DVB Logo
Home
Lead Story
ငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက်မလဲ
DVB
·
January 28, 2016
ငြိမ်းချမ်းရေး ဘယ်လိုတည်ဆောက်မလဲ
Donate to DVB

ယခုနှစ် လွတ်လပ်ရေးနေ့က နေပြည်တော်တွင် ကျင်းပသော တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မိမိတို့ တိုက်ပွဲဝင်နေရခြင်းများသည် နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်အတွက် တရားသောစစ်သာ ဖြစ်သည်။ ငြိမ်းချမ်းအောင် ဆောင်ရွက်ရာတွင် စစ်ရေးဆိုင်ရာ ရင်ဆိုင်မှုများ ရှိနေသည်။ မိမိတပ်မတော်က စစ်ကို လိုလားသောကြောင့် ဖြစ်နေခြင်း မဟုတ်သည်ကိုလည်း လေ့လာကြည့်လျှင် တွေ့နိုင်ကြောင်း၊ မိမိတို့တပ်မတော်သည် တိုင်းပြည်အတွက် တရားသော စစ်ကိုသာ ဆင်နွှဲနေကြောင်း သစ္စာဆိုဝံ့သည်ဟု ပြောဆိုသွားခဲ့ပါသည်။

ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ယူထားရသော တပ်မတော်၏ အကြီးအကဲတယောက် အနေနှင့် မိမိတို့အကျိုးအတွက် စစ်ပွဲများ ဆင်နွှဲနေရသည်ဟု ပြောမည်မဟုတ်ပေ။ ပြောစရာလည်းမလိုပေ။ ပြည်တွင်းစစ်ဖြစ်သည် ဆိုသည်နှင့် တဘက်နှင့်တဘက် သူအမှန်ကိုယ်အမှန်၊ သူ့အစွဲကိုယ့်အစွဲနှင့် စားပွဲဝိုင်းတွင် မဖြေရှင်းကြဘဲ လက်နက်ကိုင်၍ ဖြေရှင်းနေခြင်းဖြစ်သည်။ ယခုဆိုလျှင် လွတ်လပ်ရေးသက်တမ်း ၆၈ နှစ်နှင့်အတူ ပြည်တွင်းစစ်သက်တမ်းလည်း ၆၈ နှစ် ရှည်ကြာခဲ့လေသည်။ တပ်မတော်သည် တိုင်းပြည်အတွက်၊ နိုင်ငံတော်အတွက်၊ ပြည်သူအတွက်  အသက်ပေး တိုက်ပွဲဝင်ခဲ့သည် ဆိုသည်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသွားသလို အစိုးရကို ပုန်ကန်ခြားနားသော လက်နက်ကိုင် တိုင်းရင်းသားများ အပါအဝင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုများကလည်း သူတို့တိုင်းရင်းသားများနှင့် နိုင်ငံသားများအတွက်၊ နိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြခြင်း ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။ ထိုအခါ အမှန်အမှား ပြဿနာသည်လည်း သူ့ဘက်ကိုယ့်ဘက် ရှုထောင့်များမှနေ တဘက်သတ်ဆီ ကိုင်စွဲကြပေလိမ့်မည်။ ထိုအခါ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် အခက်အခဲ ရှိလာနိုင်သည်။

စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးရာတွင်လည်း တဘက်နှင့်တဘက် သူသာမှန်သည်ဟု တရားသေကိုင်စွဲထားပါက ယခုစစ်တိုက်နေခြင်းသည် တဘက်ကမှားပြီး မိမိသာမှန်နေခြင်း ကြောင့် မည်သို့မျှ ညှိနှိုင်း၍ ရမည်မဟုတ်ပေ။ စင်စစ်အားဖြင့် ယုံကြည်မှု တည်ဆောက်ရာတွင် မိမိဘက်မှ အမှားနှင့် ချို့ယွင်းချက်များကို တဘက်က နားလည်ယုံကြည်အောင် တင်ပြနိုင်၊ ဝန်ခံနိုင်မှသာလျှင် ထိုရိုးသားမှုပေါ် အခြေတည်ပြီး တဘက်ကလည်း ယုံကြည်လာနိုင်သည်။ မိမိသာမှန်ပြီး သူတပါးမှားနေသည် ဆိုလျှင်ကား ယုံကြည်မှုရနိုင်မည် မဟုတ်ပေ။ တိုက်ပွဲများ ဖြစ်နေရခြင်းသည် မိမိနှင့် ရင်ဆိုင်နေရသူက ရန်စတိုက်ခိုက်ခြင်းကြောင့်သာ ဖြစ်နေရသည်။ မိမိတို့က တိုက်ခိုက်လို၍ မဟုတ်ဟု ငါသာမှန်သည်ဆိုသော ငါစွဲရှိနေလျှင် နှစ်ဘက်စလုံး ယုံကြည်မှုကို ဖန်တီးနိုင်မည် မဟုတ်ပေ။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဆရာဒဂုန်တာရာက ငြိမ်းချမ်းရေးအပေါ် သူ့အမြင်ကို ရေးသားထားခဲ့ပေသည်။ ၁၉၅၈ ခုနှစ်က ရေးသော ဆောင်းပါး ဖြစ်ပေလိမ့်မည်။

“ယခုအခါ ငြိမ်းချမ်းရေးတံခါးဝသို့ ရောက်နေပြီဟု ဆိုစရာရှိသည်။ လူထုက ငြိမ်းချမ်းရေး ဖြစ်စေချင်သော ဆန္ဒနှင့် တံခါးဝသို့ လှမ်း၍ ကြည့်နေကြသည်။ သို့သော် တံခါးဝ၌ ဆူညံဆူညံနှင့် အငြင်းပွားနေသော ပြဿနာတခု ရှိနေသည်။ သည်ပြဿနာမှာ အခြားမဟုတ်။ ၁၉၄၈ ခုနှစ်၊ မတ်လ လက်နက်ကိုင်တော်လှန်ရေးမှာ… မှားသလား၊ မှန်သလား ဆိုတာပဲဖြစ်၏။

လာမည့် မတ်လ ၂၈ ရက်နေ့ဆိုလျှင် ပြည်တွင်းစစ်သက်တမ်း ၁ဝ နှစ်ပြည့်တော့မည်။ လက်နက်ကိုင်တော်လှန်ရေး ၁ဝ နှစ်ပြည့်တော့မည်။

၄၈ လက်နက်ကိုင်တော်လှန်ရေး မှားသလား၊ မှန်သလားဟူသည်ကား အငြင်းပွားနိုင်သော ပြဿနာဖြစ်သည်။ နောင်လည်း အငြင်းပွားနေနိုင်သည်။

ပုဂံရာဇဝင်ကို တုတ်ထမ်း၍ ပြောခဲ့ကြသည်။

ယခု မြန်မာ့တော်လှန်ရေး ရာဇဝင်ကို သေနတ်ထမ်း၍ ပြောနေကြမည်လော။ နိုင်ငံခြားက ကျည်ဆန်ဝယ်၍ ပြောကြမည်လော။ အရင်းရှင်စနစ် မှန်သလား၊ ကွန်မြူနှစ်မှားသလား၊ အမေရိကန်မှားသလား၊ ဆိုဗီယက်မှန်သလားကို အဏုမြူဒုံးပျံနှင့် ငြင်းကြမည်လော။

ရာဇဝင်သဘောနှင့် ကြည့်လျှင် ၁ဝ နှစ်သည် ဘာမျှမဟုတ်ပေ။ နောင်အဆက်ဆက်သော ရာဇဝင်ဆရာတို့က လွတ်လပ်ရေးရပြီး နောင်အနှစ် ၅ဝ ကို ဝေဖန်သုံးသပ်သောအခါ အစိတ်အပိုင်း တဆစ်အဖြစ်သာ အကျုံးဝင်သွားပေလိမ့်မည်။

နှစ်ဘက်စလုံး ရင်တထိတ်ထိတ် ခုန်နေကြသည်။ နှစ်ဘက်စလုံးက “ငါမှန်သည်” ဟု ထင်ချင်ကြသည်။ ရင်ခုန်သံနှင့် ဆုံးဖြတ်နေကြသည်။ ရာဇဝင်သည် ရင်ခုန်သံ၏ အမှတ်အသား မဟုတ်ပေ။ မေတ္တာသာလျှင် ရင်ခုန်သံ၏ အမှတ်အသား ဖြစ်သည်။

“ပြည်တွင်းစစ်သည် မေတ္တာတိုက်ပွဲ မဟုတ်ပေ။ ရာဇဝင်၏ကဏ္ဍသာ ဖြစ်၍ ရာဇဝင်ဆရာတို့၏ လက်ထဲတွင် အငြင်းပွားချင် ပွားကြပါစေ။ ၁ဝ နှစ်မပြောနှင့် လွန်ခဲ့သော အနှစ် ၁ဝဝဝ ခန့်ကပင်လျှင် …..” ဟု “ရာဇဝင်အမြင်” ဆိုသော ဆောင်းပါးတွင် ရေးထားခဲ့ပါသည်။ လွန်ခဲ့သော အနှစ် ၅ဝ ကျော်က ရေးခဲ့သော ဆောင်းပါးဖြစ်ပါသည်။ ဆရာယူဆခဲ့သလို ပြည်တွင်းစစ် ဘယ်သူကြောင့် စခဲ့သလဲဆိုသည်ကို နိုင်ငံရေးအမြင်ချင်း ကွဲနေကြသည်။ တချို့က အမှန်တရားကို မျက်ကွယ်ပြုကာ ကွန်မြူနစ်များက ဘရောက်ဒါဝါဒကြောင့် လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲသည်ဟု ဆိုသည်။ တဘက်ကလည်း ကွန်မြူနစ်ပါတီကို အတင်းဝင်ရောက် စီးနင်းပြီး ကွန်မြူနစ်ခေါင်းဆောင်များကို ထောင်ထဲဖမ်းထည့်ဖို့ ကြိုးစားသောကြောင့် တောထဲ ပြေးနေခြင်းဖြစ်သည်ဟု ဆိုသည်။ လက်ယာနိုင်ငံရေးသမားများက ကွန်မြူနစ်တို့ကို ဖမ်းဆီးဖို့ ကြိုးစားသောကြောင့် လက်နက်ကိုင်တော်လှန်ရေးကြီး ဖြစ်ခဲ့ရသည်ဟု ချေပကြသည်။ ဖဆပလက လက်ရှိအစိုးရ လက်နက်ရှိသည်။ စစ်တပ်ရှိသည်။ ရဲရှိသည်။ အာဏာရှိသည်။ တချိန်တည်းတွင် ပြည်သူကို ဖိနှိပ်နေသော အစိုးရဖြစ်၏။ ကွန်မြူနစ်ပါတီမှာ တပ်မရှိ၊ လက်နက်မရှိ။ ထိုနှစ်ဘက်တွင် မည်သူက အကြမ်းဖက်မှုကို စတင်နိုင်သလဲဟု သဘာဝကျကျ စဉ်းစားကြည့်လျှင် အဖြေပေါ်နိုင်ပါ သည်။ ၁၉၈၈ ခုနှစ်က စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီလှုပ်ရှားမှုများကို အကြမ်းဖက် လက်နက်ဖြင့် သတ်ဖြတ်ကာ ဖြိုခွဲခဲ့သည့် သာဓက၊ ၁၉၈၉ ဇူလိုင် ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ဖမ်းကာ ကျန်နိုင်ငံရေးခေါင်းဆောင်များ၊ ပါတီများကို ပိုက်စိတ်တိုက် ရှာဖွေဖမ်းဆီး ထောင်ချသည်ကို ကြည့်ခြင်းဖြင့် လက်နက်မဲ့သူနှင့် လက်နက်ရှိသူကို ခွဲခြား၍ရပါသည်။ ပြည်တွင်းစစ်ကြီးသည် ဤကဲ့သို့ အာဏာရှိသူ လူတန်းစား၊ လက်နက်ရှိသူ လူတန်းစား၊ အုပ်စိုးသူလူတန်းစားက နှိပ်ကွပ် အကြမ်းဖက်ရာမှနေ ယနေ့အထိ မီးဟုန်းဟုန်းတောက်နေရသည် မဟုတ်ပါလော။

“မှားသည် မှန်သည် ဟူသည်မှာ အတော်အဓိပ္ပါယ် ကောက်ရခက်သည်။ နိုင်ခြင်းကြောင့် မှန်သည်ဟု ပြော၍မရ။ ရှုံးခြင်းကြောင့်လည်း မှားသည်ဟု ထထစ်ချ မဆိုနိုင်။ “နေအေး” ဆိုသော အလိမ်ဆရာတယောက်သည် အမြဲတမ်းနိုင်နေသည်။ သူ့ကို မှန်သည်ဟု ပြောရမည်လော။

လောက၌ အမှားချည်းသက်သက်၊ အမှန်လည်းသက်သက် (ဝါ) မမှားလျှင် မှန်ရမည်ဟူသော ဘက်နှစ်ဘက်နှင့် အဆုံးစွန်ဆုံးဖြတ်၍ မရပေ။ အမှားနှင့်အမှန် ဒွန်တွဲလျက်လည်း ရှိတတ်သည်။

ယနေ့ ဖဆပလနှင့် တော်လှန်ရေး အင်အားစုတို့ ပဋိပက္ခ၌လည်း တဘက်က အမှားသက်သက်၊ တဘက်က အမှန်သက်သက် ဖြစ်သလော။ ကျနော့်အမြင်မှာ အမှားနှင့်အမှန် ဒွန်တွဲနေသည်ဟု မြင်သည်။ လွတ်လပ်ရေးရပြီးကာစ တက်ကြွသော အင်အားစုတို့၏ လှုပ်ရှားမှုဟု မြင်သည်။

အမေရိကန် လွတ်လပ်ရေးရစ၌ ပြည်တွင်းစစ်ရှိခဲ့သည်။ တရုတ်ပြည်၌လည်း ပဒေသရာဇ်စနစ် လွတ်လပ်ခါစမှစ၍ ပြည်တွင်းစစ် ဖြစ်ခဲ့သည်။ ရုရှား၌လည်း ၁၉၁၇ - ၂၂ အတွင်း ပြည်တွင်းစစ် ရှိခဲ့သည်။ ယနေ့ အင်ဒိုနီးရှား၌လည်း ပြည်တွင်းစစ်သို့ ဦးတည်နေပေပြီ။

ဤကား လွတ်လပ်ရေးရပြီးသောအခါ တက်ကြွလာသော အင်အားစုများ၏ လှုပ်ရှားမှုသာ ဖြစ်သည်။ ရာဇဝင် သဘာဝသွင်ပြင်ဖြစ်သည်ဟု ရေးထားလေသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ဖြစ်ရခြင်းနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ် ဆန်းစစ်လျှင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး လက္ခဏာရပ်ကို အုပ်စိုးသူ လူတန်းစားက အကောင်အထည် မဖော်နိုင်၍ ဖြစ်သည်။ အုပ်စိုးသူ လူတန်းစားက နယ်ချဲ့ လက်ဝေခံများအဖြစ် အာဏာကို လက်ဝါးကြီးအုပ်ကာ လွတ်လပ်ရေးအတွက် အတူတိုက်ပွဲဝင်ခဲ့သူများအပေါ် သစ္စာဖောက်ခဲ့ကြသည်။ ထို့ပြင် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို ဖောက်ဖျက်ကာ တိုင်းရင်းသားတို့၏ တန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ခြေဖျက်ခဲ့သည်။ ထို့ကြောင့် မလွှဲသာ မရှောင်သာဘဲ လက်နက်ကိုင်တိုက်ပွဲ ဝင်ခဲ့ကြရသလို တိုင်းရင်းသားများမှာလည်း သူတို့အခွင့်အရေးအတွက် လက်နက်ကိုင်သာ တောင်းဆိုခဲ့ကြရသည်။ ထိုအခါ ငြိမ်းချမ်းရေးရရှိဖို့နှင့် ပြည်တွင်းစစ်ရပ်စဲဖို့ ပြဿနာ ဖြစ်ပေါ်လာရလေသည်။

အမှားအမှန် ငြင်းခုံခြင်းထက် အကျိုးအကြောင်းကို လေ့လာရှာဖွေခြင်းက လူ့ရာဇဝင် လေ့လာရေးအတွက် ပိုမိုအကျိုးရှိမည်ဟုထင်၏။ အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ထွန်းလာခြင်း ဖြစ်၏။ အကြောင်းမရှိဘဲ အကျိုးမပေါ်နိုင်။

လက်နက်ကိုင် တော်လှန်ရေးကိုလည်း ဤသို့ပင် အကျိုးအကြောင်းတရားနှင့် ကြည့်ရှုအပ်ပေသည်။

ပန်းပွင့်နှင့် ပေါက်ကစားသူအား လှံဖြင့် ချိန်ရွယ်ခြင်းလော… မဟုတ်ပေ။ ပုတီးစိတ် အိပ်စက်နေသူအား စတင်းဂန်းနှင့် ပစ်ခတ်ခြင်းလော.. မဟုတ်ပေ။ သေနတ်ကို သေနတ်နှင့် ပစ်ခြင်းပဲ ဖြစ်သည်။ ဤသို့ဆိုလျှင် နှစ်ဘက်စလုံး၌ တာဝန်ရှိလေသည်။ သို့ဖြစ်လေရာ အကျိုးနှင့် အကြောင်းတရားများကို စေ့ငုအောင် ဝေဖန်၍ ရာဇဝင်ပညာ ရှာဖွေအပ်သည်။

ယခုအခါ နှစ်ဘက်စလုံး မတိုက်လိုကြတော့။ ဤကား အခြေအနေကပေးသည့် အငြင်းမပွားသော ဆန္ဒဖြစ်လေသည်။ ငြိမ်းချမ်းရေးတံခါးဝ၌ ရပ်၍ လက်နက်ကိုင် တော်လှန်ရေး မှန်သလား၊ မှားသလားကို ရာဇဝင်ပညာအတွက် ထားရစ်ခဲ့ပြီး ယနေ့ လောလောဆယ် လိုအပ်နေသည့် (ဝါ) လူထုက တောင်းဆိုနေသော ပြည်တွင်းစစ်ရပ်စဲရေးကိုသာ ဦးတည်လိုအပ်ပေသည်။”

ဆရာတာရာ၏ အလိုအရမူ ဘက်နှစ်ဘက်တွင် အမြင် ၂ မျိုးရှိ၏။ သူ့ဘက်ကကြည့်လျှင် သူမှန်သည်၊ ကိုယ့်ဘက်ကကြည့်လျှင် ကိုယ်မှန်သည်ဖြစ်၏။ ယနေ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးရာ၌ အဖွဲ့အားလုံး မရေးထိုးနိုင်ဘဲ ၈ ဖွဲ့သာ ရေးထိုးခဲ့သည်။ ထို့ကြောင့် တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေသည်။ ပထမ ၅ နှစ် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေးခရီးသည် မှန်းသလောက် မပေါက်ရောက်ခဲ့ပေ။ နောင်အစိုးရအဖွဲ့ လက်ထက်တွင်ရော ဘယ်လောက် ခရီးရောက်နိုင်ပါ့မလဲ။ စစ်တပ်မပါလျှင် ဘာမှ ဖြစ်နိုင်မည်မဟုတ်။ စစ်တပ်က အပေးအယူ အလျှော့အတင်းကို လက်မခံလျှင် အပစ်အခတ် ရပ်စဲရေးလည်း အထမြောက်မည် မဟုတ်တော့ပေ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013