DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတောင် တောင်သူများ ကျိန်စာတိုက် ဆန္ဒပြ
DVB
·
January 20, 2016
လက်ပံတောင်းတောင် တောင်သူများ ကျိန်စာတိုက် ဆန္ဒပြ
1 / 26
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ထဲမှာ တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္ပဏီရဲ့ ကြေးနီစီမံကိန်းကြောင့် မြေယာတွေ အသိမ်းခံထားရတဲ့ လက်ပံတောင်းတောင်ဒေသက တောင်သူတွေဟာ ဒီကနေ့ ကျိန်စာတိုက် ဆန္ဒပြခဲ့ကြပါတယ်။

မြေယာနဲ့ သီးနှံလျော်ကြေး ရရှိရေး ၄ ရက်မြောက်နေ့အဖြစ် တောင်းဆို ဆန္ဒပြနေကြတာဖြစ်ပြီး ကုမ္ပဏီတာဝန်ရှိသူတွေက လာရောက်တွေ့ဆုံ ညှိနှိုင်းပေးတာ မရှိတဲ့အပြင် ဆန္ဒပြသူတွေကိုပါ အမှုဖွင့် တရားစွဲနေတယ်လို့ တုံကျေးရွာအုပ်စုမှ ဒေသခံ ဒေါ်မာချိုက ပြောပါတယ်။

“ကျမတို့ ဆုံးရှုံးမြေဧက ၂၀၀၀ ကျော်အတွက် သီးနှံလျော်ကြေး တောင်းဆိုနေတာဖြစ်တယ်။ တဧကကို ကျပ် ၃ သိန်း ရဖို့ပေါ့။ လယ်ယာမြေဥပဒေအရ သီးနှံကြေးရဲ့ ၃ ဆ လျော်ပေးရမှာဖြစ်တယ်။ ဒါပေမယ့် ကုမ္ပဏီက အရေးမစိုက်ဘူး၊ လာမတွေ့ဘူး၊ လာမတွေ့လို့ ဆက်တိုက်ဆန္ဒပြနေတာ၊ ဒီလ ၁၄ ရက်ကတည်းကနေ အခုထိ ဆန္ဒပြတာ ၆ ခါရှိပြီ။ ဒီနေ့ ဦးပိုင် ၀မ်ပေါင်ကုမ္ပဏီကို အုန်းပွဲငှက်ပျောပွဲတွေနဲ့ ကျိန်စာတိုက်မယ်။”

ဒေသခံတွေရဲ့ တောင်းဆိုချက်တွေကို ကုမ္ပဏီက ဂရုမစိုက်တဲ့အပြင် ဆန္ဒပြသူတွေထဲက လူပေါင်း ၆၅ ဦးကိုလည်း ဆားလင်းကြီးမြို့နယ်ရဲမှူးက ငြိမ်းစုစီဥပဒေပုဒ်မ ၁၈ နဲ့ အမှုဖွင့်ပြီး တရားစွဲဆိုထားပါတယ်။

လက်ပံတောင်း၊ တုံ၊ ချောင်းတံတား၊ မိုးကြိုးပြင် အစရှိတဲ့ ကျေးရွာအုပ်စုထဲက အမျိုးသမီး အများစု အပါအ၀င် ရွာသားပေါင်း ၁၀၀ ကျော်ဟာ ပုသိမ်-မုံရွာလမ်းဆုံရှိ ၀မ်ပေါင်ကုမ္ပဏီရှေ့ဂိတ်ကို ဒီကနေ့ မွန်းလွဲပိုင်းမှာ လမ်းလျှောက်ချီတက် ဆန္ဒပြကြတာပါ။

ရဲတပ်ဖွဲ့ဝင်တွေကတော့ မွန်းလွဲ ၁ နာရီလောက်ကတည်းက လမ်းကို တားဆီးပိတ်ဆို့ထားခဲ့ပြီး တောင်သူတွေကတော့ တောင်းဆိုချက်တွေ မရမချင်း ဆက်လက်ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။

ဓာတ်ပုံ - အောင်ကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013