DVB Logo
Home
Lead Story
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တဲ့အခါ အခကြေးယူတဲ့ ဇီဝိတဒါန ဘေးမဲ့အလှူမျိုး မဖြစ်စေဘို့
DVB
·
January 26, 2016
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တဲ့အခါ အခကြေးယူတဲ့ ဇီဝိတဒါန ဘေးမဲ့အလှူမျိုး မဖြစ်စေဘို့
Donate to DVB

ဇန်န၀ါရီ ၂၂ ရက်နေ့ မနက်မှာ မြန်မာနိုင်ငံ တ၀န်းလုံးက အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသားတချို့ အပါအ၀င် တခြား ရာဇ၀တ်သား အကျဉ်းသားတွေနဲ့အတူ စုစုပေါင်း အကျဉ်းသား ၁၀၂ ဦးကို နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့သတင်းကို ဒီဗွီဘီ ရုပ်သံသတင်းမှာ နားထောင်လိုက်ရပါတယ်။

လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေက လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုလာလို့ လူမှုရေးအရ ငဲ့ညှာသောအားဖြင့် လွှတ်ပေးတာလို့ ဆိုပါတယ်။ နိုင်ငံအကျိုး ထမ်းဆောင်နိုင်ဖို့ လွှတ်ပေးတာဖြစ်ပြီး နောက်တကြိမ် ပြစ်မှုကျူးလွန်ရင် ၎င်းပြစ်ဒဏ်အပြင် ကျန်နေတဲ့ ပြစ်ဒဏ်များကိုပါ ပူးတွဲကျခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ (AAPP) က ထုတ်ပြန်တဲ့ သတင်းထဲမှာတော့ လွတ်မြောက်လာသူတွေထဲမှာ နေ့လယ် ၂ နာရီခွဲအထိ နိုင်ငံရေးအကျဉ်းသား ၅၂ ဦးသာ ပါဝင်ကြောင်းနဲ့ လက်ရှိ အမှုရင်ဆိုင်နေရပြီး အချုပ်အနှောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀၈ ဦး ကျန်ရှိနေသေးကြောင်း ကြားသိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တယ်ဆိုတာ ယေဘုယျအားဖြင့် မလွှတ်ဘဲထားတာထက် စာရင်တော့ ကြိုဆိုကြရမှာပါ။ ဒါပေမယ့် ဦးသိန်းစိန်တို့အစိုးရ တက်လာခါစကနေ အခုနောက်ဆုံး အာဏာလွှဲပေးရတော့မယ့် ၅ နှစ်သက်တမ်းအတွင်း အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ ယုံကြည်ချက်ကြောင့် နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေအပေါ် ပြုမူဆက်ဆံခဲ့တဲ့ လုပ်ရပ်နဲ့ သမိုင်းကို စောင်းငဲ့ကြည့်လိုက်ရင် အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် စေတနာချို့ငဲ့နေတာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ပြုပြင်ပြောင်းလဲမယ်လို့ ကမ္ဘာသိ ကြွေးကြော်ခဲ့ပြီးစကတော့ အဓိက အတိုက်အခံတွေနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တော့ပေးပါရဲ့၊ ဒါပေမယ့် လွှတ်ပေးရာမှာ ပြန်ပေးဆွဲထားရာကနေ အကျပ်ကိုင်တောင်းတဲ့ငွေရရင် ရသလောက်၊ ပိုရလာအောင် တတိတိနဲ့ ပြန်ပေးဆွဲခံရသူတွေကို ပြန်လွှတ်သလိုမျိုး လွှတ်ပေးခဲ့တာလို့ ဝေဖန်ခံခဲ့ရတာ မှတ်မိကြဦးမှာပါ။

ပိုပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ချင်လာအောင် နိုင်ငံတကာကနေ တွန်းအားပေးတဲ့အနေနဲ့ ကူညီထောက်ပံ့ငွေတွေရဖို့၊ သူတို့ရဲ့ တရားမ၀င် အာဏာယူထားတဲ့ စစ်တပိုင်းအစိုးရကို ပြည်တွင်းပြည်ပက အသိအမှတ်ပြုခံရအောင်၊ ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ ၀င်ဆန့်လာအောင်၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတချို့ ၀င်လာအောင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာကို မျောက်ပြဆန်တောင်းသလိုမျိုး ဗန်းပြနိုင်ဖို့ လက်လီစိတ်ပြီး အလီလီအခါခါ တအိအိ လွှတ်ပေးခဲ့တဲ့ သမိုင်းက အထင်အရှား ကျန်ခဲ့တာပဲ မဟုတ်လား။

သူတို့လိုချင်တဲ့ နိုင်ငံတကာ ကူညီထောက်ပံ့ငွေတွေလည်းရ၊ ကမ္ဘာပတ် ငွေတွေချေး၊ ပြည်တွင်းပြည်ပက အသိအမှတ်ပြုမှုတွေလည်း အတိုင်းအတာတခုထိ ရရော ထပ်လွှတ်မပေးတော့ဘူးလေ။ ဒီကြားထဲ လွှတ်တာတော့ရှိပါရဲ့ တကယ်လွှတ်ပေးလိုက်တာက လူဆိုးလူမိုက် ရာဇ၀တ်သားတွေလေ။

သူတို့အုပ်ချုပ်တဲ့ သက်တမ်းအလယ်လောက်မှာ နိုင်ငံရေးအကျဉ်းသားတောင် ထောင်ထဲက အကုန်မလွှတ်ရသေးဘူး၊ လယ်သိမ်းခံ လယ်သမားတွေ၊ လစာတိုးတောင်းတဲ့ အလုပ်သမားတွေ၊ ပညာရေးစနစ်ပြင်ဖို့ တောင်းဆိုတဲ့ ကျောင်းသားတွေ၊ ၀န်းရံပြည်သူတွေ၊ မီဒီယာသမား သတင်းသမားတွေ၊ မတရားမှုကို ဖော်ထုတ်ရဲတဲ့ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေကို ပြန်ဖမ်းပြီး ထောင်ချလာလိုက်တာ အခုနောက်ဆုံး ရွေးကောက်ပွဲရှုံးပြီး အာဏာလွှဲဖို့ လပိုင်း ရက်ပိုင်း ကျန်တဲ့ထိအောင် မဟုတ်လား။

ကောင်းမွန်သောအစိုးရဖြစ်အောင် လုပ်မယ်လို့ ပြောခဲ့တဲ့ ဦးသိန်းစိန်တို့ အစိုးရရဲ့ တရားစီရင်ရေးမဏ္ဍိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အကာအကွယ်ယူထားတဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး နိုင်ငံရေးလုပ်ရင်၊ လက်ရှိအစိုးရ မတရားလုပ်တာကို ဖော်ထုတ်ဆန္ဒပြရင်၊ လယ်သမားတွေ၊ အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ သံဃာတော်တွေ၊ နိုင်ငံရေးသမားတွေကို ရော်ဘာကွင်းလို ဥပဒေတွေနဲ့ လိုရင်လိုသလို ပုဒ်မတွေ ကြိုက်သလိုတပ်ပြီး အာမခံမပေးဘဲ ဖမ်းမယ်၊ အမှုကို အချိန်ဆွဲစစ်တယ်၊ ပြီးပြတ်ရမယ့်အချိန် ကျော်လွန်တာတောင် မပြီးစီးဘဲ အချိန်တွေအများကြီး လွန်ကာမှ နောက်ကြောင်းပြန် အမှုသစ်တွေနဲ့ တရားထပ်စွဲတယ်။ ဒီတော့ ယုံကြည်ချက်နဲ့ နိုင်ငံရေးသမားတွေကို တမင်ဒုက္ခခံစေချင်တာ၊ တမှုလွတ်ရင်လည်း နောက်တမှုနဲ့ မလွတ်ရအောင်ဆိုတဲ့ အငြိုးအတေးတွေနဲ့ တမင်လုပ်သလိုဖြစ်နေတာ မြင်သာပါတယ်။

မဆလ၊ န၀တ၊ နအဖ စစ်အာဏာရှင်တွေ လက်ထက်မှာတော့ မတရားမှုကို ဆန့်ကျင်တဲ့၊ အမှန်တရားကို မြတ်နိုးတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို တဘက်သတ် ဖိနှိပ်ဖို့ လိုသလို အသုံးပြုခဲ့တဲ့၊ လူ့ဂုဏ်သိက္ခာကို စော်ကားနင်းခြေရာမှာ အသုံးပြုခဲ့တဲ့ ပုဒ်မကတော့ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည) ပါပဲ။

မကြာခင် အာဏာလက်လွှတ်ရတော့မယ့် ဦးသိန်းစိန်တို့ရဲ့ စစ်တပိုင်းအစိုးရ လက်ထက်မှာလည်း မဟုတ်မခံတဲ့ ပြည်သူတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ဖို့အတွက် အောက်ပါဥပဒေပုဒ်မ အမျိုးမျိုးကို ထပ်မံအသုံးချခဲ့တာကို တွေ့ရပါတယ်။

၁။  ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)၊

၂။ အများပြည်သူကို အထိတ်တလန့် ဖြစ်စေအောင်၊ တည်ငြိမ်မှု ပျက်ပြားအောင် ကြံစည်လှုံ့ဆော် ရေးသားလုပ်ကိုင်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ)၊

၃။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊

အထက်ပါ ဥပဒေပုဒ်မတွေကို ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အရပ်သားအစိုးရ လက်ထက်မှာ ပြန်လည်စိစစ် သုံးသပ်ပြီး ဖျက်သိမ်းသင့်ရင်ဖျက်သိမ်း ဒါမှမဟုတ် လိုအပ်ခဲ့ရင် ဒီမိုကရေစီ စံရည်စံညွှန်းများနဲ့အညီ အသစ်ပြန်လည်ရေးဆွဲရမှာပါ။

အဲ့ဒါအပြင် အရေးကြီးတာက ကောင်းမွန်မှန်ကန်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီးတောင်မှ ဒီဥပဒေတွေကို အသုံးပြုမှု မှန်ကန်ဖို့၊ ဥပဒေဘက်တော်သားတွေ တော်တည့်ဖြောင့်မတ် မှန်ကန်ဖို့၊ တရားဥပဒေစိုးမိုးမှုရှိဖို့၊ တရားစီရင်ရေးမဏ္ဍိုင်ကြီး မယိမ်းယိုင်စေဖို့ စောင့်ကြပ် ထိန်းကြောင်းရဦးမှာပါ။ တနည်းအားဖြင့်ပြောရရင် ဥပဒေဆိုတာ အာဏာရှိသူတွေက အာဏာမဲ့သူတွေအပေါ် ဖိနှိပ်ရေးကိရိယာအဖြစ် အသုံးမပြုနိုင်အောင် စီမံကြရမှာပါ။

နောင်တဆိုတာ အမှန်တကယ်  နောင်တရသူတွေ၊ ရိုးရိုးသားသား နောင်တရသူတွေအတွက် နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ပကတိတည်ကြည်တဲ့ နောင်တစိတ်တွေနဲ့ ဒီကနေ့ ပြုပြင်ရင် ဒီကနေ့ အကျိုးခံစားရမှာပါ။

မြန်မာနိုင်ငံ အပါအ၀င် လူ့အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ဖို့ဖြစ်စေ၊ ငြိမ်းချမ်းရေးရဖို့ဖြစ်စေ လူ့အရေး လူ့အရာ လောကီဘ၀တွေအတွက် ဧကောဓမ္မောလို့ ခေါ်နိုင်တဲ့ တခုတည်းသော တရားကတော့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ နေထိုင်ရှင်သန်ခြင်းပါပဲ။

ဒါကြောင့် လက်ရှိ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် အစိုးရအဖွဲ့နဲ့ စစ်ဗိုလ်ချုပ်တွေသာမက နိုင်ငံရေးအင်အားစု အားလုံးအပြင်၊ နိုင်ငံသူနိုင်ငံသားတိုင်းမှာ အသိဉာဏ်ဦးစီးတဲ့ နိုင်ငံရေးအမြင်ရှိဖို့၊ ရိုးသားပြီး အစွဲကင်းဖို့ စိတ်ရင်းစေတနာ ရှင်းရှင်းထား၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စတဲ့ ဗြဟ္မစိုရ်တရားလေးပါးကို နှလုံးသားမှာ တည်ထားနိုင်ဖို့ လိုအပ်ပါတယ်။

အမှားကို တာဝန်ယူတတ်ခြင်း၊ ခွင့်လွှတ်သည်းခံခြင်း တရားများနဲ့ ပြည်သူ့အကျိုး၊ တနိုင်ငံလုံးရဲ့ ရေရှည်အကျိုးကို ရှေ့တန်းတင် ညှိနှိုင်းဆွေးနွေး လက်တွဲအဖြေရှာလိုတဲ့ သင့်မြတ်စွာ အတူယှဉ်တွဲ နေထိုင်လိုစိတ်တွေ မွေးမြူကြမှသာ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာပါ။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင် ဒီမိုကရေစီစနစ်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျရတယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာ အကျဉ်းထောင်တွေထဲမှာ မရှိသင့် မရှိအပ်ပါဘူး။ ပြီးတော့ အမျိုးသား ပြန်လည်ပေါင်းစည်းရေးကို တကယ်ပဲ အရင်းခံ စေတနာထားပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းရယူချင်တယ်ဆိုရင် ဦးသိန်းစိန်အစိုးရနဲ့တကွ စစ်ဗိုလ်ချုပ်ကြီးတွေ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တဲ့အခါမှာ နာမည်ကြီး ဘုရားပုထိုး အ၀င်မုခ်ဝတွေနားမှာ ဇီဝိတဒါန အလှူပြုလိုသူတွေထံက အခကြေးယူပြီး ငှက်ကလေးတွေကို လွှတ်လိုက်၊ ပြန်ဖမ်းလိုက် လုပ်စားနေတဲ့ ငှက်မုဆိုးတွေရဲ့ ဘေးမဲ့အလှူမျိုး မဖြစ်စေဘို့ သတိပေးချင်ပါတယ်။

မင်းကောင်းချစ်

ဇန်န၀ါရီလ (၂၂) ရက် ၂၀၁၆ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013