DVB Logo
Home
မြန်မာသတင်း
ဖားကန်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင်း မြေဇာပုံထပ်မံပြိုကျ
DVB
·
January 26, 2016
ဖားကန်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင်း မြေဇာပုံထပ်မံပြိုကျ
Donate to DVB

ကချင်ပြည်နယ် ဖားကန်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကမ်ခမ်းရွာအနီးမှာ ဇန်န၀ါရီလ ၂၅ ရက်နေ့က စွန့်ပစ်မြေစာပုံ ထပ်မံပြိုကျခဲ့ပါတယ်။

လူတစ်ရာကျော် မြေစာပုံအောက်ရောက်သွားပေမယ့် အားလုံးထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့  လုံးခင်းရဲစခန်းတာဝန်ကျ ရဲတပ်ကြပ်ကြီးတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ညနေ ၁၆ နာရီ ၅၀ မိနစ်အချိန်  မြေစာပုံပြိုတဲ့သတင်းရရချင်း  တာဝန်မှူး ဒုရဲအုပ် ၀င်းလွင် ဦးဆောင်တဲ့အဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။  မြေစာပုံပြိုတဲ့နေရာက ရဲစခန်းရဲ့ အနောက်တောင်ဘက် ၁၅ မိုင်လောက်အကွာ ကမ်ခမ်းရွာနားမှာ၊ ရတနာရောင်ခြည် ကျေက်တူးဖော်ရေးကုမ္ပဏီနဲ့ မြစ်ဆုံဧရာကျောက်တူးဖော်ရေးကုမ္ပဏီတို့က မြေစာလာ သွန်တဲ့ နေရာမှာပါ။ မြေစာပုံက အမြင့်ပေ တစ်ထောင်လောက်ရှိပြီး ပြိုသွားတဲ့ အပိုင်းကတော့ အလျား ပေ ၁၅၀ အနံ ပေ ၄၀ အမြင့်ပေ ၁၀၀ ရှိပါတယ်။ မြေစာပုံပြိုပြိုချင်း အနီးရှိ ကုမ္ပဏီဝန်ထမ်း တွေရော  အလုပ်သမားတွေကပါ ခရမှုတ်အချက်ပေးတာတွေ၊  အော်ဟစ်အချက်ပေးတာတွေ လုပ်တဲ့အတွက် မြေစာပုံကြားမှာ ကျောက်ရှာတဲ့သူ တစ်ရာကျော်လောက် အားလုံး ထွက်ပြေး လွတ်မြောက်ခဲ့ပြီး သေဆုံးသူ၊ ဒဏ်ရာရသူ တဦး တယောက်မှ မရှိခဲ့ပါဘူး ခင်ဗျာ။”

ဒါပေမယ့်လည်း အန္တရာယ်မရှိစေရေးအတွက် လုပ်ငန်းတွေယာယီရပ်ဆိုင်းထားဖို့ လုပ်ကွက်တာ ၀န်ခံ၊ ကင်းတာဝန်ခံနဲ့ မက်လင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့က ပြောခဲ့တယ်လို့ ရဲစခန်းက ဆက်ပြောပါတယ်။

မနေ့က မြေစာပုံပြိုကျတဲ့နေရာဟာ ပြီးခဲ့တဲ့လ (၂၀၁၅ ခုနှစ် ဒီဇင်ဘာလ) တွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တဲ့ နေရာနားမှာဘဲလို့  မြေပြိုရာနေရာကို သွားကြည့်ခဲ့တဲ့ လုံးခင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးလောခန်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီတစ်နေရာ ပတ်ဝန်းကျင်မှာဘဲ  ခဏခဏမြေပြိုနေတာ၊ ကျနော်မှတ်မိသလောက်ဆို ဒီတလ ၂ လထဲမှာကို ၄ ခါရှိပြီ မနေ့က ပြိုတာကတော့ အဲဒီမြေစာပုံအောက်မှာ ရေမဆေးကျောက်ရှာ တဲ့သူတွေ အယောက် လေးငါးဆယ် ပိတ်မိနေတယ်လို့  အလုပ်သမားတွေပြောတယ်။ ကျနော်တို့ သွားကြည့်တဲ့ အချိန်မှာတော့ ဒဏ်ရာရသူတွေ၊ အလောင်းတွေတော့ မတွေ့ပါဘူး။ မီးသတ် တပ်ဖွဲ့ဝင်တချို့က ရှာဖွေနေတာတော့ တွေ့ရတယ်။ လူပျောက်စာရင်းအတိအကျလည်း ဘယ်သူမှ မပြောနိုင်ဘူး။ ”

မြေစာပုံပြိုရတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကိုလည်း ခုလိုပြောပြပါတယ်။

“ကျနော့်အမြင်ပြောရရင်တော့ အဲဒီ မြေကြီးအောက်မှာ စိမ့်ရေရှိနေတာလေ။ သူတို့က အပေါ် ကနေ မြေစာပုံတွေ သွန်ချတော့ အောက်မှာ ရေထွက်လမ်းကြောင်းက ပိတ်သွားတယ်။ အဲဒီမှာ ရေတွေက အောင်းနေပြီး အောက်မှရွှံ့တွေချည်းဖြစ်နေတာပေါ့။ အပေါ်က မြေစာပုံတွေ ကျလာတော့ အောက်မှာဝေါကနဲ ဆည်ဖွင့်လိုက်သလို ဖြစ်သွားတာ၊ တောင်ကြောအောက်က စိမ့်ရေ စမ်းရေတွေကို ပိတ်ပစ်လိုက်သလို ဖြစ်သွားတာကိုး။”

ဒီပြဿ   နာကို ဖြေရှင်းဖို့အတွက် သက်ဆိုင်ရာက မြေစာတွေ လျှော့သွန်ဖို့ ပြောပေမယ့် သွန်မြဲ သွန်နေတာ တွေ့ရတယ်လို့ သူကဆက်ပြောပါတယ် ။

ဖားကန့်မှာ အခုလို မြေပြိုကျမှု မကြာခဏ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး လွှတ်တော်နာယက သူရဦးရွှေမန်းက  အစိုးရအနေနဲ့ လွှတ်တော်မှာ အမြန်ရှင်းလင်းတင်ပြပြီး ဆက်လက်စီမံလုပ်ေ ဆာင်ဖို့ သ၀ဏ်လွှာပို့ တိုက်တွန်းထားပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ဖားကန့်နဲ့ လုံးခင်းမှာ ကုမ္ပဏီပေါင်း ၈၅၀ ကျော်ကို စုစုပေါင်းဧရိယာ ၂၂၅၅ ဒသမ ၃ဝ ဧက လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013