို ၇ ရက်ကြာ အလည်အပတ် ရောက်ရှိနေသလို ဂျပန် ဘဏ္ဍာရေးဝန်ကြီးနဲ့ အဆင့်မြင့် အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။











