DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများလွှတ်ရန် အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
DVB
·
January 19, 2016
နိုင်ငံရေးအကျဉ်းသားများလွှတ်ရန် အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
1 / 5
Donate to DVB

ဖမ်းဆီးတရားစွဲခံနေရတဲ့ သပိတ်မှောက်ကျောင်းသားတွေ အပါအ၀င် လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို အစိုးရသစ်မတက်ခင် ပြန်လွှတ်ပေးဖို့ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အင်တိုနီ ဘလင်ကင်က သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီးက ဇန်န၀ါရီ ၁၈ ရက် နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ သီးခြားတွေ့ဆုံပြီး ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကူညီပေးရေးကိစ္စတွေ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ခရီးစဉ်နဲ့ ပတ်သက်ပြီး နေပြည်တော်မှာ မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ လူ့အခွင့်အရေးကိုလည်း အပြည့်အဝ ကာကွယ်ပေးဖို့ မစ္စတာ ဘလင်ကင်က အလေးထား ပြောကြားသွားပါတယ်။

မြန်မာ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ရဲ့ လက္ခဏာတရပ်က နိုင်ငံရေးအကျဉ်းသား ၁၃၀၀ ကျော်ကို ပြန်လွှတ်ပေးတာဖြစ်တယ်၊ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေဆဲဖြစ်ပြီး တချို့က တရားစွဲဆိုခံနေရတယ်၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးပြီးမှ အသွင်ကူးပြောင်းရေး ပြီးပြည့်စုံမယ်၊ အစိုးရသစ် တာဝန်ယူချိန်မှာ နိုင်ငံရေးအမြင်တွေကြောင့် ထောင်ကျသူ တဦးတယောက်မှ မရှိတော့မှာ ဖြစ်တယ်လို့  သမ္မတနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် ငြိမ်းချမ်းအောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်အောင် အတူတကွ လုပ်ဆောင်ခဲ့ကြတဲ့ မြန်မာပြည်သူတွေအတွက် ဂုဏ်ယူတဲ့အကြောင်း၊ ရွေးကောက်ပွဲဟာ မြန်မာ့ဒီမိုကရေစီခရီးမှာ သိသာထင်ရှားတဲ့ ရှေ့ကိုသွားတဲ့ ခြေလှမ်းဖြစ်တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာတော့ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တာအတွက် ချီးကျူးဂုဏ်ပြုခဲ့ပြီး အသစ်ဖွဲ့စည်းမယ့် အစိုးရအတွက် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုများစွာရှိနေကြောင်း၊  သမ္မတ အိုဘားမား ပေးခဲ့တဲ့ကတိကို ထပ်လောင်းအတည်ပြုကာ မြန်မာနိုင်ငံသားအားလုံးရဲ့ ဘဝတွေ တိုးတက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက အစိုးရသစ်ရဲ့ မိတ်ဘက်အဖြစ် ဆက်လက်ရှိနေမယ်လို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒု-ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံရာမှာတော့   တပ်မတော်က လာမယ့် အစိုးရသစ်နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေ၊ တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ၊ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ ဆက်လက်ဆောင်ရွက်သွားမယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းမှာ ရေးပါတယ်။

အမေရိကန်အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အပါအ၀င် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍ မြှင့်တင်ဖို့အတွက် ၂ဝ၁၂ ခုကတည်းက အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ကျော် မြန်မာနိုင်ငံကို ထောက်ပံ့ပေးခဲ့တယ်လို့ အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အင်တိုနီ ဘလင်ကင်နဲ့ အဖွဲ့ဟာ ခုသီတင်းပတ်အတွင်း ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနဲ့ မြန်မာ စတဲ့ အာရှနိုင်ငံတွေကို ချစ်ကြည်ရေးခရီး လှည့်လည်နေတာဖြစ်ပြီး မြန်မာနိုင်ငံကိုတော့ ဇန်န၀ါရီ ၁၇ ရက်နေ့က ရောက်ရှိလာတာပါ။

ဓာတ်ပုံ - အမေရိကန်သံရုံး (ရန်ကုန်) ဖေ့စ်ဘွတ်ခ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013