လေအိတ်ပါရထား မြန်မာ့မီးရထား စတင်ပြေးဆွဲ
DVB
·
January 21, 2016

အမေရိကန်ဒေါ်လာ ၃၄ သန်းကျော် တန်ဖိုးရှိတဲ့ တရုတ်နိုင်ငံက လေအိတ်ပါ ရထားတွဲတွေကို မြန်မာ့မီးရထားကနေ ပထမဆုံးအကြိမ်အဖြစ် စတင်ပြေးဆွဲနေပါပြီ။
လေကူရှင်သဘောအဖြစ် ခရီးသည်တွေရဲ့ ရထားတွဲအောက်ပိုင်းမှာ တပ်ဆင်ထားလို့ လမ်းကြမ်းတဲ့အခါ လူးခါမူမရှိဘဲ ခုန်စောင့်မှုဖြစ်တဲ့အကြိမ်တွေကို လျော့ချပေးထားတဲ့ လေအိတ်ပါရထား ဖြစ်ပါတယ်။
"ထိုင်ခုံတွေပေါ်မှာ ရေခွက်တင်ရင် ရေခွက်မမှောက်တဲ့ သဘောကို ပြန်လည်တွေ့မြင်ရမှာ ဖြစ်ပါတယ်"လို့ မန္တလေးတိုင်း မြန်မာ့မီးရထား အင်ဂျင်နီယာမှူး ဦးအေးချိုက ပြောပါတယ်။
တရုတ်နိုင်ငံက ၀ယ်ယူထားတဲ့ လေအိတ်ပါတဲ့ ရထားတွဲတွေကို စက်ခေါင်းက အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၆ သန်းတန်ဖိုးရှိပြီး တွဲတစ်တွဲကို ဒေါ်လာ ၄ သိန်းနဲ့ ၀ယ်ယူထားတယ်လို့ မန္တလေးတိုင်း မြန်မာ့မီးရထားဌာနက သိရတာပါ။ လက်ရှိမှာတော့ ရန်ကုန်- မန္တလေးကို ရထားတွဲ ၁၃ တွဲနဲ့ အစုန် အဆန်ပြေးဆွဲ ပေးနေတာဖြစ်ပါတယ်။
အမြန်ရထားဖြစ်လို့ အရင်လို ဘူတာ ၉ရုံကို မရပ်ဘဲ ကြားဘူတာဖြစ်တဲ့ သာစည်၊ နေပြည်တော်၊ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူးဘူတာတွေသာ ရပ်ပေးမှာ ဖြစ်ပါတယ်။ ရထားခလည်း ပြောင်းလဲမှု မရှိဘဲ ရိုးရိုးတန်းက ၄၆၅၀ ကျပ်၊ အထက်တန်းထိုင်ခုံက ၉၃၀၀ ကျပ်နဲ့ ပြေးဆွဲပေးတာပါ။
လေအိတ်ရထားတွဲမှာ ခရီးသည်တွေအတွက် ၀န်ဆောင်မူအဖြစ် ရထားတွဲထိန်း ၀န်ထမ်းတွေကိုလည်း ထားရှိမှာ ဖြစ်ပါတယ်။
"ဒီတွဲသစ်က အရင်ကတွဲတွေထက် ဘာထူးလဲဆိုရင် လေအိတ်တွေပါတယ်။ အဲဒါက လမ်းခရီးလူးခါမှုကို သက်သာစေပါတယ်။ ခရီးသည်တွေ သက်သောင့်သက်သာရှိဖို့ မြန်မာ့ မီးရထားမှာ စတင်ပြေးဆွဲပေးတာဖြစ်ပါတယ်"လို့ မန္တလေးတိုင်း မြန်မာ့မီးရထား အမှတ်(၃) သွားလာရေးပိုင်းက လက်ထောက်မန်နေဂျာ ဦးအေးမောင်က ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်-မန္တလေးကို အစုန်အဆန်ပြေးဆွဲသလို မန္တလေး-မြစ်ကြီးနား၊ မော်လမြိုင်၊ ပြည်လမ်းတွေကိုလဲ ထပ်မံတိုးချဲ့ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ အခုပြေးဆွဲနေတဲ့ လေအိပ်ပါ ရထားတွဲတွေလို နောက်ထပ်ရောက်လာမယ့် အတွဲပေါင်း ၁၁ တွဲကိုလည်း ဒီနှစ် ဖေဖော်ဝါရီလ အတွင်း ပြေးဆွဲသွားပေးသွားမှာဖြစ်ပါတယ်။