DVB Logo
Home
မြန်မာသတင်း
လွှတ်တော်အကြီးအကဲတာဝန် လျာထားခံရသည့်ကိစ္စ ကာယကံရှင်များမသိသေး
DVB
·
January 21, 2016
လွှတ်တော်အကြီးအကဲတာဝန် လျာထားခံရသည့်ကိစ္စ ကာယကံရှင်များမသိသေး
Donate to DVB

လာမယ့်လွှတ်တော်သစ်မှာ လွှတ်တော်အကြီးအကဲတွေအဖြစ် တာဝန်ထမ်းရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လျာထားမှုနဲ့ပတ်သက်လို့ ကာယကံရှင်တွေက မသိရှိသေးဘူးလို့ ဒီဗွီဘီကို ပြောပါ တယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာကို တာမွေအမတ် ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနေရာကို မြ၀တီအမတ် မန်းဝင်းခိုင်သန်းတို့ကို လျာထားပြီး လွှတ်တော်ဒုဥက္ကဋ္ဌ နေရာတွေ ကိုတော့ ရခိုင်အမျိုးသားပါတီကအမတ်တဦးနဲ့ ကြံ့ခိုင်ရေးပါတီက ကချင်တိုင်းရင်းသား အမတ်တဦးတို့ကိုလျာထားတယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အေအက်ဖ်ပီ သတင်းကိုပြောထားတာပါ။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနေရာအတွက် လျာထားခံရတဲ့ ကရင်ပြည်နယ် မြ၀တီမြို့နယ် မဲဆန္ဒနယ်မြေက အနိုင်ရ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် မန်းဝင်းခိုင်သန်းကတော့ ဒီကိစ္စ ပါတီက အသိပေးထားတာမရှိသေးဘူးလို့ ပြောပါတယ်။

“အဲဒါက အေအက်ဖ်ပီသတင်းမှာပါလို့ သိတာ။ အန်ကယ်တို့ကိုတော့ ဘာမှအသိပေးထားတာ မရှိဘူး။ သူတို့ လျာထားတာဖြစ်လိမ့်မယ်။ ကရင်တိုင်းရင်းသားတယောက် အနေနဲ့ပေါ့။ ဦးကိုတော့ ဘာမှ အသိပေးထားတာမရှိသေးဘူး။ တကယ်လို့ရရင်တော့လည်း ကိုယ့်တိုင်းပြည် တိုးတက်ရေး၊ တိုင်းရင်းသားတွေ တန်းတူညီမျှဖြစ်ရေး၊ ဒါတွေ ဥပဒေတွေကို ထုတ်နိုင်အောင် ကြိုးစားရမှာပေါ့။ ဦးတို့ ပြောတဲ့ လွှတ်တော်ဆိုတာ ဥပဒေပြုရေးအဖွဲ့ကို ဆိုတော့ ကိုယ့်တိုင်းရင်းသားကို ကာကွယ်မယ့်ဟာ၊ ကိုယ့်နိုင်ငံတိုးတက်မယ့် ဥပဒေတွေ၊ ကိုယ့်နိုင်ငံ ကာကွယ်မယ့်ဥပဒေတွေ ဖွဲ့နိုင်အောင် ကြိုးစားရမှာပေါ့။ ”

အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ နေရာအတွက်  ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် တဦးကို ရွေးချယ်ထားတယ်ဆိုပေမယ့် ဘယ်သူကိုရွေးချယ်ထားတယ်ဆိုတာကိုတော့ အန်အယ်လ်ဒီ ပါတီက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက အနိုင်ရတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးလောက်ရှိပြီး ဒီအထဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) ခေါင်းဆောင် ဦးအေးသာအောင်ဖြစ်နိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။

ဦးအေးသာအောင်ကတော့ဒီကိစ္စနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီက အသိပေးညှိနှိုင်းလာတာ မရှိသေးဘူးလို့ ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့လည်း မသိသေးဘူး အမျိုးသားလွှတ်တော်မှာက ကျနော်တို့ အေအန်ပီက ၁၀ ယောက်ပါတယ်။ ကျနော်တို့လည်းမသိဘူး။ အမျိုးမျိုးပြောတာတွေကရှိတော့ ကျနော်တို့ ကကလည်း ဒါကို အတည်ပြုဖို့ခက်တယ်။ အရင်ကတည်းကလည်း အမျိုးမျိုးပြောကြတယ် သုံးသပ်တယ်၊ ဂျာနယ်တွေမှာပါတယ်။ ကျနော်တို့ကလည်း အတိအကျ မသိတဲ့အခါကျတော့ ဒါကို ပြောဖို့ တော်တော်ခက်ပါတယ်။”

ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ နေရာအတွက်လျာထားခံရတယ်လို့ သတင်းထွက်နေတဲ့   ကြံ့ခိုင်ရေးပါတီအမတ် ကချင်တိုင်းရင်းသား ဦးတီခွန်မြတ်ကလည်း ကာယကံရှင်ဖြစ်တဲ့သူ့ကို ကမ်းလှမ်းတာမရှိသေးဘူးလို့ ပြောပါတယ်။

“ဘာမှ မရှိသေးဘူး၊ကမ်းလှမ်းလာရင်တော့ စဉ်းစားရမှာပေါ့၊ ဒါက မေးလာမှပဲ ပြောရမှာလေ၊”

ဦးတီခွန်မြတ်ဟာလက်ရှိ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌဖြစ်သလို ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်ပြည်သူ့လွှတ်တော်အဖြစ် ပြန်အရွေးခံထားရသူ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းစရာတွေရှိနေသေးတယ်လို့ ပြောပါတယ်။

“ကျနော်တို့ရဲ့ ဥက္ကဋ္ဌရဲ့ ဆန္ဒနဲ့ သတိထားပြီး ရွေးချယ်တဲ့ဟာတွေဟာ အများကိုပြောဖို့ မဟုတ်သေးဘူး။ တဖက်ကလူတွေကလည်း တခြားပါတီတွေရှိတယ်။ တခြားပါတီတွေမှာ သူတို့ဆီမှာ တင်ပြရဦးမယ် ပါတီက ခွင့်ပြုရဦးမယ်။ ခွင့်မပြုရင် ဘယ်လိုလုပ်မလဲ၊ အဲဒါတွေကြောင့် ကျနော်တို့ သတိထားပြီးတော့ လုပ်နေတဲ့ အချိန်မှာ ပြောလိုက်တာ၊ အတည်မဖြစ်သေးဘူးလို့တော့ ပြောလို့မရဘူး။ ပြောရမယ့် အချိန်ကိုကျနော်တို့ ရွေးနေတယ်၊ အဲဒီလူတွေကို အသိပေးရမှာရယ်၊  တဖက်ကလူတွေကလည်း သူတို့ပါတီမှာ ပြန်သတင်းပို့ ရဦးမယ်။ သူတို့ပါတီက သဘောမတူဘူးဆိုရင် ရွေးချယ်စရာ လမ်းတွေ ရွေးရဦးမယ်”။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ စတင်ခေါ်ယူကျင်းပမှာဖြစ်ပြီး လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မယ့် သူတွေကို လွှတ်တော်အမတ်တွေက ဆန္ဒမဲပေးရွေးချယ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013