DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းလောင်စာဆီဈေးနှုန်းများ လျှော့ချသတ်မှတ်
DVB
·
January 19, 2016
ပြည်တွင်းလောင်စာဆီဈေးနှုန်းများ လျှော့ချသတ်မှတ်
Donate to DVB

မြန်မာပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေကို ဒီကနေ့ ဇန်န၀ါရီ ၁၉ ရက်က စတင်ပြီး  တလီတာကို ပျမ်းမျှ ကျပ် ၅၀ ကနေ ၁၀၀ အကြား လျှော့ချရောင်းပေးဖို့ စီစဉ် ဆောင်ရွက်ထားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ကမ္ဘာ့ရေနံဈေးတွေ ကျဆင်းလာပြီး မြန်မာ့ရေနံနဲ့ စက်သုံးဆီ ဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေတာကို ကာကွယ်တားဆီးဖို့အတွက် စွမ်းအင်ဝန်ကြီးဌာနနဲ့ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်းတို့ ပူးပေါင်းပြီး ဈေးနှုန်းကျဆင်းရေး ဆောင်ရွက်နေတာလို့ ဆိုပါတယ်။

ဈေးနှုန်းတွေ လျှော့ချ ရောင်းချပေးဖို့ကို စက်သုံးဆီ အရောင်းဆိုင်တွေထံ အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Max Energy ဆီအရောင်းဆိုင်ကတော့ ပြီးခဲ့တဲ့ ညသန်းခေါင်အချိန်ကစပြီး ရန်ကုန်က သူ့ရဲ့ ဓာတ်ဆီအရောင်းဆိုင်တွေမှာ ဆီဈေးနှုန်းတွေ စတင်လျှော့ချ ရောင်းပေးနေပြီလို့ အရောင်းဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီဇယ်က တလီတာကို ကျပ် ၅၀၀၊ ပရီမီယံဒီဇယ်က ၅၆၀ ကျပ်၊ အောက်တိန်း 92 က ၅၅၀ ကျပ်၊ အောက်တိန်း 95 က ၆၆၀ ကျပ် ဒီနေ့ကစချတာ၊ မနေ့ည ၁၂ နာရီကနေပြီး စချတာ၊  ဒီဇယ်ဆိုရင်တော့ ၇၀ ကျသွားတယ်၊ ပရီမီယံဒီဇယ်ဆိုရင် ၅၀ ကျတယ်၊ 92 ဆိုရင် ၆၀ ကျတယ်၊ 95 ဆိုရင် ၅၀ ကျတယ်၊ ကျနော်တို့ဆီဆိုင်တွေ မက်စ်ဆီဆိုင်တွေ ရန်ကုန်မှာ ဆီဆိုင်အကုန်လုံးကိုချတာ။”

မန္တလေး၊ နေပြည်တော် အပါအ၀င် တခြားမြို့တွေမှာတော့ ဆီဈေးနှုန်းတွေ ကျဆင်းခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းကတော့ အသင်းရုံးက အပတ်စဉ် ထုတ်ပြန်ပေးနေတဲ့ ဆီဈေးနှုန်းတွေနဲ့ အရောင်းဆိုင်တွေမှာ ရောင်းချပေးနေတဲ့ လက်လီဈေးတွေ များစွာကွာဟနေတာ တွေ့ရလို့ သတ်မှတ်ဈေးနှုန်းထက် ပိုမရောင်းချကြဖို့နဲ့ မန္တလေးတိုင်းအတွင်းရှိ ဆိုင်တွေအနေနဲ့ ရန်ကုန်ဈေးနှုန်းနဲ့ ထိန်းညှိရောင်းချဖို့ စက်သုံးဆီ တင်သွင်းရောင်းချတဲ့ ကုမ္ပဏီတွေကို ဇန်န၀ါရီ ၁၈ ရက် နေ့စွဲနဲ့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

အသင်းက နောက်ဆုံး သတ်မှတ်ထုတ်ပြန်ထားတဲ့ စက်သုံးဆီ ရောင်းဈေးတွေကတော့ ဒီဇယ် တလီတာ ၅၀၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တလီတာ ၅၆၀ ကျပ်၊ 92 တလီတာ ၅၅၀ ကျပ်၊  95 တလီတာ ၆၆၀ ကျပ် ဖြစ်ပါတယ်။

စက်သုံးဆီဆိုင်တွေအနေနဲ့ ဈေးနှုန်းမြင့်တက် ရောင်းချခြင်း မပြုလုပ်ဖို့ ညွှန်ကြားထားပြီး ဈေးနှုန်းမြင့်တက်ပါက သတိပေး အရေးယူသွားမှာဖြစ်ကြောင်းနဲ့ မလိုက်နာရင် အရေးယူ ဆောင်ရွက်မှုတွေ မကြာခင် စတင်သွားမယ်လို့ ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရောင်းချလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013