DVB Logo
Home
Lead Story
လွှတ်တော်နှစ်ရပ် ဦးဆောင်ရန် တိုင်းရင်းသားများကို ဦးစားပေးရွေးခဲ့သည့်အပေါ် အမြင်များ
DVB
·
January 28, 2016
လွှတ်တော်နှစ်ရပ် ဦးဆောင်ရန် တိုင်းရင်းသားများကို ဦးစားပေးရွေးခဲ့သည့်အပေါ် အမြင်များ
Donate to DVB

ဇန်န၀ါရီ ၂၈ ရက် မနက်ပိုင်းမှာပဲ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီက ပြည်သူနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မယ့်သူတွေစာရင်းကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

ပြည်သူနဲ့ အမျိုးသားလွှတ်တော် ၂ ရပ်ကို ထိန်းကျောင်းမောင်းနှင်မယ့်သူတွေစာရင်း ကြည့်လိုက်တော့ ဗမာတဦး၊ ကရင်တဦး၊ ကချင်တဦးနဲ့ ရခိုင်တဦး ပါဝင်နေပါတယ်။

အခုလို တိုင်းရင်းသားတွေကို ဦးစားပေး ရွေးချယ်ခဲ့တဲ့အပေါ် လက်ရှိ လွှတ်တော်တက်နေတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေရဲ့ အမြင်တွေ စုစည်း တင်ဆက်လိုက်ပါတယ်။

ဦးခက်ထိန်နန် (ကချင်ပြည်နယ် အမျိုးသားလွှတ်တော်အမတ်)

“တိုင်းရင်းသားလေးယောက်ပါအောင် ရွေးလိုက်တဲ့ဟာက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို စတင်ကြိုးစား ဆောင်ရွက်လာတယ်လို့ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် အချိန်အခါမှာ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး စသည်တို့ကို အလေးအနက်ထားပြီး ဆောင်ရွက်ဖို့ဆိုတဲ့နေရာမှာ ပထမဦးဆုံး လွှတ်တော် ဒုတိယအကြိမ်အတွက် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ နာယကတွေ ရွေးချယ်တာကို ကြည့်ခြင်းအားဖြင့် ပြောတဲ့အတိုင်းပဲ ကြိုးစားပြီးတော့ လုပ်ဆောင်သွားမယ်ဆိုတာ တွေ့ရပါတယ်။ အခု လွှတ်တော်မှာ တာဝန်ပေးတဲ့အတိုင်းပဲ အားလုံးကို တာဝန်ပေးသွားလိမ့်မယ်လို့လည်း ယုံကြည်မျှော်လင့်တယ်။”

ဒေါ်နန်းစေးဝါး (ဖလုံစဝေါ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

“တိုင်းရင်းသားအကျိုး လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျမ မျှော်လင့်တယ်။ ဘာလို့လဲဆိုတော့ ပြောင်းလဲချိန်တန်ပြီဆိုတာ ဒီလိုမျိုး တိုင်းရင်းသားတွေကိုလည်း ပါဝင်သင့်တာပေါ့နော်။ အရင်လွှတ်တော်ကတော့ အခုလိုမျိုး အခွင့်အရေး မရခဲ့ဘူးပေါ့။ တိုင်းရင်းသားတွေအတွက် ဘာမှ နေရာမရခဲ့ဘူး။ အခုလိုမျိုး စီမံဆောင်ရွက်ပေးတဲ့အတွက် များစွာကျေးဇူးတင်တယ်။ ၀မ်းသာပါတယ်။”

ဦးဖေသန်း (မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

“ဒုဥက္ကဋ္ဌ ဦးအေးသာအောင်က ကျနော်တို့ပါတီကပေါ့။ ပါတီကို ကိုယ်စားပြုဖို့လိုတယ်။ အဲ့ဒီလိုခန့်အပ်တာ ပါတီရဲ့ ခွဲတမ်းဆိုရင် ပါတီကို အသိပေးဖို့လိုတယ်။ ပြီးတော့ ပါတီရဲ့ ခွင့်ပြုချက်တွေကိုလည်း ရယူဖို့လိုတယ်။ အဲ့ဒီလိုမဟုတ်ဘဲနဲ့ ပါတီကိုလည်း အသိအမှတ် မပြုဘူး။ ကိုယ်က စိတ်ကြိုက် ခေါင်းခေါက်ရွေးမယ်ဆိုရင် ပါတီ ၂ ခုကြားမှာ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ပါတီပြိုကွဲအောင်လုပ်တဲ့ ပုံစံမျိုး ဖြစ်လာနိုင်တာကိုတော့ သတိထားဖို့ လိုပါတယ်။ တိုင်းရင်းသားပါမယ်၊ ကိုယ့်ပါတီကလူကို မပေးဘဲနဲ့ ဒီပြင်ပါတီတခုခုကသူကို တာဝန်ပေးမယ် ဆိုရင်တော့ အဲ့ဒီပါတီနဲ့ ညှိနှိုင်း လုပ်ဆောင်သင့်ပါတယ်လို့ မြင်ပါတယ်ဗျ။”

စိုင်းမောင်တင် (ပြည်သူ့လွှတ်တော်-လဲချား)

“ပထမအကြိမ် ၅ နှစ်သက်တမ်းကာလမှာလည်း ဦးဝင်းမြင့်တို့ ဦးတီခွန်မြတ်တို့က ပါထားပြီးသားလေ။ သူတို့လည်း အတွေ့အကြုံ အထိုက်အလျောက်တော့ ရထားပြီးသားလေ။ ရထားပြီးသားဆိုတော့ သူတို့ ပိုကောင်းအောင် လုပ်သွားလိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။ ကျနော်တို့ ရှမ်းတိုင်းရင်းသားတွေ ပါဝင်ခွင့်ရရင်တော့ ပိုကောင်းတာပေါ့လေ။ ဘယ်နေရာတွေမှာ ၀င်ပါစေချင်လဲတော့ မပြောတတ်ဘူးပေါ့နော်။ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ ပါဝင်လာရင်တော့ ပိုကောင်းတာပေါ့လေ။ အန်အယ်လ်ဒီကိုယ်စားလှယ်တွေလည်း အထိုက်အလျောက်တော့ အနိုင်ရထားတာလေ။ ရှမ်းတွေ ပါဝင်လာလိမ့်မယ်လို့ ယုံကြည်လားဆိုတော့ မျှော်တော့ မျှော်လင့်တာပေါ့။ ယုံကြည်ဖို့ဆိုတာကတော့ စောင့်ကြည့်ရဦးမယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013