DVB Logo
Home
မြန်မာသတင်း
ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့ခွင့်မရလျှင် ရခိုင်အမျိုးသားပါတီ အတိုက်အခံအဖြစ် ရပ်တည်မည်
DVB
·
January 20, 2016
ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့ခွင့်မရလျှင် ရခိုင်အမျိုးသားပါတီ အတိုက်အခံအဖြစ် ရပ်တည်မည်
Donate to DVB

ရခိုင်အမျိုးသားပါတီအနေနဲ့ ရခိုင်ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့် မရရှိပါက မည်သည့်အစိုးရ အဖွဲ့အစည်းမှာမဆို လုံးဝပါဝင်ခြင်းမပြုဘဲ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် အတိုက်အခံ နိုင်ငံရေးပါတီအနေနဲ့ ရပ်တည်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က  တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက စစ်တွေမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးတခုအတွင်း ရခိုင်ပြည်နယ် အစိုးရကို ဦးဆောင်ဖွဲ့စည်းမယ်ဆိုတဲ့ ပြောဆိုချက်ကို တုံ့ပြန်လိုက်တာလို့  ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုကော်မတီဝင် ဦးဦးလှစောက ပြောပါတယ်။

“ကျနော်တို့က အစိုးရအသစ် ဖွဲ့စည်းတဲ့အခါမှာ ဘယ်လိုတည်ဆောက်ကြမလဲပေါ့ဗျာ။ နိုင်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီဟာ ရှေ့ကို စခန်းသွားဖို့ဆိုရင် ကျနော်တို့ မျှော်လင့်တာက တာဝန်ရှိတဲ့ နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်တွေ ပါတီချင်း ဆက်ဆံရေးနဲ့ နိုင်ငံရေးစကား ပြောချင်တယ်၊ ဆွေးနွေးချင်တယ်။ ဒီကနေ့ ပြောနေတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုတာကို ကျနော်တို့ ရခိုင်ပါတီနဲ့ အန်အယ်လ်ဒီကြားမှာ ရှိမယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း ဖြစ်လာတဲ့အခါကျတော့ တဘက်က အဲလို သဘောထားကို မတွေ့ရဘူး။ မတွေ့ရဘဲနဲ့ ၉ ယောက်ထဲနိုင်တဲ့ ပါတီတခုဟာ ရခိုင်ပြည်နယ်မှာ အစိုးရဖွဲ့မယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောလာတယ်ပေါ့နော်။ ကျနော်တို့ပါတီက ၂၃ ယောက်နိုင်တဲ့ပါတီနဲ့ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့ဟာကို အန်အယ်လ်ဒီမှာ သဘောထားမရှိဘူး ဆိုတာကို ကျနော်တို့ တွေ့လာရတယ်။ ဒီအတွက် ကျနော်တို့ စိတ်မကောင်းဘူး။ တဘက်ကလည်း စိတ်ပျက်တယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးဖို့ ဆန္ဒရှိရင် လက်ခံဆွေးနွေးသွားမယ်လို့လည်း ရခိုင်အမျိုးသားပါတီရဲ့ ဇန်န၀ါရီ ၁၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ လမ်းလှမ်းထားပါတယ်။

ဦးဦးလှစောက "ကျနော်တို့က ဆွေးနွေးဖို့ အသင့်ရှိပါတယ်။ မဆွေးနွေးဘူး ဆိုလို့ရှိရင်လည်း အန်အယ်လ်ဒီလုပ်ပါ။ ကျနော်တို့အနေနဲ့ကတော့ ဒီနိုင်ငံရေးလုပ်တယ်ဆိုတာ ကျနော်တို့ တိုင်းပြည်တိုးတက်ဖို့၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်တာပဲ။ တဘက်တလမ်းကတော့ ကျနော်တို့နေမယ်။ ကျနော်တို့အနေနဲ့ အန်အယ်လ်ဒီက အဲလို ပူးပေါင်းလုပ်ဆောင်လိုတဲ့ သဘောထားမရှိဘူး။ အဲလိုပါတီကြီးတခုရဲ့ သဘောထားမျိုးနဲ့ ကျနော်တို့နဲ့ မဆွေးနွေးဘဲ သွားမယ်ဆိုလို့ရှိရင် ကျနော်တို့အနေနဲ့လည်း အန်အယ်လ်ဒီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ထဲမှာ အတိုက်အခံအနေနဲ့ ရပ်တည်မယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောတာပါ။” လို့ ပြောပါတယ်။

ဒါ့အပြင် အန်အယ်လ်ဒီဟာ တနိုင်ငံလုံးမှာ အများဆုံးနဲ့ အနိုင်ရနေပေမယ့် ရခိုင်ပြည်နယ်မှာ အနိုင်ရပါတီကြီး မဟုတ်တဲ့အတွက် ရခိုင်ပြည်နယ်အတွက် နိုင်ငံရေး ဖွံ့ဖြိုးရေးကို လုပ်ဆောင်မယ်ဆိုရင် ရခိုင်တိုင်းရင်းသားပါတီနဲ့ ဆွေးနွေးရမယ်လို့လည်း ဦးဦးလှစောက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ ဦးဝင်းထိန်ကို မေးမြန်းရာမှာတော့ သူတို့အနေနဲ့ ဒီကိစ္စပေါ် ဘာမှပြောဆိုထားတာ မရှိသေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ကလည်း ဘာမှမပြောဘူး။ သူတို့ပြောတာလည်း ကျနော်တို့ မသိသေးဘူး။ အဲဒီ မှတ်ချက် မပေးနိုင်သေးဘူး။”

ရခိုင်ပြည်နယ်မှာ မဲဆန္ဒနယ် ၃၅ ခုရှိပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက ၂၃ နေရာနဲ့ အများစုအနိုင်ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၉ နေရာ အနိုင်ရထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013