DVB Logo
Home
မြန်မာသတင်း
ကချင်ဆရာမ ၂ ဦး အသတ်ခံရမှု တရားခံကို ဖမ်းဆီးအပြစ်ပေးနိုင်ခြင်း မရှိသေး
DVB
·
January 19, 2016
ကချင်ဆရာမ ၂ ဦး အသတ်ခံရမှု တရားခံကို ဖမ်းဆီးအပြစ်ပေးနိုင်ခြင်း မရှိသေး
Donate to DVB

ရှမ်းပြည်နယ် မူဆယ်မြို့နယ် ကောင်းခါးကျေးရွာမှာ ကချင်ကျောင်းဆရာမ ၂ ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတာ တနှစ်ပြည့်တဲ့အထိ တရားခံကို ဖမ်းဆီးအပြစ်ပေးနိုင်ခြင်း မရှိသေးတဲ့အတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့ ကချင်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ကောင်းခါးကျေးရွာမှာ စေတနာ့ဝန်ထမ်း ဆရာမလုပ်ဖို့  ကချင်နှစ်ချင်းခရစ်ယာန်  အသင်းချုပ်က စေလွှတ်ထားတဲ့ မမရန်လုရာ (၂၀ နှစ်) နဲ့ မတန်ဘောင်ခေါန်နန်းစင် (၂၁ နှစ်) တို့ဟာ ၂၀၁၅ ဇန်န၀ါရီလက မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတာပါ။

အဲဒီအမှုမှာ တရားခံကို ဖမ်းဆီးရမိနိုင်တဲ့ သက်သေအထောက်အထားတွေ  ပြည့်စုံစွာရှိပေမယ့် ရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးအပြစ်ပေးနိုင်ခြင်း မရှိလို့  လက်ရှိအစိုးရကိုရော နောင်တက်လာမယ့် အစိုးရသစ်ကိုပါ အမှုမှန်ဖော်ထုတ်ပေးဖို့ တောင်းဆိုတာလို့ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး မဆိုင်းဇင်က ပြောပါတယ်။

“ဒီအမှုက အမှန်ဆိုရင် အမှုမှန်ပေါ်ပေါက်ဖို့ လွယ်တယ်ပေါ့နော်၊ စုံစမ်းရင် စုံစမ်းသလို လျှင်မြန်နိုင်တယ်၊ ဒါပေမယ့် ဆရာမ ၂ ဦး အသတ်ခံရတာ တနှစ်တောင်ရှိပြီ၊ အမှုမှန်ပေါ်ဖို့  ကေဘီစီ (ကချင်နှစ်ချင်းခရစ်ယာန်အသင်းချုပ်) နဲ့ ရဲတပ်ဖွဲ့ကလည်း ပူးတွဲကော်မတီ ဖွဲ့ထားတာရှိတယ်၊ ဒါပေမယ့် မြန်မာရဲတပ်ဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက မထိရောက်ဘူး၊ ကေဘီစီကို သူတို့က ပြောင်းပြန် ပြန်ပြီး စွပ်စွဲတာရှိတယ်၊ သက်သေဖြစ်တဲ့ ရွာသားတွေပါ ခြိမ်းခြောက်ခံရတာတွေရှိတယ်၊ ကျမတို့ ကချင်အဖွဲ့က ရရှိထားတဲ့ သက်သေ အချက်အလက်တွေအရ ကျူးလွန်သူဟာ အစိုးရစစ်တပ်ဘက်က ဖြစ်တယ်ဆိုတာ သုံးသပ်လို့ရတယ်၊ ရဲတပ်ဖွဲ့က ဒါကို ခုထိ ထိထိရောက်ရောက် ထုတ်ဖော်နိုင်ခြင်း မရှိတာဟာ အမှန်ကိုဖုံးကွယ်ပြီး စစ်တပ်ကို အကာအကွယ်ပေးနေတာ၊ နိုင်ငံတော်ရဲ့ တရားမျှတမှုကို မဖော်ဆောင်နိုင်သေးဘူးလို့ ပြောချင်ပါတယ်။”

ကချင်ဆရာမ ၂ ဦး အသတ်ခံတဲ့ ၁ နှစ်ပြည့်တဲ့ ဒီကနေ့မှာ ကချင်အမျိုးသမီးများ အစည်းအရုံး (ထိုင်းနိုင်ငံ) နဲ့ ဥပဒေအထောက်အကူပြု ကွန်ရက်တို့က “တရားမှုရှာဖို့ နှောင့်နှေးခြင်းမှာ တရားမှုကို ငြင်းပယ်ခြင်းပါ” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာကို ထုတ်ပြန်လိုက်ပါတယ်။

ဆရာမ ၂ ဦး အသတ်ခံရတဲ့ကိစ္စမှာ အခင်းဖြစ်စဉ်က ရွာထဲမှာ ရောက်ရှိနေတဲ့ ခမရ (၅၀၃) စစ်ကြောင်းနဲ့ စစ်ကြောင်းမှူးကို အဓိက သံသယအရှိဆုံးဖြစ်ကြောင်း စာမျက်နှာပေါင်း ၁၀၀ ကျော်ပါရှိတဲ့ ဒီအစီရင်ခံစာမှာ သုံးသပ်ဖော်ပြထားပါတယ်။

အစီရင်ခံစာ ဖြန့်ဝေခြင်းနဲ့ သတင်းစာရှင်းလင်းပွဲကိုတော့ ဇန်န၀ါရီ ၁၉ ရက် မနက်က  ရန်ကုန်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွေမှာ တပြိုင်နက်တည်း ကျင်းပပြီး ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကို အသိပေး ရှင်းလင်းပြောကြားခဲ့ပါတယ်။

စစ်တပ်ပိုင် မြ၀တီသတင်းဌာနကတော့ ဒီလူသတ်မှုကို တပ်မတော်သားတွေ ကျူးလွန်တယ်လို့ စွပ်စွဲပြောဆိုမှုတွေ၊ မဟုတ်မမှန် လုပ်ကြံရေးသား ပြောဆိုတဲ့သူတွေကို တရားဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မှုခင်းပိုင်းဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးဖော်ထုတ်ချက်တွေအရ တရားခံဟာ တပ်မတော်သားတွေ ဖြစ်နိုင်ဖွယ်ရာ မရှိကြောင်း သုံးသပ်တယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013