
ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင်မှာ ပြီးခဲ့တဲ့ နှစ်က ကားပေါ်က ပြုတ်ကျခဲ့တဲ့ ခွေးလေး တကောင်ဟာ သူ့သခင်ကို ၇ လကျော်တဲ့အထိ လမ်းဘေးမှာ နေ့စဉ် စောင့်မျှော်နေခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ခွမ်အုမ်းမြို့နယ် ခွန်ထောင်းကျေးရွာအုပ်စုအပိုင် ဆူရတ်ဌာနီနဲ့ နခွန်းဆီထမရတ် သွား ကားလမ်းမကြီးပေါ်မှာ ခွေးတကောင် လမ်းဘေးကနေပြီး သခင့်ကို နေ့စဉ်စောင့်မျှော်နေကြောင်း ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၈ ရက်နေ့က ဆိုရှယ်လ်မီဒီယာကတဆင့် သိရတဲ့အတွက် သခင်ဖြစ်သူ နိုင်းထာဝွန်း ဆန်ခပိုနဲ့ မိသားတစ်စုဟာ ချက်ချင်းဘဲ ခွန်ထောင်းကျေး ရွာအုပ်ချုပ်ရေးမှူးထံ လာရောက်ဆက်သွယ်ပြီး သူတို့ခွေးကို ပြန်သွားခေါ်ခဲ့တာပါ။
သူတို့မိသားစုဟာ လွန်ခဲ့တဲ့ တစ်နှစ်နီးပါးလောက်က ဆူရတ်ဌာနီခရိုင်ကနေ နခွန်းဆီ ထမရတ်ခရိုင်ရှိ ဖခင်ဖြစ်သူဆီထံ ဟိုင်းလပ်စ်ကားနဲ့ အလည်သွားရာမှာ ဘိတ်ပူ လို့ခေါ်တဲ့ အသက် ၉ လသားရွယ် ခွေးကလေးကို ကားနောက်ခန်းကနေ ကြိုးချည်ပြီး တင်ဆောင်ခဲ့ကြောင်း၊ ဆီချုန်းမြို့နယ် ဓာတ်ဆီဆိုင်ရောက်တော့ ခွေးကလေးပါမလာတဲ့ အတွက် အဲဒီ လမ်းတလျှောက် အခေါက်ခေါက်အခါခါ ပြန်ရှာခဲ့ကြောင်း၊ ဒါပေမယ့် ခွေးကို မတွေ့လို့ သေပြီအထင်နဲ့ ခရီးဆက်ခဲ့တာလို့ နိုင်းထာဝွန်းက ပြောပါတယ်။
အခုလို ခွေးကလေးကို အသက်ရှင်လျှက်ပြန်တွေ့ရလို့ တမိသားစုလုံး မျက်ရည်လည်တဲ့ထိ ၀မ်းသာနေရကြောင်း၊ ခွေးကလေးနဲ့ တွေ့ခါစမှာ သခင်ကို ချက်ချင်းမမှတ်မိပေမယ့် သခင်က အနားကပ်ပြီး သူကြိုက်တတ်တဲ့ ဆီအုန်းသီးကို ကျွေးလိုက်တဲ့အခါမှ ၀မ်းသာအားရသူ့သခင်နဲ့ မိသားစုကို ပြန်နှုတ်ဆက်တယ်လို့ ဆိုပါတယ်။
နိုင်းထာဝွန်းတို့ မိသားစုဟာ ဆီအုန်းခြံပိုင်ရှင်တွေဖြစ်ပြီး ဘိတ်ပူလည်း မွေးကတည်းက ဆီအုန်းသီးတွေနဲ့ ကစားရင်း စားရင်း ကြီးပြင်းလာတာလို့ သူ့သခင်က ပြောပါတယ်။
ခွန်ထောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာသားတွေဟာ အဲဒီခွေးကို တွေ့ရှိတာ ၇ လကျော်ပြီ ဖြစ်ကြောင်း၊ ခွေးက လိမ္မာယာဉ်ပါးပေမယ့် ဘယ်သူခေါ်ခေါ်မလိုက်တဲု့အတွက် ရွာသားတွေက အဲဒီလမ်းဘေးက ခြုံထဲမှာ ပလပ်စတစ်မိုးကာနဲ့ နေစရာတစ်ခုလုပ်ထားပေးပြီး အစာလာကျွေး ကြကြောင်း၊ ဘိတ်ပူက ညဆိုရင် ခြုံထဲပြန်အိပ်ပြီး နေ့ခင်းမှာတော့ လမ်းပေါ်ထွက်ပြီး သခင့်လာအကြိုကို နေ့စဉ်စောင့်မျှော်နေခဲ့တာလို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
သတင်းနှင့် ရုပ်သံ - Thairath










