
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းမိုင်မြို့က ပါဖက်တို ဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၂၀ ကျော်ဟာ အလုပ်ရှင်ဆီက လုပ်အားခ မရရှိလို့ ချင်းမိုင်ခရိုင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးမှာ ဒီကနေ့ သွားရောက်တိုင်ကြားခဲ့ကြပါတယ်။
သူတို့တွေဟာ ပါဖက်တိုကုမ္ပဏီက တာဝန်ယူလုပ်ဆောင်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီး ၃ ခုက အလုပ်သမားတွေ ဖြစ်ကြပြီး ၁ လစာ လုပ်အားခ မရသေးတဲ့အပြင် အလုပ်ရှင်နဲ့ အဆက်အသွယ် မရတဲ့အတွက် အလုပ်လက်မဲ့တွေ ဖြစ်နေတယ်လို့ ရွှေ့ပြောင်းအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ ခေါင်းဆောင် စိုင်းအုမ်ခေးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့က အလုပ်ရှင်ကုမ္ပဏီနဲ့ တိုက်ရိုက်မဆက်သွယ်ရဘူး၊ အလုပ်သမား ခေါင်းဆောင်နဲ့ပဲ ဆက်သွယ်ရတယ်၊ အလုပ်သမား ခေါင်းဆောင်တွေကလည်း ကန်ထရိုက်တာနဲ့ ဆက်သွယ်ရတယ်။ ဒါပေမယ့် ကုမ္ပဏီပိုင်ရှင်က ဟိုချိန်း ဒီချိန်းလုပ်ပြီး နောက်ဆုံး ကုမ္ပဏီရုံးခန်းလည်းပိတ်၊ သူ့မိသားစုတွေနဲ့အတူ နိုင်ငံခြားကို ရှောင်ထွက်သွားတယ်လို့ ကြားတယ်။ အခုက အလုပ်သမားခေါင်းဆောင်တွေကအစ ဘယ်သူမှ လုပ်အားခ မရတော့ဘူး၊ ဒါနဲ့ ကျနော်တို့ အလုပ်သမားအဖွဲ့ဆီ လာတိုင်တယ်၊ ကျနော်တို့ကလည်း လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းဆီက ဥပဒေဆိုင်ရာ အကြံပေးချက်တွေယူပြီး ဒီရုံးမှာ လာတိုင်ကြတာ ဖြစ်ပါတယ်။”
အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးမှာ လာရောက်တိုင်တန်းချက်အရ နေထိုင်ခွင့် လက်မှတ်လည်းရှိ၊ ရစရာရှိတဲ့ ငွေစာရင်းလည်း ပြနိုင်တဲ့ အလုပ်သမား ၁၂၁ ဦးရှိပြီး ရရန်ရှိသော ငွေမှာ အားလုံးအတွက် စုစုပေါင်းလုပ်အားခ ဘတ် ၃၄၆၁၆၀၂ (သုံးသန်းခွဲ) နီးပါးရှိတယ်လို့ စိုင်းအုမ်ခေးက ပြောပါတယ်။
လက်မှတ်မရှိတဲ့ အလုပ်သမားနဲ့ တခြားမှာ အလုပ်သွားလုပ်လိုက်တဲ့ သူတွေတော့ စာရင်းထဲ မပါသေးကြောင်းနဲ့ အကုန်လုံးပေါင်းမယ်ဆိုရင် လုပ်အားခ မရတဲ့ မြန်မာအလုပ်သမား ၂၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက စိုင်းကောင်းကလည်း သူတို့တိုင်ကြားချက်တွေကို ချင်းမိုင် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးက လက်ခံလိုက်ပြီး တဦးချင်းစီ လက်မှတ်ထိုးခဲ့ကြကြောင်း၊ ရုံးတာဝန်ရှိသူတွေက အလုပ်ရှင်ကို ဆင့်ခေါ်ဖြေရှင်းမှာဖြစ်ကာ အလုပ်ရှင်နဲ့ ဆက်သွယ်လို့ မရရင်တော့ အမှုဖွင့် တရားစွဲတာတွေ လုပ်လိမ့်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
အလုပ်သမားတဦးဖြစ်တဲ့ စိုင်းနမ့်က အလုပ်သမားတွေကတော့ လုပ်အားခကို ချက်ချင်းလိုအပ်နေကြောင်း၊ ၀င်ငွေမရှိတာ ၁ လကျော် ၂ လနီးပါး ရှိနေပြီဖြစ်တဲ့အတွက် နောက်ထပ် အလုပ်သစ်ရှာလို့မရခင် စားဝတ်နေရေး ဖြေရှင်းဖို့၊ အရင်က လုပ်အားခမရလို့ သူများဆီက အကြွေးယူထားတာတွေလည်း ပြန်ဆပ်ဖို့ လိုနေပြီလို့ ပြောပါတယ်။
အခြားအလုပ်သမားဖြစ်တဲ့ နန်းဖွန်းကလည်း သူဟာ ၄ နှစ်ပြည့် ယာယီနီုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန် လွန်နေပေမယ့် ဘယ်သူ့ဆီကမှ ပိုက်ဆံချေးငှားတာ မရလို့ စာအုပ်သက်တမ်းလွန်၊ ဗီဇာသက်တမ်းလွန်ကာ အချိန်မရွေး အဖမ်းခံရမယ့် အနေအထားမှာ ရှိတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အိမ်ကမိဘ နေမကောင်းပေမယ့် ငွေပြန်မပို့နိုင်သူတွေ၊ ကလေးကျောင်းလခ ခုထိ မသွင်းရသေးသူတွေ၊ ကလေးမွေးခါနီး ကိုယ်ဝန်ဆောင်တွေပါ အခက်တွေ့နေကြပါတယ်။
အလုပ်ရှင်က အလုပ်သမားတွေနေဖို့ ဆောက်လုပ်ပေးထားတဲ့ အလုပ်သမား တန်းလျားဟာလည်း အခန်းခ၊ ရေဖိုး၊ မီးဖိုးတွေ မပေးနိုင်တဲ့အတွက် ခြံပိုင်ရှင်က ရေ၊ မီး ဖြတ်တောက်ကာ အဆောက်အဦတွေ လာရောက်ဖျက်သိမ်းနေကြောင်း၊ တချို့က အသိမိတ်ဆွေ သူငယ်ချင်းတွေဆီ သွားရောက်ခိုလှုံနေပြီး တချို့က ဘယ်သွားရမှန်းမသိဘဲ ယောင်လည်လည် ဖြစ်နေတုန်းပဲလို့ အလုပ်သမားတွေက ပြောပါတယ်။
အဲဒီဆောက်လုပ်ရေးကုမ္ပဏီမှာ ရှမ်းပြည်နယ်က ရှမ်း၊ ပအိုးဝ်၊ ပလောင်၊ အင်းသား၊ မြန်မာ၊ ကရင်နီ စတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ၀င်ရောက်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - နန်းမြနဒီ











