
သေဒဏ်ကျအကျဉ်းသား ၈၀၀ ကျော်ရှိပေမယ့် တဦးတယောက်ကိုမှ ကွပ်မျက်စီရင်ခဲ့တာ မရှိဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးက ပြောပါတယ်။
ဇန်န၀ါရီ ၂၅ ရက်နေ့ အမျိုးသားလွှတ်တော်မှာ သေဒဏ်ကျအကျဉ်းသားတွေ၊ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားတွေနဲ့ ပက်သက်ပြီး သိရှိလိုကြောင်း မေးခွန်းနဲ့ ပတ်သက်လို့ ပြန်လည်ဖြေဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ လက်ရှိအစိုးရမတိုင်ခင် သေဒဏ်ကျအကျဉ်းသား ၆၅၇ ဦးနဲ့ လက်ရှိအစိုးရလက်ထက်မှာ ၁၈၁ ဦး စုစုပေါင်း ၈၃၈ ဦးကို ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသတ်မရှိ) ပြင်ဆင်ခဲ့တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ဆိုပါတယ်။
ပုဂ္ဂလိကနစ်နာမှုတွေဖြစ်တဲ့ အသရေဖျက်မှု၊ ပစ္စည်းဥစ္စာခိုးမှု၊ ဖျက်ဆီးမှု၊ ကိုယ်အင်္ဂါထိခိုက်နစ်နာမှု၊ မုဒိမ်းမှုနဲ့ လူသတ်မှုတွေ ကျူးလွန်တဲ့ အကျဉ်းသားစုစုပေါင်း ၁၁၅၇၄ ကိုလည်း အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့တယ်လို့ ပြောပါတယ်။











