
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၅ ရှိ Mingtex Myanmar 1 ဇာထိုးပန်းထိုး စက်ရုံက အလုပ်သမား ၁၈ဝဝ ကျော် အနည်းဆုံးလုပ်ခလစာ ရရှိရေးနဲ့ အလုပ်သမား ခံစားခွင့်တွေရရှိရေး စက်ရုံထဲမှာ ဆန္ဒပြဖော်ထုတ်နေကြပါတယ်။
Mingtex Myanmar ဇာထိုးပန်းထိုးစက်ရုံက အလုပ်သမားတွေဟာ ဇန်နဝါရီ ၂၂ ရက်နေ့က စပြီး ခေါင်းမှာ အပြာရောင် ခေါင်းစီးပတ် လုပ်ငန်းခွင်မပျက် ဆန္ဒဖော်ထုတ်ခဲ့တာပါ။
အလုပ်သမားတွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလအတွက် အနည်းဆုံး လုပ်ခလစာ ကျပ် ၃၆၀၀ ရရှိရေးနဲ့ အလုပ်သမား ခံစားခွင့်တွေ ရရှိရေးအတွက် တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဒီတောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး အလုပ်ရှင်ကို ပေးချေပေးဖို့ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီတို့က ဆုံးဖြတ်ချက် ချထားပေမယ့် အလုပ်ရှင်က လိုက်နာခြင်းမရှိဘူးလို့ သိရပါတယ်။
အခုလို တောင်းဆိုချက်ကို လုပ်ငန်းရှင်အနေနဲ့ လိုက်နာတာမျိုးမရှိရင် အလုပ်ရပ် ဆန္ဒဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
ဒီရက်ပိုင်းထဲမှာ ညှိနှိုင်းလို့ အဆင်မပြေဘူးဆိုရင် အနီရောင် ခေါင်းစီးပြောင်းပြီး စက်ရုံဝင်းထဲမှာ အလုပ်ရပ် ဆန္ဒဖော်ထုတ်သွားမယ်လို့ အလုပ်သမားခေါင်းဆောင် ကိုဇင်မျိုးကိုက ပြောပါတယ်။
အဲဒီစက်ရုံမှာ အလုပ်သမား ၂၅ဝဝ လောက် အလုပ်လုပ်ကိုင်နေကြပါတယ်။











