DVB Logo
Home
Lead Story
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ လျာထားခံရသူ မန်းဝင်းခိုင်သန်းနှင့် ဒီဗွီဘီမေးမြန်းချက်
DVB
·
January 21, 2016
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ လျာထားခံရသူ မန်းဝင်းခိုင်သန်းနှင့် ဒီဗွီဘီမေးမြန်းချက်
Donate to DVB

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်ရဲ့ မြေး မန်းဝင်းခိုင်သန်းကို မကြာခင်ခေါ်ယူမယ့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖို့ ရွေးချယ်လျာထားကြောင်း ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ဦးမန်းဝင်းခိုင်သန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ကရင်ပြည်နယ် မြ၀တီမဲဆန္ဒနယ်မြေက အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရသူဖြစ်ပါတယ်။

အာဇာနည်မန်းဘခိုင်ရဲ့ ညီ မန်းဘဆိုင်ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးလွှတ်တော် ဥက္ကဋ္ဌတာဝန်ကို ထမ်းရွက်ခဲ့သူဖြစ်ပြီး အခုတကြိမ် မြေးဖြစ်သူက လွှတ်ေတာ်ဥက္ကဋ္ဌတာဝန်ထမ်းဖို့ ဖြစ်လာတာပါ။  မန်းဝင်းခိုင်သန်းရဲ့ ဘ၀ဖြတ်သန်းမှုနဲ့ပတ်သက်လို့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

အန်ကယ် မန်းဝင်းခိုင်သန်းရဲ့ ဘ၀ဖြတ်သန်းမှုအကြောင်းကို မိတ်ဆက်ပေးပါလား။

“အန်ကယ်က ဟင်္သာတမြို့နယ် ယုံသလင်းရွာမှာ ၁၉၅၂ ခု ဧပြီလ ၂၄ ရက်နေ့မှာ မွေးတာ။ အဖေက မန်းသန်းရှိန်၊ အမေက နန့်ခင်ရီခိုင်။  နန့်ခင်ရီခိုင်က ဗိုလ်ချုပ်တို့နဲ့ကျသွားတဲ့ အာဇာနည်ခေါင်းဆောင် မန်းဘခိုင်နဲ့ ဒေါ်အေးလွန်တို့ရဲ့ သမီးပေါ့့။ ရွာမှာပဲ ဦးက ၁၀ တန်းအောင်တယ်။ ၁၀ တန်းအောင်တော့ ရန်ကုန်သိပ္ပံဝိဇ္ဇာ တက္ကသိုလ်မှာ ၇၁ ခုနှစ်ကစပြီး ဥပဒေနဲ့ ကျောင်းတက်တယ်။ ၇၄ ခုမှာ ၀ိဇ္ဇာဥပဒေဘွဲ့ရတယ်။ B.A (Law)၊ L.L.B ရတယ်။ နောက်တော့ ၇၇ မှာ ကျုံပျော်မြို့မှာ ရှေ့နေလုပ်တယ်။ တောက်လျှောက်ပေါ့။ ၂၀၀၆ လောက်မှာ မြ၀တီရောက်တာပေါ့နော်။ ၂၀၀၈ မှာ မြ၀တီမှာ အခြေချနေထိုင်လိုက်တယ်ပေါ့။ အခု အန်အယ်ဒီက တာဝန်ပေးလို့ဝင်ရွေးတယ်ပေါ့။  ကျနော်အိမ်ထောင်ပြုပြီး သားသမီး ၅ ယောက် ရှိတယ် ၁ ယောက်က ဆုံးသွားတော့ ၄ ယောက်ကျန်တယ်။”

အန်ကယ့်အနေနဲ့ ရှေ့နေဘ၀မှာ ဘာတွေလုပ်ဆောင်ခဲ့လဲ ဆိုတာ အကျဉ်းချုံးပြောပြပါ။  

“အန်ကယ် ကျုံပျော်မှာနေတုန်းကတော့ ကရင်စာပေနဲ့ ယဉ်ကျေးမှုအသင်းမှာ ဦးကပဲ ဦးဆောင်လုပ်ခိုင်းတာလေ။ အဖွဲ့အစည်းဖွဲ့လို့ရအောင် လိုက်လုပ်တယ်။ အဲဒီမှာ အတွင်းရေးမှူး လုပ်တယ်။ အဲဒီအဖွဲ့က ဘိုကလေးအရေးအခင်းမှာ နှစ်ပြည့်သွားတယ်။ သက်တမ်းပြန်တိုးဖို့ ဘိုကလေးအရေးအခင်းနဲ့ သွားတိုးလိုက်တော့ဘာမှ လုပ်လို့မရတော့ဘူး။ အဲဒီအဖွဲ့က ရပ်သွားတဲ့ သဘောမျိုးဖြစ်သွားတယ်။ နောက်ပါတီကောင်စီခေတ်မှာ မူကြိုကျောင်းက ပျက်မယ့် အနေအထားဖြစ်လာတော့ ဦးက အဲဒီမူကြိုအဖွဲ့မှာ လုပ်သေးတယ်။ အဲဒီလောက်ပဲပါ။ ရှေ့နေလုပ်တာက အဓိကပေါ့။ များသောအားဖြင့် ကျုံပျော်မှာနေတော့ ကိုယ့်ကရင်အမျိုးသားတွေ ဒီလိုပဲ သက်တောင့်သက်သာ ဖြစ်အောင် လိုက်လုပ်ပေးတဲ့   သဘောပေါ့။ သူတို့ ပေးသလောက်ပဲပေါ့လေ။ မင်းတို့တတ်နိုင်သလောက်သာပေးတဲ့ သဘောပါ့လေ။ တချို့ကတော့ ဘယ်လိုဘယ်လိုယူကြတယ်၊ ဒါပေမယ့် ဦးက တတ်နိုင်သလောက်သာပေး အဲလိုပဲ တောင်းတယ်။ တခါတလေကျတော့လည်း မရတာလည်းရှိတာပဲ။ မရတော့လည်း ဘာမှ မဖြစ်ဘူးပေါ့။ များသောအားဖြင့် မြစ်ဝကျွန်းပေါ်က ကိုယ့်ကရင်တွေက တော်တော် နွမ်းပါးကြ တယ်လေ။ နွမ်းပါးတော့ အဲလိုပဲ လုပ်ပေးတာပေါ့။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ  ဘယ်အချိန်ကစပြီ ဘယ်လိုစပြီးတော့ ပါဝင်လာခဲ့တာလဲ။

“ဘယ်လိုစပါဝင်လဲဆိုတော့ မြ၀တီရောက်တော့မှပေါ့။ မြ၀တီရောက်တော့ သူတို့ကနေဖိတ်ခေါ် တယ်။ ဖိတ်ခေါ်တော့ ၂၀၁၃ ခုနှစ်ကဦး ၀င်လိုက်တယ်။ ၀င်လိုက်တော့ ဦးကို ဘာတာဝန်ပေးလဲ ဆိုတော့ တောင်သူလယ်သမားရဲ့ရေးရာမှာ ဥပဒေအကြံပေးဆိုပြီးတော့ ပေးတယ်။ နောက် ရွေးကောက်ပွဲကျတော့ ၀င်ရွေးပေးပါဆိုလို့ ကျနော်တို့ ကရင်တိုင်းရင်းသားတွေအတွက် ၀င်ရွေးလိုက်တဲ့သဘောပေါ့။”

၂၀၁၅ ရွေးကောက်ပွဲမှာ အရွေးချယ်ခံရဖို့ ဘာတွေလုပ်ဆောင်ခဲ့ပါသလဲ။

“ဒီလိုပဲပေါ့။ စည်းရုံးရေးဆင်းတယ်။ ကိုယ့်ကရင်နယ်မှာပဲ ဆင်းတယ်ပေါ့။ ကိုယ့်ကရင်နယ်မှာ ဆိုရင် ဗမာစာမပြောနဲ့ ဗမာစကားတောင် သိပ်တတ်ကြတာမဟုတ်ဘူး။ အန်ကယ်ပြောပြတာ ကတော့ အဲဒီမှာလည်း ကရင်အဖွဲ့အစည်းတွေရှိတယ်၊ ပါတီတွေရှိတယ်လေ။ အန်အယ်ဒီဆိုတာ ကလည်း လူမျိုးပေါင်းစုံပါထားတဲ့ အဖွဲ့အစည်းကိုး။ နောက်တော့ အဖွဲ့ချုပ်ဥက္ကဋ္ဌကလည်း တိုင်းရင်းသားရင်ကြားစေ့ရေးတို့၊ ကိုယ့်တိုင်းရင်းသားတွေကို အခွင့်အရေးပေးဖို့ဆိုတဲ့ ကြေညာချက်တွေက ရှိထားတယ်လေ။ ရှိထားတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် အစိုးရဖွဲ့နိုင်တာက ဒီအန်အယ်ဒီပဲရှိတယ်။ အဲဒီထဲမှာ ဦးအနေနဲ့ တိုင်းရင်းသားထဲမှာ အရွေးခံရလည်း လွှတ်တော်မှာ ရောက်လို့ကတော့ ကိုယ့်တိုင်းရင်းသားအတွက် ကိုယ်လုပ်နိုင်တဲ့နေရာမှာ လုပ်မယ်ပေါ့။ ကိုယ့်တယောက်ထဲဆိုရင် ကိုယ့်အမျိုးသားအရေးအတွက်ဆိုရင် ဘာမှလုပ်လို့ မရဘူးလေ။ ဆိုတော့ တွက်လိုက်တာပေါ့ ကိုယ့်တိုင်းရင်းသားအတွက် ကိုယ်လုပ်နိုင်မယ့်နေရာ အန်အယ်လ်ဒီ ကပဲရှိမယ်။ ပြီးတော့လည်း ယုံကြည်တယ်လေ။ ဦးအဖိုးတုန်းကလည်း ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်တာကိုး။ ဦးကလည်း သူပေးတဲ့ကတိအတိုင်း လုပ်လိမ့်မယ်ဆိုတာ ယုံတယ်လေ။ ဒါကြောင့်မို့လည်း ဦးက စည်းရုံးပြီး ရွေးကောက်ပွဲ ၀င်တာပေါ့။ ”

အန်ကယ့်အနေနဲ့ အန်ကယ်ရဲ့အဖိုး အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်လျှေက်ခဲ့တဲ့ လမ်းထဲက  ဘယ်အချက်ကို လိုက်ပြီး လုပ်ဆောင်ဖို့ ရှိလဲ။

“ဘာရှိလဲဆိုတော့ အခု တိုင်းရင်းသား ရင်ကြားစေ့ရေးပေါ့။ အခု ပြောတဲ့ဖယ်ဒရယ်ပေါ့။ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ဦးဆောင်တဲ့ လမ်းစဉ်လေ။ ဒီလမ်းစဉ်က ကောင်းမွန်တဲ့ လမ်းစဉ်ဖြစ်တဲ့အခါကျတော့ ဒီလမ်းစဉ်အတိုင်းပဲ လိုက်မှာပေါ့။ ”

အခုလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အရွေးခံရတဲ့အခါကျတော့ ကရင်အမျိုးသားတွေ အတွက်တင်မက တိုင်းပြည်အကျိုးအတွက် ဘာတွေလုပ်ဆောင်ပေးနိုင်မယ်လို့ ထင်လဲ။

“အခု တိုင်းရင်းသားတယောက်အနေနဲ့ လွှတ်တော်ထဲရောက်တော့ ကိုယ့်ကရင်တခုတည်း ကြည့်လို့မရတော့ဘူး။ တခြားတိုင်းရင်းသားတွေလည်း ရှိတာလေ။ တိုင်းရင်းသားပြည်နယ်တွေ မှာ ရရမယ့် ခွင့်အရေးတွေပေါ့။ သယံဇာတခွဲဝေမှုတွေ၊ တိုးတက်အောင်လုပ်ဖို့ ဦးဆောင်ရမှာ ပေါ့လေ။”

အန်ကယ်က မြ၀တီမှာနေတယ်ဆိုတော့ ကရင်လက်နက်ကိုင်အဖွဲ့ပေါင်းစုံရှိတယ်လေ။ သူတို့က အန်ကယ်အပေါ်ထားတဲ့ ဆက်ဆံမှုကဘယ်လိုရှိလဲ။

“သူတို့ ဦးကို သိတောင်သိမှာ မဟုတ်ပါဘူး။ ဦးကလည်း ကိုယ့်ဖာသာကိုယ် အေးအေးပဲ နေတာကို။ သူတို့ သိမှာတောင် မဟုတ်ပါဘူး။”

အန်ကယ်ကိုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌနေရာမှာ လျာထားတယ်လို့ သတင်းတွေ ထွက်နေပါ တယ်။ အဲဒီတာဝန်ပေးအပ်ခဲ့မယ်ဆိုရင် ဘာတွေလုပ်ဖို့ စဉ်းစားထားပါသလဲ။

“အဲဒါက အေအက်ဖ်ပီသတင်းမှာပါလို့ သိတာ အန်ကယ်တို့ကိုတော့ ဘာမှအသိပေးထားတာ မရှိဘူး။ သူတို့ လျာထားတာဖြစ်လိမ့်မယ်။ ကရင်တိုင်းရင်းသား တယောက်အနေနဲ့ပေါ့။ ဦးကိုတော့ ဘာမှ အသိပေးထားတာမရှိသေးဘူး။ တကယ်လို့ရရင်တော့လည်း ကိုယ့်တိုင်းပြည် တိုးတက်ရေး၊ တိုင်းရင်းသားတွေ တန်းတူညီမျှဖြစ်ရေး၊ ဒါတွေ ဥပဒေတွေကို ထုတ်နိုင်အောင် ကြိုးစားရမှာပေါ့။ ဦးတို့ပြောတဲ့ လွှတ်တော်ဆိုတာ ဥပဒေပြုရေးအဖွဲ့ကိုဆိုတော့ ကိုယ့်တိုင်းရင်းသားကို ကာကွယ်မယ့်ဟာ၊ ကိုယ့်နိုင်ငံတိုးတက်မယ့် ဥပဒေတွေ၊ ကိုယ့်နိုင်ငံ ကာကွယ်မယ့်ဥပဒေတွေ ဖွဲ့နိုင်အောင် ကြိုးစားရမှာပေါ့။ ”

ဒီလိုတိုင်းပြည်အပြောင်းအလဲ အချိန်ကာလမျိုးမှာ ဘာတွေဦးစားပေးပြီးတော့လုပ်ဆောင်ဖို့ရှိလဲ။

“ဒါကတော့ အဖွဲ့ချုပ်ကဦးဆောင်မှာဆိုတော့ သူတိုညွှန်ကြားချက်အတိုင်း လိုက်လုပ်ပေးရမှာပေါ့။ သူတို့ ဘယ်လိုချမယ်ဆိုတာကတော့ ဦးလည်း မသိသေးဘူး။ ဘာမှလည်း ဦးကို မပြောသေးတော့လေ။ အဲဒါကြောင့် ဦးမပြောနိုင်သေးဘူး။ အခုန ပြောတာကလည်း သမီးမေးလို့ ပြောတာနော်။ ဦးတို့ကို ပါတီက ဘာမှတော့ မပြောသေးဘူး။ ”

အခုလို နိုင်ငံရဲ့ထိပ်တန်းအကြီးအကဲပိုင်း တာဝန်တခုပေးအပ်နှင်းဖို့ လျာထားခံရတဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

“ဒီလောက်ထိလည်း မထင်မှတ်ဘူး။ အဲလိုရည်ရွယ်တယ်ဆိုရင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတာကိုး၊ အမျိုးသားရင်ကြားစေ့ရေး သူလုပ်မယ်။ တိုင်းရင်းသားတွေကို သူဦးစားပေးမယ်ဆိုတဲ့အနေအထား ပြောထားတော့ တွက်ကြည့်တော့ ဦးက ကရင်ဖြစ်လို့ လျာထားတယ်လို့ပဲ ယူဆမိပါတယ်။ နောက်တာဝန် ထမ်းဆောင်နိုင်မယ်။ ဦးရဲ့ ပညာရေးအရည်အချင်းကို ကြည်ည့်ပြီးတော့လေ။ အဓိကတော့ ကရင်အမျိုးသားဖြစ်လို့ ဖြစ်ပါလိမ့်မယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013