ပြည်သူနှင့်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အမည်စာရင်းကို အန်အယ်လ်ဒီ အတည်ပြု
DVB
·
January 28, 2016

အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့် (အန်အယ်လ်ဒီ)၊ ဒုဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ် (ကြံ့ခိုင်ရေး)၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးမန်းဝင်းခိုင်သန်း၊ ဒုဥက္ကဋ္ဌ အဖြစ် ဦးအေးသာအောင် (အေအန်ပီ) တို့ကို အတည်ပြု ရွေးချယ်လိုက်ပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ အရွေးချယ်ခံ ကိုယ်စားလှယ်တွေ နေပြည်တော် လွှတ်တော်ဝန်းအတွင်းရှိ ဇမ္ဗူသီရီခန်းမအတွင်း တွေ့ဆုံပွဲမှာ အခုလို အတည်ပြု ရွေးချယ်လိုက်တာလို့ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။
“ပြည်သူ့လွှတ်တော်မှာ တာဝန်ထမ်းဆောင်ရမယ့် ပြည်သူ့လွှတ်တော်အမတ်တွေကို အမှာစကား ပြောရင်းနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ကို အတည်ပြုလိုက်ပါပြီ”လို့ ဦးဝင်းထိန်က ပြောဆိုပါတယ်။