DVB Logo
Home
မြန်မာသတင်း
ကချင်လူထုအခြေပြုအဖွဲ့ ဧကထောင်ချီဘိန်းခင်းများကို ဖျက်ဆီးမည်
DVB
·
January 22, 2016
ကချင်လူထုအခြေပြုအဖွဲ့ ဧကထောင်ချီဘိန်းခင်းများကို ဖျက်ဆီးမည်
Donate to DVB

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ပြည်သူလူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ဦးဆောင်ပြီး ၀ိုင်းမော်- ချီဖွေနဲ့ ကန်ပိုင်တီကြားမှာရှိတဲ့ ဘိန်းခင်းတွေကို မနက်ဖြန် သွားရောက် ဖျက်ဆီးကြမှာဖြစ်ပါတယ်။

မနက်ဖြန် မနက် ၁၀ နာရီလောက်ကစပြီး လူအင်အား ၁၃၀၀ လောက်ဟာ ကချင်ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ သွားရောက်ဖျက်ဆီးကြမှာဖြစ်ပါတယ်။

ဒီလိုသွားရောက်တဲ့အခါ ပြည်နယ်အစိုးရအစီအစဉ်နဲ့ ရဲအင်အား ၃၀ လုံခြုံရေး လိုက်ပါ ဆောင်ရွက်မှာဖြစ်တယ်လို့ ဘိန်းခင်းဖျက်ဆီးမယ့် အဖွဲ့ခေါင်းဆောင် ဦးတူးရော်က ဒီဗွီဘီကိုပြောပါတယ်။

“အဲဒီမှာ လူထုက ကျနော်တို့လာမယ့်လမ်းကြောင်းမှာ ကျနော်တို့ကို ခုခံတိုက်ခိုက်မယ်ဆို ပြီးတော့ စောင့်နေတယ်ဆိုလို့ ကျနော်တို့ ပြည်နယ်အစိုးရကို လုံခြုံရေးတောင်းရတာ။ လုံခြုံရေးတောင်းတဲ့နေရာမှာ စာနဲ့ပေနဲ့တောင်းရတာပေါ့။ တောင်းလိုက်တဲ့အခါမှာ ပြည်နယ် အစိုးရကနေပြီးတော့မှ သူတို့ တတ်နိုင်တဲ့အနေအထား၊ တတ်နိုင်တဲ့အင်အားပေါ့၊ ရဲအင်အား ၃၀ ချပေးတယ်။ ရဲအင်အား ၃၀ နဲ့ ကျနော်တို့ အင်အား ၁၃၀၀ ဆိုတော့ လုံခြုံရေးအင်းအားက နည်းတော့နည်းတယ်ပေါ့လေ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ရဲတွေဘာတွေနဲ့ ပါတယ် ဆိုရင်တော့ ကျနော်တို့ အဖွဲ့အတွက် ဥပဒေအကြောင်းအရရောပါ လုံခြုံရေး အတော်အတန်တော့ ရလိမ့်မယ်လို့ယုံတယ်လေ။” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၉ ရက်နေ့တည်းက ဖျက်ဆီးဖို့ သွားရောက်ခဲ့ပေမယ့် ဘိန်းစိုက်တောင်သူတွေက တုတ်တွေ၊ ဓားတွေနဲ့ စောင့်ဆိုင်းခဲ့တဲ့အတွက် မဖျက်ဆီးနိုင်ဘဲ ပြန်လာခဲ့ရပြီး လက်ရှိမှာတော့ အစိုးရက လုံခြုံရေးပေးမှာဖြစ်တဲ့အတွက် အဆင်ပြေမယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

အဆိုပါဒေသမှာ ဘိန်းစိုက်ဧက ၃ ထောင်ကနေ ၄ ထောင် အကြားရှိပြီး ဒီလို စိုက်ပျိုးဖို့ တရုတ်ပြည်ဖက်က ငွေရှင်တွေငွေထုတ်ပြီး ဒေသခံတွေကတော့ တောင်သူအနေနဲ့ လုပ်ကိုင်နေကြတာလို့လည်း သူက ပြောပါတယ်။

အဲဒီဒေသကို ပြီးခဲ့တဲ့နှစ်က ပညာပေးပြီး မစိုက်ဖို့ ကတိက၀တ်တောင်းခဲ့ပေမယ့် ဒီနှစ်မှာ ထပ်မံစိုက်ပျိုးတာတွေ့လို့ အခုလို သွားရောက်ဖျက်ဆီးတာဖြစ်တယ်လို့လည်း ဦးတူးရော်က ပြောပါတယ်။

ဘာကြောင့် ဒီလိုလုပ်ဆောင်ရတာလဲလို့ မေးမြန်းရာမှာတော့ “မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်လို့ ရှိရင် မသိတဲ့သူတွေက နားမလည်နိုင်ဘူးပေါ့။ ကချင်ပြည်နယ်မှာ လာရောက်ပြီးတော့ ကချင်မိသားစုတွေရဲ့အခြေအနေ မူးယစ်ဆေးဝါးဒဏ်ကို ဘယ်လိုခံစားရတယ်ဆိုတဲ့ဟာကို သိရှိတဲ့သူတွေက နားလည်ပေးမှာပေါ့။ မူးယစ်ဆေးဝါးဒဏ်ကို ကချင်လူထုတွေက အလူးအလဲ ခံနေရတယ်။ မိသားစုတိုင်းလိုလိုဖြစ်နေတယ်။ သားသမီးဘိန်းစွဲပြီးတော့မှ ပိုက်ဆံ၊ အိမ်ထောင် ပရိဘောဂအစ ရောင်းစားပြီးတော့မှ မိသားစုတိုင်း ဒုက္ခရောက်တဲ့ကိစ္စတွေ၊ ထောင်ကျတာတွေ၊ တချို့ သေဆုံးသွားတာတွေ၊ တချို့ကတော့ မူးယစ်ဆေးဝါးကြောင့် အဖေဆုံးသွားတယ်။ အမေထောင်ကျတယ်။ အများကြီး ဒုက္ခပင်လယ်ဝေနေတာ နှစ်ပေါင်း ၄၀ ကျော်ပြီ။ အခုက အထွတ်အထိပ်ရောက်လာတဲ့ခံစားမှုပေါ့။ ”

လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ကို ၂၀၁၄ ခုနှစ်က စတင်ဖွဲ့စည်းပြီး ကချင်ပြည်သူတွေ ပညာရှင်တွေနဲ့ ဘာသာရေးအဖွဲ့အစည်းက ဦးဆောင်ပြီး စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

လူထုတွေရဲ့ လှူဒါန်းထည့်ဝင်မှုနဲ့ပဲလည်ပတ်ပြီး ကချင်ပြည်တွင်းမှာရှိတဲ့ ဘိန်းစိုက်ခင်းတွေကို လိုက်လံရှင်းလင်းသလို မူယစ်ဆေးသုံးစွဲသူတွေကိုလည်း စခန်းဖွင့်ကုသပေးနေတာဖြစ်ပါတယ်။

ဒီအဖွဲ့တွေကို ဧရာဝတီဖြစ်ဖျားဒေသ၊ အရှေ့ပိုင်းဒေသနဲ့ ဟူးကောင်းချိုင့်ဝှမ်းဒေသဆိုပြီး ခွဲထားပြီး မူးယစ်ဆေးဝါပညာပေးတာ ကုသတာတွေကို ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကိုလည်း ဖမ်းဆီးပြီး အစိုးရလက်ထဲ အပ်နှံအရေးယူမှုတွေ လုပ်ဆောင်တာဖြစ်တယ်လို့လည်း ဦးတူးရော်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013