DVB Logo
Home
Lead Story
‘ပြည်သူတွေအတွက် မလိုလားအပ်တဲ့ ပုဒ်မတွေ၊ ဥပဒေတွေကို ပြင်ဆင်နိုင်မယ်၊ ပယ်ဖျက်နိုင်မယ်လို့ မျှော်လင့်တယ်’…. ဦးအေးသာအောင်
DVB
·
January 20, 2016
‘ပြည်သူတွေအတွက် မလိုလားအပ်တဲ့ ပုဒ်မတွေ၊ ဥပဒေတွေကို ပြင်ဆင်နိုင်မယ်၊ ပယ်ဖျက်နိုင်မယ်လို့ မျှော်လင့်တယ်’…. ဦးအေးသာအောင်
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဒုတိယမြောက် ကိုယ်စားလှယ်အများဆုံး ရွေးကောက်ခံရတဲ့ ရခိုင်အမျိုးသားပါတီက ခေါင်းဆောင်၊ ၉၀ ရွေးကောက်ခံ ကိုယ်စားလှယ် ဦးအေးသာအောင်က မနေ့တုန်းက နေပြည်တော်က လွှတ်တော်ကို သွားရောက်လေ့လာခဲ့ပါတယ်။

လွှတ်တော်ကို လေ့လာရတဲ့ အကြောင်းအရင်းနဲ့ ရှေ့ဆက် ရခိုင်အမျိုးသားပါတီအနေနဲ့ လုပ်ဆောင်မယ့် အရာတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားပါတယ်။

အန်ကယ် ဦးအေးသာအောင်အနေနဲ့ မနေ့က လွှတ်တော်ကို သွားရောက်လေ့လာခဲ့တယ်ဆိုတော့ ဘာကြောင့် သွားလေ့လာရတာလဲ ပြောပြပေးပါဦး။

“အန်ကယ်က လွှတ်တော်နဲ့ပတ်သက်လို့ ဘာအတွေ့အကြုံမှ မရှိခဲ့ဘူး။ အပြင်မှာ ဖတ်မှတ်တယ်၊ ပြီးတော့ သတင်းစာမှာ ဖတ်မှတ်တယ်။ ဒီလောက်ပဲသိတယ်။ တကယ်လွှတ်တော်အတွင်းမှာ ပြုမူဆောင်ရွက်ကြတဲ့၊ ဆွေးနွေးကြတဲ့၊ မေးမြန်းကြတဲ့ ကိစ္စများကိုတော့ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လေ့လာဖို့အတွက် အခွင့်အလမ်းရှိတယ်လို့ သိရတယ်။ အဲဒါကြောင့် အန်ကယ်က စာရင်းပေးတဲ့အခါမှာ သူတို့ခွင့်ပြုပါတယ်။ စာရင်းကြိုတင်ပေးရတယ်။ စာရင်းကြိုတင်ပေးတာ ခွင့်ပြုတော့ မနေ့က အန်ကယ် ပြည်သူ့လွှတ်တော်မှာ မနက်ပိုင်း သွားခွင့်ရတယ်။ နေ့လယ်မှာတော့ ပြည်ထောင်စုလွှတ်တော်ကို လေ့လာခွင့်ရတယ်။ အဲတော့ လွှတ်တော်မှာ ဆက်ပြီး လေ့လာသူအနေနဲ့ လေ့လာခွင့်ပေးပါတယ်။ ဒါပေမယ့် ဒီနေ့ စစ်တွေကိုသွားရမယ်ဆိုတာနဲ့ ဆက်နေလို့ မရတော့ဘူး။ ညက ပြန်လာတယ်။ ပြီးတော့ ဒီနေ့ညနေ work shop အတွက် စစ်တွေကို သွားမှာပါ။”

လွှတ်တော်ကို သွားလေ့လာတဲ့အခါမှာ အန်ကယ် ဘယ်လိုမြင်လဲ။

“ကျနော်က စပြီး တရက်ပဲလေ့လာခဲ့တော့ ပြည်သူ့လွှတ်တော်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းတွေမေးတယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပြန်ဖြေကြားတယ်။ ပြည်ထောင်စုလွှတ်တော်မှာက ပြည်ထောင်စုက ချပေးလိုက်တဲ့ ဘတ်ဂျက်အတွက် ၀န်ကြီးဌာန အသီးသီးက ကြိုတင်ပြင်ထားတဲ့ လုပ်ဖို့အတွက် ငွေကြေးတွေကို လွှတ်တော်ကို တင်ထားတာရှိတယ်။ တင်ပြတဲ့ဟာကို ပူးပေါင်းကော်မတီက တချို့ငွေကြေးတွေကို ဖြတ်တောက်တယ်။ ဖြတ်တောက်ပြီးတော့ အတည်ပြုတယ်။ မနေ့ကတော့ အဲဒါတွေကို လေ့လာခဲ့ရတယ်။ ကျနော်ကတော့ ဘာမှ သိပ်အတွေ့အကြုံ မရှိသေးဘူး။ တရက်ပဲဆိုတော့။”

အန်ကယ်အပါအ၀င် ၁၉၉၀ ခုနှစ်တုန်းက အနိုင်ရထားတဲ့ စီအာပီပီ ခေါင်းဆောင်တွေက ဒီလာမယ့်လွှတ်တော်မှာ ၀င်တော့မယ်ဆိုတော့ အန်ကယ်တို့ လက်ရှိလွှတ်တော်ထက် ဘာတွေ လုပ်နိုင်မယ်လို့ ထင်ပါသလဲ။

“အရင်လွှတ်တော်နဲ့တော့ မတူတော့ဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေးကို ဆောင်ရွက်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရတယ်။ ပြည်သူ့လွှတ်တော်မှာရော၊ အမျိုးသားလွှတ်တော်မှာရော အင်နဲ့အားနဲ့ အနိုင်ရထားတယ်။ ဒါ့အပြင် ယူအန်အေအဖွဲ့ဝင် ပါတီတွေကလည်း ပြည်ထောင်စုလွှတ်တော်ကို ၄၀ နီးပါးလောက် တက်ရောက်ခွင့်ရမယ်။ ဆိုတော့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်အတွင်းမှာ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေးအတွက် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ပြည်သူတွေအတွက် မလိုလားအပ်တဲ့ ပုဒ်မတွေ၊ ဥပဒေတွေကို ပြင်ဆင်နိုင်မယ်၊ ပယ်ဖျက်နိုင်မယ်လို့ မျှော်လင့်တယ်။ နောက်တခုက ပြည်သူတွေအကျိုးကို ဖြစ်စေမယ့် ဥပဒေတွေ၊ ပုဒ်မတွေကို ပြဋ္ဌာန်းနိုင်မယ်လို့ မျှော်လင့်တယ်။ အထူးသဖြင့် ပြည်တွင်းစစ်ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် အနိုင်ရပါတီဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးအတွက်၊ ပြည်ထောင်စု ဖော်ဆောင်ရေးအတွက် ဆောင်ရွက်တဲ့အခါမှာ အရင်လွှတ်တော်ထက် ပိုပြီးတော့ အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် ဒီ မတရားဥပဒေတွေကို ပယ်ဖျက်ဖို့၊ ပြင်ဆင်ဖို့ အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်သူတွေအကျိုးရှိမယ့် အဆိုတွေ တင်သွင်းတဲ့အခါမှာလည်း အောင်မြင်မယ်လို့ မျှော်လင့်တယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွက် ၂၀၀၈ ဖွဲ့စည်းပုံ မပြင်မဖြစ် ပြင်ကြရမှာပါ။ ဒီလိုပြင်ဖို့ ကြိုးပမ်းတဲ့အခါမှာလည်း အခက်အခဲတွေ၊ အဟန့်အတားတွေ ရှိကောင်းရှိဦးမယ်။ ဒါပေမယ့် အရင်ထက်စာရင် ကြိုးပမ်းအားထုတ်မှုက ပိုပြီးတော့ အားရှိလာမယ်လို့ ပြောချင်ပါတယ်။”

အန်ကယ်တို့ ရခိုင်အမျိုးသားပါတီက ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်မှာ ဘယ်နှစ်နေရာ အနိုင်ရထားလဲ။

“အမျိုးသားလွှတ်တော်မှာ ၁၀ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၁၂ နေရာ၊ ပြည်နယ်မှာက ၂၂ နေရာ အနိုင်ရထားပါတယ်။”

ဆိုတော့ အန်ကယ်တို့အနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၀င်သွားလို့ အန်အယ်လ်ဒီက အစိုးရအသစ်အနေနဲ့ ရပ်တည်မယ်ဆိုရင် အန်ကယ်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့က အန်အယ်လ်ဒီနဲ့ ပူးပေါင်းဆောင်ရွက်မှာလား သို့မဟုတ် အတိုက်အခံအနေနဲ့ ရပ်တည်မှာလား။ ဘယ်လိုအနေနဲ့ ရပ်တည်မလဲ။

“အဓိကကတော့ အစိုးရဖွဲ့စည်းရေးမှာ အန်အယ်လ်ဒီက ပြောထားတယ် အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ ပြည်နယ်အစိုးရတွေမှာလည်း အရည်အချင်း၊ အရည်အသွေးရှိတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားထဲက ပုဂ္ဂိုလ်တွေ ပါမယ်လို့ ပြောထားတယ်။ ဒါက တပိုင်းပေါ့။ လွှတ်တော်ထဲမှာတော့ ကျနော်တို့အမြင်က တကယ့် ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး ကိစ္စများနဲ့ ပတ်သက်လို့တော့ ပူးပေါင်းဆောင်ရွက်ရမယ့် သဘောရှိတယ်။ သို့သော် တချို့ မတူကွဲပြားတဲ့ ကိစ္စတွေမှာတော့ သီးခြားရပ်တည်သွားမယ့် သဘောထားလည်း ရှိပါတယ်။”

အန်ကယ်တို့ ပြည်နယ်လွှတ်တော်မှာလည်း ၂၂ နေရာ ရထားတယ်ဆိုတော့ လာမယ့် မကြာခင်လမှာဆိုရင် ပြည်နယ်လွှတ်တော်မှာ ၀င်ရတော့မယ်ဆိုတော့ အန်ကယ်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ ပြည်နယ်အရေးအတွက် လက်ရှိ ပြည်နယ်လွှတ်တော်ထက်  ဘာတွေ လုပ်ပေးနိုင်မယ်လို့ထင်လဲ။

“ဘာပဲဖြစ်ဖြစ် အခုတက်လာမယ့် ပြည်နယ်အစိုးရအသစ်အနေနဲ့ပေါ့လေ၊ အဲဒီထဲမှာ ၀န်ကြီးချုပ် ဘယ်သူဖြစ်မလဲဆိုတာ ကျနော်လည်း မပြောတတ်သေးဘူး။ ရခိုင်အမျိုးသားပါတီကတော့ ပြည်နယ်အစိုးရကို ရခိုင်အမျိုးသားပါတီက ဖွဲ့စည်းနိုင်ရေးကို မျှော်လင့်တယ်။ ရည်ရွယ်ပြီးတော့လည်း ရွေးကောက်ပွဲကို ၀င်ခဲ့တယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အဟန့်အတားကြောင့် ဘယ်လိုဖြစ်လာမယ်ဆိုတာ ကျနော်တို့ ပြောဖို့ခက်တယ်။ သို့သော် အခုတက်လာမယ့် အစိုးရသစ်ကတော့ အရင်အစိုးရ အဆက်ဆက်လို ကိုယ်ကျိုးရှာ၊ မိသားစုကောင်းစားရေးအတွက် လုပ်လို့တော့မဖြစ်ဘူး။ တကယ့် ဆင်းရဲတဲ့ ပြည်နယ်တခုမှာရှိတဲ့ ပြည်သူတွေအတွက်ကို ဆောင်ရွက်ဖို့လိုမယ်။ အဲလိုဆောင်ရွက်လာရင် အဓိက ပြည်ထောင်စုက ချပေးလိုက်တဲ့ ဘတ်ဂျက်ငွေတွေကို မယိုမဖိတ်အောင် ထိထိမိမိ အကျိုးရှိရှိ ဆောင်ရွက်ဖို့လိုမယ်။ အလားတူ ပြည်နယ်အတွက် စီမံကိန်းတွေကိုလည်း ပြည်နယ်အကျိုးရှိအောင် ဆောင်ရွက်ဖို့လိုမယ်။ ဒါကြောင့် အခု ပြည်နယ်အစိုးရသည် အရည်အချင်း၊ အရည်အသွေး ရှိရုံသာမက ပြည်သူတွေကို အကျိုးပြုမယ့် စိတ်ဓာတ် ခံယူချက်ရှိတဲ့ ၀န်ကြီးတွေ ပါလာဖို့လိုတယ်။ ပါလာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

ဆိုတော့ အန်အယ်တို့ ရခိုင်အမျိုးသားပါတီတွေအနေနဲ့ လွှတ်တော်ထဲဝင်တဲ့အခါမှာ အခုလက်ရှိ လွှတ်တော်ထက် ဘာတွေ ပိုလုပ်နိုင်မယ်လို့ထင်လဲ။

“ဘာပဲဖြစ်ဖြစ် ရခိုင်အမျိုးသားပါတီက အရင်လွှတ်တော်အတွေ့အကြုံလည်း ရှိထားပြီးပြီ။  ၂၀၁၀ လွှတ်တော်အတွေ့အကြုံရှိတယ်။ အဲလို အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ပြန်ပါတယ်။ အခု လွှတ်တော်ကိုယ်စားလှယ်ထဲမှာ ငယ်ရွယ်တဲ့၊ တက်ကြွတဲ့၊ ပညာတတ်တဲ့ လူငယ်တွေလည်း ပါလာတယ်။ ဆိုတော့ အရင်လွှတ်တော်ထက်တော့ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်နယ်အကျိုး၊ ပြည်သူတွေရဲ့ အကျိုးကိုပြုမယ့် ဥပဒေကို ပြဋ္ဌာန်းနိုင်လိမ့်မယ်လို့ ထင်တယ်။ ပြည်သူတွေကို အကျိုးမပြုတဲ့ ဥပဒေတွေကိုလည်း ပယ်ဖျက်တာ၊ ပြင်ဆင်တာတွေ ပိုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ရခိုင်ဝန်ကြီးချုပ် ခန့်အပ်တဲ့အခါမှာဆိုရင်လည်း အန်ကယ်တို့အနေနဲ့က ဘယ်လိုဝန်ကြီးချုပ် ခန့်အပ်စေချင်လဲ။

“ကျနော်တို့ကတော့ ရခိုင်အမျိုးသားပါတီက အနိုင်ရထားတဲ့ အပေါ်မှာတော့ ပြည်နယ်ဝန်ကြီးကို ပါတီရဲ့ ရည်ရွယ်ချက်မှာလည်းရှိတယ်။ ပြီးတော့ ပြီးခဲ့တဲ့ ပါတီ စီအီးစီအစည်းအဝေးမှာ အန်အယ်လ်ဒီက တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ရင် ဆွေးနွေးဖို့အတွက်လည်း ကိုယ်စားလှယ် ၃ ယောက် ရွေးထားတယ်။ အဲလို ဆွေးနွေးတဲ့အခါမှာ ဒါတွေကိုပြောဖို့တော့ ရည်ရွယ်ချက်ရှိတယ်။ ဒါပေမယ့် အခုချိန်ထိတော့ တွေ့တာဆုံတာ မရှိသေးပါဘူး။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013