DVB Logo
Home
Lead Story
“ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိသင့်ဘူး” လွတ်မြောက်လာသူ ဦးကျော်ဆန်းနှင့် မေးမြန်းချက်
DVB
·
January 22, 2016
“ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိသင့်ဘူး” လွတ်မြောက်လာသူ ဦးကျော်ဆန်းနှင့် မေးမြန်းချက်
Donate to DVB

ဒီကနေ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက တဦးဖြစ်တဲ့ ရွေးကောက်ပွဲ ပီအာရ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့လို့ ထောင်ဒဏ်ကျခံထားရသူ ပြည်မြို့ အရပ်ဘက် အဖွဲ့အစည်းက ဦးကျော်ဆန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးကျော်ဆန်းက ထောင်ကနေ လွတ်ရက်စေ့ဖို့ ဘယ်လောက်အလိုမှာ လွတ်မြောက်လာတာ ပါလဲ။
“ကျနော်က ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လကျခံနေရတာပါ။ အခုက ပုဒ်မ ၄၀၁ နဲ့ ပြန်လွတ်ခဲ့တာပါ။ လွတ်ဖို့ ၄၉ ရက်အလိုမှာ လွတ်လာတာပါ။ အကြွင်းမဲ့လွတ်တာတော့ မဟုတ်ဘူး။ နောက်ပြစ်ဒဏ်ရှိရင် ထပ်ပေါင်းမယ်လို့ မနက်က ထောင်တာဝန်ရှိသူတွေက ရှင်းပြပါတယ်။”

ပြည်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားပေါင်း ဘယ်နှဦးရှိပါသလဲ။ အားလုံးလွတ်လာ ပြီလား။
“ ပြည်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၇ ယောက်ရှိပါတယ်။ အခု ၄ ယောက်လွတ်လာတယ်။ ကျနော်ရယ်၊ ကိုဝဏ္ဏရယ်၊ ကိုမောင်မောင်တိုးရယ်၊ ကိုပဲပဲ ခေါ် ရဲကျော်သူရယ်ပေါ့၊ မလွှတ်သေးတာက နောက်ထပ် ၃ ယောက်ကျန်သေးတယ်၊ ကျော်ဆွေရယ်၊ ၀င်းလှိုင်ရယ် မျိုးသူထွဋ် ရယ်ပေါ့။”

မလွတ်သေးတဲ့သူက ဘာကြောင့်လဲ။
“အဲဒီ ၃ ယောက်က ဘာကြောင့်မလွတ်သေးတာလဲတော့ မသိရဘူးဗျ။ ကျနော်တို့ကတော့ မနက်က မြို့နယ်မှူးနဲ့ ထောင်ပိုင်ကရှင်းပြသွားတာကတော့ မိမိရဲ့ မိသားစုနဲ့ နိုင်ငံအတွက်ပါ ပူးပေါင်းဆောင်ရွက်နိုင်အောင် ဆိုပြီးတော့မှ အဲဒီရည်ချက်နဲ့ လွှတ်ပေးတာလို့ ပြောတယ်။”

ထောင်ထဲမှာနေတုန်းက အကျဉ်းသား အခွင့်အရေးတွေ အပြည့်အ၀ရပါရဲ့လား။
“ကျဉ်းသားအခွင့်အရေး အပြည့်အ၀ရပါတယ်ခင်ဗျ။”

ထောင်ကျခဲ့ရတဲ့ အဓိကအကြောင်းရင်းကို ပြန်ပြောပြပါဦး။
“ကျနော်တို့ အမှုဖြစ်စဉ်က ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်မှာ ရွေးကောက်ပွဲကို ပီအာရ်စနစ်ကျင့်သုံးမယ်လို့ ဒေါ်ခင်ဝိုင်းကြည်က တင်သွင်းတာ၊ အဲဒါကို ပြည်မြို့မှာရှိတဲ့ ကျနော်တို့ နိုင်ငံရေးအကျဉ်း သားအဖွဲ့ကနေပြီးတော့ ကန့်ကွက်ကြောင်း စာတင်ခဲ့တယ်။ ၂၀၁၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ကပေါ့။ ပြီးတော့ ၄ ရက်နေ့မှာ ဆန္ဒပြမယ်ပေါ့။ ဒါပေမယ့် မြို့နယ် ရဲတပ်ဖွဲ့ရုံးက ၅ ရက်ကြိုတင်မှ ခွင့်ပြုမယ်လို့ ပြောတယ်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတယ်ဆိုပြီး ပုဒ်မ ၁၈ နဲ့ တရားစွဲ ထောင်ချခဲ့တာပါ။ အဲဒါ တရားရုံးမှာ ကျနော်တို့ ပြောခဲ့တယ်။ ဇွန်လ ၄ ရက်နေ့တုန်းက လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ဆန္ဒပြရင် အကြောင်းကြားစာ တင်ရမယ်။ ဒါပေမယ့် ခွင့်ပြုချက်စောင့်စရာ မလိုဘူးလို့၊ ပြီးတော့ သမ္မတကြီးကလည်း လက်မှတ်ထိုးပြီးတော့ နေ့စဉ်သတင်းစာမှာ ဖော်ပြထားလို့ ကျနော်တို့က အကြောင်းကြားတာ၊ ဒါပေမယ့် (ငြိမ်းစုစီ) ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ခွင့် ပုဒ်မနဲ့ တရားစွဲပြီး ထောင်ချခံခဲ့ရတယ်။”

ပြန်လွတ်လာပြီးတဲ့နောက် ရှေ့လျှောက် ဘာဆက်လုပ်မှာလဲ။
“ကျနော်တို့က နိုင်ငံရေးအလုပ်တွေဘဲ ဆက်လုပ်မှာပေါ့ခင်ဗျ။ လောလောဆယ်မှာ အာဏာ လွှဲပြောင်းရေး၊ လွှတ်တော်ခေါ်ယူရေးတွေကို စောင့်ကြည့်မယ်။ ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်လည်း အရပ်ဘက်အဖွဲ့အစည်းတွေကို ကျနော်တို့ တွန်းအားပေးသွားမှာပါ။”

အခုလိုပြန်လွတ်လာတဲ့ပေါ်မှာ ဘာများပြောလိုပါသလဲ။
“ကျန်တဲ့ ကျနော်တို့ဘ၀တူအကျဉ်းသားတွေလည်း ပြန်လွှတ်ပေးစေချင်ပါတယ်။ ဒီမိုကရေစီ နိုင်ငံမှာဆို နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိသင့်ဘူးခင်ဗျ။၊ ဦးသိန်းစိန်လက်ထက်မှာ ဖမ်းဆီးပြီး ထောင်ချထားတဲ့သူတွေကို အခုအာဏာလွှဲမပေးခင်မှာ အားလုံးကို လွှတ်ပေးပါလို့ ကျနော် တောင်းဆိုချင်ပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျောင်းသားတွေ အားလုံးကို လွှတ်ပေးပါလို့ တောင်းဆိုပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013